ဥယျာဉ်မှုး ဘီဂင်နာ များအတွက် အိုးများဖြင့် သီးပင်၊စားပင် ဖြစ်ထွန်းအောင် စိုက်နည်း အခြေခံ (၅)ချက်

11/07/2022 17:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

 

အပင်စိုက်ချင်ပေမယ့် မြေမရှိလို့ မစိုက်ရမဖြစ်ရအောင် အိုးတွေနဲ့စိုက်တဲ့ ဥယျာဉ်ခြံအကြောင်းရေးသားလိုက်ရပါတယ်။ 

“အပင်တိုင်းကို အိုးတွေနဲ့စိုက်လို့ရရဲ့လား”လို့ တွေးမိကြတယ်ဟုတ် ။ 

“အိုးထဲမှာဆို သိပ်ပြီး မဖြစ်သလိုပဲ” လို့လည်း တွေးမိကြမှာပါ။

ဒီဆောင်းပါးလေးထဲမှာ အိုးတွေနဲ့ အပင်စိုက်မယ့် သူတွေ၊ လက်ရှိ ပန်းအိုးတွေနဲ့စိုက်ထားပေမယ့် အပင်လေးတွေက သိပ်ပြီးမဖြစ်ထွန်းတဲ့သူတွေအတွက် သိထားရမယ့် အခြေခံအချက်လေးတွေကို ဖော် ပြပေးထားတာပါ။ 

အပင်တိုင်းကို အိုးထဲထည့်စိုက်လို့ရသလား။

"ဟုတ်ကဲ့" ။ရပါတယ်။ 

ပန်းပင်သေးသေးလေးကစလို့ ငှက်ပျောပင်၊ သရက်ပင်တွေအထိ  အိုးတွေခွက်တွေထဲမှာစိုက်လို့ရပါတယ်။

ခုပြောပြမယ့် အချက်လေးတွေက  မြို့ပြကသူတွေအတွက် ပန်းအိုးလေးတွေနဲ့  ဥယျာဥ်လေးတစ်ခုတည်ထောင်လို့ရစေဖို့ရည်ရွယ်ပါတယ်ရှင်။ 

၁။ ဘယ်နေရာမှာထားမလဲ

ခေါင်မိုးထပ်မှာစိုက်မယ်ဆို တစ်နေလုံးနေရောင်ရမှာလား။၀ရန်တာမှာထားမှာလား။ ဘယ်အချိန်တွေဆို အရိပ်ရသလဲ။ဘယ်အချိန်ဆိုနေရောင် စရပြီလဲ.. စသည်ဖြင့် အပင်အိုးလေးတွေထားမယ့်နေရာရဲ့ နေရောင်ခြည်ရရှိမှုကို သိထားဖို့လိုပါမယ်။ ဒါမှသာ သင့်တော်တဲ့  အပင်အမျိုးအစားတွေရွေးချယ်နိုင်မှာပါ။

ဥပမာ  - နေရောင်ခြည်ကြိုက်တဲ့ အပင်မျိုးဆို အနည်းဆုံး ၆ နာရီလောက် နေရောင်ရမှ အဆင်ပြေပါမယ်။ဒီလိုအပင်မျိုးဆိုရင်တော့ တောင်အရပ်ကို မျက်နှာမူတဲ့နေရာတွေ၊ အနောက်အရပ်ကိုမျက်နှာမူတဲ့နေရာတွေမှာ ထားသင့်ပါတယ်။နေ့လည် ၁၁ နာရီလောက်ဆို နေရောင်စရပြီဆိုတဲ့နေရာမျိုးပေါ့ရှင် ။ နေရောင်ကြိုက်အပင်တွေအတွက်  မနက်နေ ရနိုင်ရင်တော့ အကောင်းဆုံးပါ။

အရိပ်ကြိုက်တဲ့ အပင်တွေကိုတော့ မနက်ခင်းနေလေးပဲရပြီး နေလည်ပိုင်း၊ညနေပိုင်းအရိပ်ရတဲ့နေရာမျိုးလေးမှာ ရွေးချယ်ထားပေးရပါမယ်.

၂။ အိုးကောင်းကောင်းရွေးရမယ်

အပင်ထည့်စိုက်ဖို့ အိုး၊ခွက်၊ စသည်ဖြင့် ရွေးချယ်တဲ့ အခါမှာတော့ ပလပ်စတစ်ကို‌ရွေးမလား၊ မြေအိုးကို‌ရွေးမလား ၊ကြွေအိုးလား၊ ဘိလပ်မြေနဲ့လုပ်မလား စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။

 အိမ်အသုံးအဆောင်တွေထဲက စွန့်ပစ်ထည့်စရာတွေကို ပြန်လည်အသုံးပြုခြင်းကလည်း အမြင်တစ်မျိုးနဲ့ လှပစေမှာဖြစ်ပါတယ်ရှင်။

အိုးအမျိုးအစားကို စိတ်ကြိုက်အသုံးပြုနိုင်ပေမယ့် လိုက်နာရမယ့် အချက်ကတော့ 

-အပင်အရွယ်အစားအလိုက် လုံလောက်တဲ့နေရာအနေအထားပေးနိုင်ရပါမယ်။ ကိုယ့်အခန်းလေးက တအားကြပ်နေရင် မနေတတ်သလို အပင်လေးတွေလည်း အခန်းကျဉ်းကျဉ်းလေးထဲမှာဆို  မပျော်ဘူးပေါ့ရှင်။

