တောင်သူများသတိထားစေချင်သည့် ပိုးသတ်ဆေး

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

မြန်မာနိုင်ငံ၏ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးတွင် အသုံးပြုသော စိုက်ပျိုးရေးသုံး ဓါတုပိုးသတ်ဆေးများကို ၁၉၈၈ ခုနှစ်အထိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းမှ ဖြန့်ချီခဲ့ပြီး စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာသောအခါ ပုဂ္ဂလိကလက်ထဲသို့ လွှဲပြောင်းပေးအပ်ကာ စျေးကွက်ထဲတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပါသည်။

ထိုသို့တရားဝင် ရောင်းဝယ်ဖောက်ကား ခွင့်ပြုပေးရာ ၁၉၉၀ခုနှစ်တွင် ပိုးသတ်ဆေးဥပဒေကို ပြဌာန်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတွင် မှတ်ပုံတင်ရရှိပြီးမှ စျေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်းကို ခွင့်ပြုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ခေတ်နှင့်လျော်ညီသော ပိုးသတ်ဆေး ဥပဒေသစ်ကို ထပ်မံပြဌာန်းခဲ့ပြီးဖြစ်သည်။

တရားဝင်မှတ်ပုံတင်ထားသော ဆေးဘူး/ဆေးထုပ်များတွင်- မြန်မာစာအညွှန်းပါရှိသဖြင့် သုံးရမည့်ဆေးပမာဏကို လွယ်ကူစွာတွက်ချက် ဖျော်စပ် အသုံးပြုနိုင်ခြင်း

- အသုံးပြုမည့် ပိုးသတ်ဆေးနှင့် မိမိစိုက်ပျိုးသီးနှံတွင် နှိမ်နင်းလိုသည့် ပိုး၊ရောဂါ၊ပေါင်း စသည်တို့အတွက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးနှင့် နှုန်းထားကို လွယ်ကူစွာသိနိုင်ခြင်း

- သက်တမ်းကုန်ဆုံးမည့်ရက်ကို ဖေါ်ပြထားသဖြင့် သက်တမ်းလွန်နေသော ပိုးသတ်ဆေးများကို လွယ်ကူစွာသိရှိနိုင်ခြင်း

- သီးနှံများ မခူးဆွတ်မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI= Pre-Harvest Interval) ပါရှိသဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါဝင်မှုမရှိစေရန် ပိုးသတ်ဆေးဖျန်းရက်ကို ချင့်ချိန် ဆောင်ရွက်နိုင်ခြင်း

- ပိုးသတ်ဆေးဖြန့်ဖြူးသော ကုမ္ပဏီ၏ လိပ်စာပါရှိသောကြောင့် ပိုးသတ်ဆေးနှင့် ပတ်သတ်၍ တစ်စုံတစ်ခုသော ကိစ္စကြီးငယ်ပေါ်ပေါက်ပါက ဆက်သွယ်နိုင်ခြင်း၊သတင်းအချက်အလက်ရယူနိုင်ခြင်း ကုမ္ပဏီ၏တာဝန်ခံမှု၊တာဝန်ယူမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်
တောင်သူများအနေဖြင့် တရားမဝင်ပိုးသတ်ဆေး၊ မြန်မာစာအညွှန်းမပါသော ပိုးသတ်ဆေးများကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊

ပိုးသတ်ဆေးရောင်းသူ၏ အညွှန်းကောင်းခြင်း တို့ကြောင့် ဝယ်ယူသုံးစွဲကြသည်။ တရားမဝင် ပိုးသတ်ဆေးများကို လုံးဝဝယ်ယူသုံးစွဲခြင်း မပြုရပါ။

မြန်မာနိုင်ငံနှင့် ကုန်းတွင်းပိုင်းနယ်နိမိတ် ထိစပ်သော နိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသော ပိုးသတ်ဆေးများမှာ မြန်မာစာအညွှန်းမပါရှိခြင်း၊ ဆေးဘူးဆေးထုပ်ထဲတွင် မည်သည့်အဆိပ်ရှိ ပစ္စည်းများအား ပေါင်းစပ်ထည့်သွင်းထားခြင်း၊ မည်သည့်ဆေးနှုန်းထားဖြင့် ဖျန်းရမည် စသည်တို့ကို ဖတ်ရှုနားလည်ရန် ခက်ခဲခြင်း၊ မတော်တဆ အဆိပ်သင့်သော ကိစ္စရပ်တွင်မူ မည်သို့ဆောင်ရွက်ရမည် ဟူသော အသိပေးချက်များ မပါရှိခြင်း တို့ကြောင့် ထိုပိုးသတ်ဆေးများကို အသုံးပြုလျှင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး ဆေးဖျန်းသူ၊ သီးနှံစားသုံးသူများနှင့် ပတ်ဝန်းကျင်အတွက် အလွန်စိုးရိမ်ဖွယ်ကောင်းလှပါသည်။

