အိန္ဒိယနိုင်ငံ၏ နွားနို့ပညာရှင်ကိုယ်ရေးမှတ်တမ်းနှင့် အဖြူရောင်တော်လှန်ရေး

18/09/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (90)  Best-selling Autobiography of the milkman of India and White Revolution in India

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - ၉၀

မိတ်ဆက် (Introduction) 

ကျွန်တော်၏မိတ်ဆွေ ဆရာဦးဂျိုးထွန်းစိန်သည် နွားနို့သောက်သုံးခြင်းကို ပညာပေးသည့် အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုအကြောင်းကို ရေးသားထားသော ‘ငါ့မှာလည်း အိမ်မက်တွေရှိပါတယ် (I too had a Dream)’ ဆိုသည့် နာမည်ကျော်စာအုပ်ကို လက်ဆောင်ပေးလာပါသည်။ အားသည့်အချိန်များတွင်ဖတ်ရှုထားသည့် အကြောင်းအရာများကို ကျွန်တော့်အစိမ်းရောင်လမ်းစာဖတ်ပရိတ်သတ်များကို  မျှဝေပေးချင်လာ၍ စိုက်ပျိုးရေးသီးနှံများ အကြောင်းရေးရင်း ကြားဖြတ်ဆွေးနွေးတင်ပြလိုပါသည်။

ပုံ - ၁ ‘ငါ့မှာလည်း အိမ်မက်တွေရှိပါတယ် (I too had a Dream)’ နာမည်ကျော်စာအုပ်

သူ၏ကိုယ်ရေးအကျဉ်း (His Brief Biography)

ဒေါက်တာဗာဂီးဆီးကူရီယမ် (Dr Verghese Kurien) ကို အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ် (Kerala State) ၊ ဇီကုတ်ခရိုင် (Kozhikode District)၊ ကယ်လီကတ်မြို့ (Calicut City) တွင် ၁၉၂၁-ခုနှစ် နိုဝင်ဘာလ ၂၆-ရက်နေ့၌ မွေးဖွားခဲ့ပါသည်။ မဒရပ်စ်တက္ကသိုလ် (Madras University) မှ စက်မှုအင်ဂျင်နီယာဘွဲ့ (Bachelor of Mechanical Engineering)  နှင့် အမေရိကန်နိုင်ငံ မီရှိကန်ပြည်နယ်တက္ကသိုလ် (Michigan State University, US) တို့မှ မဟာသိပ္ပံနှင့်အင်ဂျင်နီယာပညာ (Master of Science and Mechanical Engineering Degree) ဘွဲ့များရရှိခဲ့ပါသည်။ ထို့နောက်နွားနို့ဆိုင်ရာ အင်ဂျင်နီယာပညာ (Dairy Engineering) ကို တစိုက်မတ်မတ်လေ့လာသုတေသနပြုရင်း နိုင်ငံအတွက် အကျိုးပြုလုပ်ငန်းများစွာ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့်ပင် ကမ္ဘာ့တက္ကသိုလ်များစွာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Honorary Doctorate Degrees) ကို ချီးမြှင့်ခဲ့ပါသည်။ 

ပုံ - ၂ အဖြူရောင်နွားနို့တော်လှန်ရေးစတင်ခဲ့သူ ဒေါက်တာဗာဂီးဆီးကူရီယမ်

သူသည် အိန္ဒိယနိုင်ငံ၏ နွားနို့မြို့တော် (Anand, Milk Capital of India) ဖြစ်သည့် ဂူဂျရတ်ပြည်နယ် (Gujarat State) ရှိ နို့နှင့်နို့ထွက်လုပ်ငန်း (Dairy Enterprise) တွင် စတင်အလုပ်ဝင်ရောက်ခဲ့ပြီးနောက် ကိုင်ရာခရိုင်နွားနို့ထုတ်လုပ်မှု သမဝါယမအသင်း (Kaira District Cooperative Milk Producers Union Lts.) ယခု အာမျူး (Amul) တွင် သွားရောက်လုပ်ဆောင်ပြီးနောက် နောက်ဆုံးနိုင်ငံတော်နို့နှင့်နို့ထွက်ပစ္စည်း ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (National Dairy Development Board) တွင် ဥက္ကဌ (Chairman) အဖြစ်လုပ်ဆောင်ခဲ့ပါသည်။