-ထည့်စရာ အိုး၊ခွက်တွေမှာ ရေထွက်ပေါက်ပါရပါမယ်။ ရေထွက်ပေါက်ရဲ့ အပေါ်မှာ အုတ်ကျိုးခဲတွေလို မညီမညာ မျက်နှာပြင်ရှိတဲ့  အမာတွေလည်းတင်ပေးရပါမယ်။ ရေစီးဆင်းမှုကောင်းအောင် ဒီလိုလေးခံပြီးမှာသာမြေဆွေးထည့်သင့်ပါတယ်ရှင် ။ (အိမ်သုံး ပစ္စည်းအဟောင်းတွေကို ပြန်လည်အသုံးချတဲ့အခါ သတ္ထုတွေ၊ ဒန်တွေဖြစ်ရင်တော့ အပူစုပ်ယူနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ နေရောင်အောက်အမြဲထားမယ့် အပင်တွေအတွက် အဆင်မပြေနိုင်ပါဘူးရှင်။)

၃။ မြေဆွေးကို ရအောင်ရှာပါ 

မြေကျယ်ကျယ်မရှိလို့ အိုးတွေနဲ့စိုက်တဲ့အခါ အိုးထဲထည့်ရမယ့် မြေကို မြေသားဖြစ်ပြီးရော ထည့်မရပါဘူးရှင်။ ဒါကအထူးသတိထားရမယ့် တစ်ချက်ပါ။ အိုးထဲကမြေသားအကုန်လုံးက အရည်အသွေးမြင့်တဲ့မြေသားတွေဖြစ်နေမှသာ မြေပမာဏနည်းနည်းနဲ့ စိုက်ပျိုးထားတဲ့အပင်က ကောင်းကောင်းရှင်သန်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝမြေဆွေးတွေ၊ စပ်မြေတွေအသုံးပြုရပါမယ်ရှင်။ဒါမှသာ အာဟာရတွေကျွေးတဲ့အခါ အပင်က အပြည့်အဝစုပ်ယူနိုင်ပြီး အိုးထဲမှာ ကောင်းကောင်း ကြီးထွား၊ သီး၊ပွင့် နိုင်မှာဖြစ်ပါတယ်။ အိုးထဲထည့်မယ့်မြေက အင်မတန်အရေးကြီးတာမို့ သေချာလေးရွေးချယ်ပြီးထည့်ပါနော်။

၄။ ရေဘယ်လိုလောင်းရမလဲ

အိုးထဲမှာစိုက်ရင်မြေပြင်လို အစိုဓာတ်များများမရှိတဲ့အတွက် ခဏခဏရေ‌လောင်းပေးဖို့တော့လိုပါလိမ့်မယ်။ အိုးထဲကမြေတွေခြောက်နေလားဆိုတာ သတိထားကြည့်ပြီး ရေလောင်းပေးပါရှင်။နွေဘက်လို အပူချိန်မြင့်တဲ့ရက်တွေမှာ ပိုပြီး ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။။မြေသားမကောင်းဘဲ ရေတွေအိုင်နေအောင်လောင်းမိရင်တော့ အပင်အမြစ်တွေပုပ်ပြီးသေတတ်တာကိုလည်း သတိပြုရပါမယ်။ပန်းအိုထဲကမြေသား၊ထည့်စရာအိုးရဲ့ရေထွက်ပေါက်ပါမှုတွေက ရေလောင်းရတဲ့ အကြိမ်ရေကို တိူက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။

၅။ အာဟာရကျွေးခြင်း

ထည့်စရာခွက်ထဲမှာစိုက်တာဖြစ်လို့ မြေပြင်လို အာဟာရရရှိနိုင်မှုက သဘာဝအတိုင်းမရနိုင်ပါဘူးရှင်။ ဥယျာဉ်မှုးကျွေးသလောက်ကိုပဲ စားရမှာဖြစ်လို့ မြေခံမှာ ဖြေးဖြေးချင်း စားလို့ရမယ့် ရိက္ခာတွေဖြစ်တဲ့  ဖော့စဖောရပ် ၊ပိုတက်ရှ်လိုမြေသြဇာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။ မြေသြဇာကို အရည်ပုံစံနဲ့လည်း အိုးထဲကိုဖြည့်ပေးသင့်ပါတယ်။

ဒီအချက်လေးတွေကတော့ အိုးနဲ့ အပင်စိုက်စစိုက်မယ့် ဥယျာဉ်မှူးတွေအတွက် မဖြစ်မနေသိထားရမယ့် အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်။ အပင်အမျိုးအစားအလိုက် ပြုစုနည်းတွေ၊အာဟာရကျွေးနည်းတွေကို ဆက်လက်လေ့လာပြီး ဂရုစိုက်မယ်ဆို ‌အိုးတွေနဲ့စိုက်တဲ့ ဥယျာဉ်လေးကို အောင်အောင်မြင်မြင်ရရှိနိုင်ပါမယ်ရှင်။

စိတ်ပျော်ဖို့ပဲစိုက်စိုက် ၊ ကိုယ်တိုင်စိုက်တဲ့ သဘာဝအသီးအနှံတွေစားချင်လို့ပဲစိုက်စိုက်  ဥယျာဉ်မှူး ဘီဂင်နာ လေးတွေ အဆင်ပြေကြပါစေရှင့်။

သိမ့်ဇာ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်