ဤနေရာတွင် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူများ ဆောင်ရန်/ရှောင်ရန် စသည့် အချက်များကို အဓိက မဆွေးနွေးလိုဘဲ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစားရန်လိုအပ်သည့် အဓိကအချက်များကိုသာ အလေးထားဆွေးနွေးလိုသည်။

ပိုးသတ်ဆေးသည် မည်သို့ပင် အစွမ်းထက်သော ဆေးဖြစ်စေကာမူ အသုံးပြုသူ၏ မှန်ကန်စွာ အသုံးချမှုအပေါ် မူတည်ပြီး ဆေးထိရောက်မှုရှိ/မရှိ ကွာခြားနိုင်သည်။ ဖျက်ပိုးများအားကာကွယ်နှိမ်နင်း ရာတွင် ရွေးချယ်သောဆေး မှန်ကန်မှု၊ ဆေးနှုန်းထားမှန်ကန်မှု၊ ဖျက်ပိုးများအား နှိမ်နင်းရမည့် အချိန်တွင် အချိန်ကိုက် ဆေးဖြန်းနိုင်မှုတို့သည် အရေးပါလှသည်။ ထိုအချက်များအားလုံးကို ပိုးသတ်ဆေးအညွှန်းစာ (Label) တွင် ဖော်ပြထားသဖြင့် ဆေးအသုံးမပြုမီ အညွှန်းစာအား သေချာစွာ ဖတ်ကြည့်ပြီးမှ ဆောင်ရွက်သင့်သည်။

အချို့ အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသောမှိုများမှာ မြေကြီးထဲတွင်နေထိုင်ပြီး တိုက်ခိုက်ဖျက်ဆီးခြင်း၊ ရောဂါဖြစ်စေခြင်းတို့ကြောင့် အရွက်ကိုဖျန်းခြင်းထက် မြေကြီးထဲသို့ ထည့်သွင်းခြင်း၊ မျိုးစေ့ကို လူးနယ်ခြင်းက ပို၍ ထိရောက်သည်။ သီးနှံသက်တမ်းတလျှောက် ပိုးသတ်ဆေး တစ်မျိုးတည်းကို ဆက်တိုက် သုံးစွဲမည့်အစား ဆေးပြောင်းလဲသုံးစွဲသင့်သည်။

ပိုးသတ်ဆေးဖြန်းရာတွင် တောင်သူများသည် နီးစပ်ရာရေမြောင်းထဲမှ သန့်ရှင်းမှုမရှိသော ရေများဖြင့် ရောစပ်ပက်ဖြန်းကြသဖြင့် ပိုးသတ်ဆေး၏ အာနိသင်လျော့ခြင်း၊ ပျက်ပယ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သန့်ရှင်းကြည်လင်သောရေနှင့်သာ ရောစပ်ပက်ဖျန်းသင့်သည်။ထို့အတူ အသုံးပြုသော ပိုးသတ်ဆေးကရိယာသည်လည်း မှန်ကန်ကောင်းမွန်ရမည်။

တစ်ချို့တောင်သူများသည် အချိန်နှင့်လုပ်အား သက်သာလိုခြင်း၊ပိုမိုထိရောက်မည်ဟု ထင်မြင်ယူဆခြင်း တို့ကြောင့် ပိုးသတ်ဆေး(၂)မျိုး (၃) မျိုး အား မိမိဘာသာ ရောစပ်၍ ဖျန်းကြသည်။ ရွက်ဖျန်းမြေဩဇာနှင့်လည်း ရောစပ်၏။ ပိုးသတ်ဆေးများအား အတိုင်းအဆမရှိ မိမိဘာသာရောစပ်ခြင်းကြောင့် အာနိသင်ပြောင်းလဲခြင်း၊ အပင်ဆေးလောင်ကျွမ်းခြင်း၊ ထိရောက်မှုအားနည်းခြင်း၊ ပိုးသတ်ဆေးဓါတ်ကြွင်းများ ဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သဖြင့် ကိုယ့်သဘောနှင့်ကိုယ် ပိုးသတ်ဆေးများအား ရောစပ်ပက်ဖျန်းခြင်းကို လည်း မပြုလုပ်သင့်ပေ။