ပုံ - ၃ အာမျူး နွားနို့ထုတ်လုပ်သော စက်ရုံ

ဒေါက်တာ ကူရီယမ်သည် ၁၉၆၆-ခုနှစ်တွင် ရာမွန်မဆေးဆေးဆု (Ramon Magsaysay Award)၊ ၁၉၈၆-ခုနှစ်တွင် ဝါတလာငြိမ်းချမ်းရေးဆု (Wateler Peace Prize)၊ ၁၉၈၉-ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာဆု (World Food Prize)စသည့် ဆုများစွာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ကျေးလက်ဒေသစီမံခန့်ခွဲရေးသုတေသနဌာန (Institute of Rural Management) ဥက္ကဌ၊ ဂူဂျာရတ်ပြည်နယ် နွားနို့ရောင်းဝယ်ရေး သမဝါယမအဖွဲ့ချုပ် (Gujarat Cooperative Milk marketing Federation) ဥက္ကဌနှင့် နောက်ဆုံးတစ်နိုင်ငံလုံး နွားနို့ရောင်းဝယ်ထုတ်လုပ်ရေး သမဝါယမအဖွဲ့ချုပ် (National Cooperative Dairy Federation of India) ဥက္ကဌ တာဝန်များစွာတို့ကိုပါထမ်းဆောင်ခဲ့ပြီး အိန္ဒိယတစ်နိုင်ငံလုံး၏ နွားနို့ဖခင်ကြီး (The Father of Indial Milk) အဖြစ်သာမက ကမ္ဘာကျော်အဖြူရောင်တော်လှန်ရေး (White Revolution) ပညာရှင်ကြီး လည်းဖြစ်ပါသည်။ 

(ကျွန်တော်တို့ စိုက်ပျိုးရေးသမိုင်းတွင် ၁၉၇၀-ခုနှစ်၌ နိုဗလ်ဆုရရှိခဲ့သော စိုက်ပျိုးရေးပညာရှင် ဒေါက်တာနော်မန်ဘော့လော့ (Agricultural Scientist Dr Norman Borlaug) အစိမ်းရောင်တော်လှန်ရေးဖခင်ကြီး (Father of Green Revolution) လည်း ရှိခဲ့ပါသည်။)

ပုံ - ၄ ကမ္ဘာ့အစိမ်းရောင်တော်လှန်ရေး၏ ဖခင်ကြီးစိုက်ပျိုးရေးပညာရှင်( နိုဘယ်ဆုရှင်) ဒေါက်တာနော်မန်ဘော့လော့

အိန္ဒိယနိုင်ငံ၏ အစိမ်းရောင်တော်လှန်ရေး ဖခင်ကြီးမှာ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ အမ်အက်စ်ဆွာမိနာသန် ယခင်ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာ၊ ဖိလစ်ပိုင်နိုင်ငံ (Dr. M.S.Swaminathan, Former Director General, International Rice Research Institute, Philippines)  ဖြစ်ပြီး ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လည်း ၂၀၁၃-၁၄ ခုနှစ်များက လာရောက်ခဲ့ကာ အဆင့်မြင့်စိုက်ပျိုးရေးပညာနှင့်သုတေသနဌာန (Advanced Centre for Agricultural Research and Education - ACARE) ရရှိရေး အကောင်အထည်ဖော်ကြိုးစားသွားသူလည်း ဖြစ်ပါသည်။

ပုံ - ၅ အိန္ဒိယနိုင်ငံအစိမ်းရောင်တော်လှန်ရေး၏ ဖခင်ကြီး စိုက်ပျိုးရေးပညာရှင် ဒေါက်တာ အမ်အက်စ်ဆွာမိနာသန်

‘ငါ့မှာလည်း အိမ်မက်တွေရှိပါတယ် (I too had a Dream)’ နာမည်ကျော်စာအုပ်တွင် စာအုပ်ရေးသူအား ‘အိန္ဒိယနိုင်ငံ၏ ကံကောင်းမှုသည် ကိုယ်ကျိုးမကြည့်သည့် မျိုးချစ်ပညာရှင် ဒေါက်တာကူရီယမ် မွေးဖွားလာမှုဖြစ်ပြီး နိုင်ငံ၏ ဆင်းရဲသားများစွာတို့ အဆင့်အတန်းရှိရှိနေနိုင်အောင် လမ်းပြရှေ့ဆောင် လုပ်ပေးခဲ့ပါသည်’ ဟု ချီးကျူးဂုဏ်ပြုထားပါသည်။ 