ထိုအတူ ပိုးသတ်ဆေးပက်ဖြန်းသုံးစွဲရာတွင် သတ်မှတ်ထားသော ဆေးနှုန်းထားထက် လျော့ဖျန်းခြင်း၊ ပိုဖျန်းခြင်းတို့ မလုပ်သင့်ပေ။ အချို့သောတောင်သူများမှာ ဆေးအနံ့လေးပေးပြီး ပိုးကိုအဝေးသို့ ပြေးစေချင်သည်ဟု ဆိုကာ ထောက်ခံထားသောဆေးပမာဏကို အသုံးမပြုတော့ဘဲ ဆေးနှုန်းထားကိုလျော့ ဖျန်းကြသည်။ ထိုအခါ ထိရောက်မှုမရှိဘဲ မိမိနှိမ်နင်းလိုသည့်ဖျက်ပိုးအား ကာကွယ်နှိမ်နင်းနိုင်ခြင်း မရှိသည့် ပြဿနာကို ကြုံတွေ့ရတတ်သည်။

တစ်ချို့တောင်သူများသည် ပိုးမသေမှာစိုးရိမ်သဖြင့် အသုံးပြုရမည့်ဆေးပမာဏထက် ပိုဖြန်းကြသည်။ ပိုးများသေစေသော ပမာဏထက် ပိုမိုအသုံးပြုပါက ပိုးများသေစေရုံသာမက တောင်သူများ သတိမမူမိသော ပြဿနာကြီး(၃)ရပ်ကို မကြာမီအတွင်း ခံစားလာရတော့မည်ဖြစ်ပေသည်။

- ဖျက်ပိုးများသည် ေဆေးကိုခံနိုင်ရည်ရှိလာတတ်သည်။ ခံနိုင်ရည်ရှိသောပိုးသည် နှိမ်နင်းရန် မလွယ်ကူ တော့ပေ။ ထို့အပြင် ဆေးဖျန်းလျှင် အရင်သုံးခဲ့သော ဆေးနှုန်းပမာဏထက် ပိုအသုံးပြုရသဖြင့် ပိုးသေတ်ဆေးဖိုး ငွေပိုမိုကုန်ကျစေသည်။

- ပိုးသတ်ဆေးများကို လိုအပ်သည်ထက်ပိုဖျန်းလျှင် သီးနှံပေါ်တွင် ဓါတ်ကြွင်းအာနိသင် ပိုမိုပါဝင်နိုင်သဖြင့် စားသုံးသူများကို အန ္တရာယ်ဖြစ်စေသည့်အပြင် နိုင်ငံခြားစျေးကွက်သို့ တင်ပို့ရောင်း ချခွင့်လည်း ဆုံးရှုံးနိုင်သည်။

- အသုံးပြုရမည့် ဆေးပမာဏထက်ပို၍ နှုန်းလွန်ပမာဏ ပက်ဖြန်းခြင်းဖြင့် သီးနှံပင်တွင် ကျရောက်သည့် သာမာန်ဖျက်ပိုးများသည် အဓိကဖျက်ပိုးများ ဖြစ်လာသည်။ ထိုပိုးများကို ထပ်မံနှိမ်နင်းရသဖြင့် ပိုးသတ် ဆေးဝယ်ယူစရိတ်၊ ဆေးဖျန်းစရိတ် စသည်တို့ ပိုမိုကုန်ကျစေသည့် အပြင် ဆေးဖျန်းသူကိုလည်း အန ္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည်။

ပိုးသတ်ဆေး သုံးစွဲသူများသည် ဆေးဖျန်းမည်ဆိုပါက ပိုးသတ်ဆေးဘူး/ဆေးထုတ်များတွင် ဖော်ပြပါရှိသည့် သီးနှံများမခူးဆွတ် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် အချိန်ကာလ (PHI=Pre-Harvest Interval) ကို လိုက်နာရမည်။ သီးနှံများမခူးဆွတ် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်အချိန်ကာလ (PHI=Pre-Harvest Interval) ကို (၁၄)ရက်ဟု ဖော်ပြထားလျှင် ပိုးသတ်ဆးဖျန်းပြီးနောက် (၁၄)ရက်နေ့ကျော်မှ သီးနှံများကို ခူးဆွတ်ရိတ်သိမ်းရမည်။ ထိုသို့မဟုတ်ဘဲ ခူးဆွတ်ရိတ်သိမ်းပါက သီးနှံများတွင် ဓါတ်ကြွင်းပါဝင်မှု ပြဿနာများနှင့် ကြုံတွေ့ရတတ်သည်။ စားသုံးသူကိုလည်း အန ္တရာယ်ဖြစ်စေသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအရောက် ပိုးသတ်ဆေးကို ထိရောက်စွာနှင့် အန္တရာယ် ကင်းစွာ အသုံးပြုရေးသင်တန်းများ ပို့ချချိန်တွင် ပိုးသတ်ဆးကို ကိုင်တွယ်သုံးစွဲမည့် သူကိုယ်တိုင် တက်ရောက်နားထောင်ကာ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို လေ့လာဆွေးနွေး မေးမြန်းသသင့်ပေသည်။ မိမိအိမ်မှကလေးများ၊ သက်ကြီးရွယ်အိုများကိုသာ တက်ရောက်စေခိုင်းခြင်း မပြုသင့်ပေ။

သို့မှသာ ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို နားလည်သဘောပေါက်ပြီး မိမိနှင့်ပတ်ဝန်းကျင်ကို မထိခိုက်အောင် သတိထားဆောင်ရွက် နိုင်မည် ဖြစ်သည်။ ပိုးသတ်ဆေး ဖြန်းမည့်သူသည် မိမိဆေးဖြန်းလိုက်လျှင် ပိုးများသေမသေမည်ဖြစ်သကဲ့သို့ မိမိကိုယ်တိုင် တွင်လည်း အန္တရာယ်ဖြစ်စေနိုင်သည်ကို သတိပြုရန်နှင့် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) ကို ဝတ်ဆင်ကာဆေးဖျန်းသင့်သည်။

ပိုးသတ်ဆေးအား တရားဝင်လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ကို ပုဂ္ဂလိက လက်ထဲသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်အတူ စျေးကွက်စီးပွားရေးကို အပြိုင်အဆိုင် ဆောင်ရွက်ရာ၌ ပိုးသတ်ဆး ကြော်ငြာများသည်လည်း ပါဝင်ပတ်သတ်လာသည်။ ပိုးသတ်ဆေးကြော်ငြာများတွင် ပိုးသတ်ဆေး ဖျန်းနေသော သရုပ်ဆောင်များသည် မည်သည့်အကာအကွယ်ပစ္စည်းမှ ဝတ်ဆင်ထားမှုမရှိခြင်း၊ ဆေးဖျန်းမှုနည်းစနစ် မှန်ကန်မှုမရှိသည်မှာလည်း အထူးပြုပြင်သင်စရာပင်ဖြစ်သည်။ ကုမ္ပဏီများဘက် မှလည်း တောင်သူများပိုးသတ်ဆေးကို လိုအပ်သည်ထက် ပိုမိုသုံးစွဲအောင် ဆွဲဆောင်ရောင်းချခြင်း မပြုလုပ်ရန်လည်း လိုပါသည်။

တောင်သူများ၏ စားဝတ်နေရေးအတွက် နေ့စားအငှားလိုက် ပိုးသတ်ဆေးဖျန်းခြင်း၊ မိမိသီးနှံ စိုက်ခင်းအတွင်း မိမိကိုယ်တိုင်ဖျန်းသူများသည် အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ပြီးမှ ဆေးဖျန်းသင့်ပေသည်။ ထို့ကြောင့် ပိုးသတ်ဆးဖျန်းသူသည် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲမှုနှင့် ပတ်သတ်သည့် ဗဟုသုတရှိရန်လည်း လိုအပ်ပေသည်။ ဗဟုသုတရှိရန် လေ့လာရန်မှာ ပိုးသတ်ဆေးသုံးစွဲသူ၏ တာဝန်ဖြစ်သည်။

မိမိသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး ဖျန်းသင့်မသင့်ကို ချင့်ချိန်သင့်သည်။ မိမိစိုကခင်းတွင် ပိုးမွှားရောဂါကျရောက်မှုမှ ကာကွယ်နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးသုံးစွဲခြင်း တစ်ခုထဲကိုမဟုတ်ဘဲ လက်လှမ်းမှီရာ အခြားနည်းလမ်းများ စုပေါင်း၍ ဘက်စုံသီးနှံကာကွယ်ရေးစနစ်(IPM=Integgrated Pest Management) ကို ဆောင်ရွက်သင့်ပေသည်။ ပိုးသတ်ဆေးကို နောက်ဆုံးလက်နက်အဖြစ် မဖြစ်မနေ သုံးစွဲရမည့် အခြေအနေရောက်မှသာ သုံးစွဲသင့်ပေသည်။ လိုအပ်ပါက စိုက်ပျိုးရေးဦးစီးဌာနများသို့ အချိန်မရွေး ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။သို့မှသာ လူနှင့်ပတ်ဝန်းကျင်အတွက် အန ္တရာယ်နည်း ပါးသော၊ ရေရှည်တည်တန့်သော စိုက်ပျိုးရေးအဖြစ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ကိုးကား-စိုက်ပျိုးရေး ဦးစီးဌာန


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်