အာနန်မြို့သည်လည်း အိန္ဒိယနိုင်ငံ၏ နွားနို့မြို့တော် (Milk City of India) ဟူ၍ထင်ရှား ပြီး နာမည်ကြီး အာနန်စိုက်ပျိုးရေးတက္ကသိုလ် (Anand Agricultural University) အဖြစ်လည်း တည်ရှိပါသည်။ ဤတက္ကသိုလ်မှ စိုက်ပျိုးရေး ကောလိပ် နယ်မြေပေါင်းများစွာ (College of Agriculture with many Campuses)၊ မွေးမြူရေးကောလိပ် (College of Animal Husbandry) နှင့် နာမည်ကြီး ရှိတ်အမ်စီ နို့နှင့်နို့ထွက်ပစ္စည်း သိပ္ပံကောလိပ် (College of Dairy Science) တို့တည်ရှိနေပါသည်။ ဒေါက်တာကူရီယမ်လမ်းညွှန်ပေးပြီး ဤကောလိပ်မှ ပထမဘွဲ့၊ မဟာသိပ္ပံ၊ ပါရဂူ (B.Sc.; M.Sc.; Ph.D.) ဘွဲ့ဘာသာရပ်များစွာ အောက်ပါအတိုင်း ပေးနေလျက်ရှိပါသည်။ 

(က) နွားနို့အင်ဂျင်နီယာပညာ (Dairy Engineering)

(ခ) နွားနို့နည်းပညာ (Dairy Technology)

(ဂ) နွားနို့အဏုဇီဝဗေဒ (Dairy Microbiology) 

(ဃ) နွားနို့ဓာတုဗေဒ (Dairy Chemistry) (ကွယ်လွန်သွားသူ အငြိမ်းစားပါမောက္ခချုပ် ဆရာကြီး ဦးတင်နိုင် ကျွန်တော်တို့ကို သင်ကြားပေးခဲ့သော ဘာသာရပ်ပါ။ ယခု ဘယ်သူမှမရှိတော့ပါ။)

(င) နို့ထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်း (Dairy Processing) 

(စ) နို့ထွက်ပစ္စည်းများ အရည်အသွေးထိန်းချုပ်ခြင်းနည်းပညာ (Dairy Quality Control)

(ဆ) နွားနို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်းနည်းပညာ (Dairy Packaging and Storage Technology)

(ဇ) နို့နှင့်နို့ထွက်ပစ္စည်းရောင်းချခြင်းနှင့် စီးပွားရေးပညာ (Dairy Marketing and Economics) စသည်ဖြင့် စုံလင်လှပါသည်။

ပုံ - ၆ အာနန်စိုက်ပျိုးရေး တက္ကသိုလ်

ကျွန်တော်တို့နိုင်ငံတွင်မူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် University of veterinary Science – UVS (ယခင်တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (Institute of Animal Husbandry and Veterinary Science - IAHVS) မှ တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM – Doctor of Veterinary Medicine ယခင် Bachelor of Veterinary Science – BVS or BVSc) ကို ၁၉၅၇-ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော်လည်း မွေးမြူရေးသိပ္ပံပညာဘွဲ့ (BASc – Bachelor of Animal Science) ကိုမူ ၂၀၁၄-ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ တစ်နှစ်လျှင် ကျောင်းသား/ကျောင်းသူ ၁၀၀ ဦး လက်ခံသည်ဟု ကြားသိရပါသည်။ နွားနို့သိပ္ပံပညာ (Dairy Science and Technology Major/ Specialization) အထူးပြုဘွဲ့တော့ မပေးနိုင်သေးပါ။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (Yezin Agricultural University - YAU) ကို ၁၉၂၄-ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး မွေးမြူရေးသိပ္ပံပညာ (Animal Science) ဘာသာရပ်သည် စတင်ဖွင့်လှစ်ချိန်မှစ၍ စိုက်ပျိုးမွေးမြူရေးဌာနကြီး (Department of Agriculture) အောက်မှ ဌာနအငယ်ကလေးအဖြစ် ခွဲထွက်ခဲ့သည်။ စိုက်ပျိုးရေး သိပ္ပံပညာဘွဲ့ - မွေးမြူရေးအထူးပြု (B.Agr.Sc. Animal Science Specialization) ကျောင်းသား/ကျောင်းသူ အနည်းငယ်ခန့်မှာ ယခု ၂၀၂၃-ခုနှစ် မှ နောက်ဆုံးနှစ်သာ ရှိနေသေးပါသည်။ ကျွန်တော်ဆိုလိုသည်မှာ နိုင်ငံတကာနှင့်အမီ နို့နှင့်နို့ထွက် ပစ္စည်းပညာသိပ္ပံ (Dairy Science) အထူးပြုဘာသာရပ်တွေတိုးချဲ့ဖွင့်လှစ်ပြီး လူငယ်များ ကြီးထွားဖွံ့ဖြိုးမှုအတွက် နွားနို့ထုတ်လုပ်မှုကို တစိုက်မတ်မတ်လေ့လာ သုတေသနပြုရန် ကျွန်တော်တို့ နောက်က အမြန်ဆုံးပြေးလွှားလိုက်ရပါဦးမည်။

ဒေါက်တာကူရီယမ်ဆောင်ရွက်ခဲ့သော နောက်လုပ်ငန်းတစ်ခုမှာ ဂူဂျရတ်ပြည်နယ် အာနန်မြို့ရှိ နွားနို့လုပ်ငန်း သမဝါယမအာမျူး (Amul is an acronym of the Indian cooperative society named Gujarat Milk Marketing Federation based Anand, Gujarat) ဖြစ်ပါသည်။ ဤသမဝါယမတွင် နွားနို့ထုတ်လုပ်သူ/တောင်သူ/လယ်သမားပေါင်း ၃.၆ သန်းကျော် ရှိပါသည်။

အာမျူးပေါ်ပေါက်လာပုံမှာ နွားမွေးတောင်သူများထံမှ နွားနို့များကို ကြားပွဲစားများ (Middlemen)၏ ငွေကြေးအမြတ်ထုတ်မှုကို ကောင်းမွန်သောသမဝါယမဖွဲ့စည်း၍ ဂူဂျာရတ်ပြည်နယ်မှစကာ တစ်နိုင်ငံလုံးစနစ်ပြောင်းသုံးသဖြင့် နိုင်ငံအနှံ့ နွားနို့ဝဝ သောက်နိုင်ကာ နွားမွေးတောင်သူများပါ စီးပွားရေးချောင်လည်လာသည့် စနစ်ဖြစ်ပါသည်။

ဒေါက်တာကူရီယမ်မတိုင်မီ အာမျူးကို မစ္စတာထရီဘူဘန်တစ်ပေတယ် (Mr. Tribhubandas Patel) က ကျေးရွာ ၂ ရွာတွင် နွားနို့ ၂၄၇ လီတာ (၆၅ ဂါလံခန့်) ဖြင့်စတင်ပြီး စက်မှုအင်ဂျင်နီယာဒေါက်တာကူရီယမ်ကိုမူ စက်ပစ္စည်းများ တီထွင် ထုတ်လုပ်စေခဲ့သည်။ နောက်တစ်ဦးဖြစ်သည့် မစ္စတာအိပ်ချ်အမ်ဒါလရာ (Mr. H.M. Dalaya) နှင့်လည်း ၃-ဦးအတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ 

ပုံ - ၇ ဒေါက်တာကူရီယမ်၊ မစ္စတာပေတယ်နှင့် မစ္စတာဒါလရာ

ကျွန်တော်တို့အတွက် ရရှိနိုင်သောသင်ခန်းစာများမှာ 

• ကျေးလက်သမဝါယမစနစ် (Rural Co-operative System) ကို ပီပြင်အောင်လုပ်နိုင်ခဲ့ခြင်း

• နွားနို့ထုတ်လုပ်ရာတွင် စိုက်ပျိုး/မွေးမြူရေး လိုက်ဖက်ညီစွာ (နို့စားနွားမွေးရုံသာ ကောင်းမွန်ပြီးအဟာရဖြစ်သော နွားစာများ စိုက်ပျိုးရေးဘက်မှပံ့ပိုးပေးနိုင်ခဲ့ခြင်း)

• စိုက်ပျိုးမွေးမြူရေးအခန်းကဏ္ဍတွင် စက်မှုအင်ဂျင်နီယာ (Mechanical Engineer) အခန်းကဏ္ဍကို မလျှော့တွက်ဘဲ ဘာသာရပ်ပေါင်းစုံ၊ ဘက်ပေါင်းစုံ စုပေါင်းလုပ်ဆောင်အောင်မြင်ခဲ့သည့် နမူနာကောင်းကို လေ့လာမှတ်သားမိစေပါသည်။ 

မှီငြမ်းစာအုပ် (Reference)

Gouri Salvi (2022) I too had a Dream: Verghese Kurien. Lotus Roli Books. 22-impression.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်