ငါးပြေမ မွေးမြူနည်း

09/11/2018 15:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးပြေမကို အင်္ဂလိပ်အမည် (Climbing fish) လို့ခေါ်ပြီး သိပ္ပံအမည်အားဖြင့် (Anabas testudineus) နှင့် A.oligolepis ဟူ၍ ငါးပြေမ (၂) မျိုးတွေ့ရှိရပါသည်။

ငါးပြေမသည် မြန်မာနိုင်ငံရှိ ဒေသငါးမျိုးစိတ်ဖြစ်ကာ အပိုလေရှုအင်္ဂါပါရှိပါသည်။ ရေချိုဒေသတွင်သာ နေထိုင်ကျက်စားလေ့ ရှိပြီး ကုန်းပေါ်တွင် ရက်အတော်ကြာ အသက်ရှင်နိုင်ပါသည်။ ရေအပူချိန်(၂၂) ဒီဂရီ စင်တီဂရိတ်မှ (၃၀) ဒီဂရီစင်တီဂရိတ် အတွင်း နေထိုင်နိုင်ကြပြီး မြစ်၊ ချောင်း၊ ရေကန်၊ အင်းအိုင်၊ တူးမြောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်  တွေ့ရှိနိုင်ပါသည်။  အရသာထူးကဲသည့် ငါးအမျိုးအစားအဖြစ် သတ်မှတ်ကြပြီး ငါးစျေးကွက်တွင် အကောင်အရှင်အတိုင်း ရောင်းချလေ့ရှိပါသည်။ ပါးဟက်ဖုံးတွင် ပါရှိသော ဆူးများဖြင့် ကုန်းမြေပေါ်တွင်လည်း တွားသွားနိုင်သည့်အတွက် နာမည်ကြီးငါးမျိုးဖြစ်ပါသည်။

ငါးမျိုးစီမံအုပ်ချုပ်မှု (Broodstock management)

ငါးပြေမသည် မွေးမြူသည့် ကာလတစ်နှစ်အတွင်း အရွယ်အားဖြင့် (၈-၁၀) စင်တီမီတာခန့်(၃-၄ လက်မခန့်) ရှည်လျားပြီး အလေးချိန် ၁၅-၂၀ ဂရမ်ခန့်(၁ ကျပ်သား ပတ်လည်)တွင် စတင်အရွယ်ရောက်ပါသည်။ မျိုးပွားရာသီသည် နှစ်စဉ်မတ်လမှ သြဂုတ်လအတွင်း ဖြစ်ပြီး မေလနှင့် ဇွန်လများသည် မျိုးပွားရန် အကောင်းဆုံးကာလဖြစ်ပါသည်။

ငါးပြေမအထီး၏ လက္ခဏာများ

ရင်ရေယက် (Pectoral Fin) နှင့် ဝမ်းရေယက် (Ventral Fin) တို့တွင် အနီရောင်သန်းပါသည်။ အမြှီးရင်း (Caudal Peduncle) တွင် ဒိုင်းမွန်းပုံစံအမည်းစက်များရှိပြီး ဝမ်းဗိုက်ကို အသာအယာညှစ်ကြည့်ပါက အဖြူရောင်မျိုးရည်များ မျိုးပွား အင်္ဂါပေါက်မှ စို့ထွက်လာပါမည်။ ငါးပြေမ အထီး၏ ကျောရေယက် (Dorsal Fin) သည် အမ၏ ကျောရေယက်နှင့် နှိုင်းယှဉ်ပါက ပိုမိုရှည်လျားပါသည်။

ငါးပြေမအမ၏ လက္ခဏာများ

ရင်ရေယက်(PF)နှင့်ဝမ်းရေယက်(VF)တို့တွင် အနီရောင်ဖျော့ဖျော့ရှိပါသည်။ အမြှီးရင်းတွင် အမည်းစက်များသည် ရှည်လျား၍ တစ်ခုနှင့်တစ်ခု ရောစပ်နေပါသည်။ အရွယ်ရောက် ငါးပြေမသည် ဝမ်းဗိုက်အနည်းငယ်ဖောင်း၍ မျိုးပွားအင်္ဂါပေါက်သည် သိသာစွာကြီးထွားမှုဖြစ်၍ ဝမ်းဗိုက်ကို အသာအယာညှစ်ပါက ဥများစို့ထွက်လာပါမည်။

ငါးပြေမ မျိုးငါးစုဆောင်းခြင်း

မျိုးပွားရာသီမတိုင်မီ ၂ လ-၃ လ ကြိုတင်၍ ၃၀-၅၀ ဂရမ်(၂-၃ ကျပ်သား) အရွယ်ငါးပြေမမျိုးငါးများကို စီးပွားဖြစ်ငါးမွေးကန် များမှ စုဆောင်း၍ ငါးအထီးငါးအမသီးသန့်ခွဲခြား၍ မွေးမြူထားရပါမည်။ ငါးပြေမမွေးမြူထားသည့်ကန်၏ ရေအရည်အသွေးများ ဖြစ်သည့် ရေတွင် ပျော်ဝင်အောက်စီဂျင်ပျော်ဝင်မှု (D.O)၊ ချဉ်ဖန်နှုန်း(PH)၊ အပူချိန်၊ အမိုးနီးယားပါဝင်မှု စသည်တို့အား ပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ ကျန်းမာရေးကောင်းမွန်စေရန် ဂရုစိုက်ရမည်။

မျိုးငါးအစာကျွေးခြင်း

မျိုးငါးများအား ငါးစာအဖြစ် ပရိုတိန်း ၃၀-၃၅ ရာခိုင်နှုန်းပါသောအစာတောင့်ကို ငါးအလေးချိန်၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို တွက်ချက်၍ တစ်နေ့လျှင် (၂) ကြိမ်ခွဲ၍ ကျွေးရပါမည်။

ငါးပြေမ ဆေးထိုးသားဖောက်ခြင်း

ငါးဆေးထိုးသားဖောက်ရန် ငါးပြေမအထီး(၂)ကောင်လျှင် အမ (၁)ကောင်နှုန်း အသုံးပြုရမည်။ ဟိုမုန်းအဖြစ် ငါး၏ ပီကျူတရီဂလင်း Pituitary gland သို့မဟုတ် Ovaprim သို့မဟုတ် Suprefect ကို အသုံးပြုကြရပါမည်။
နှုန်းထားမှာ ငါး၏ပီကျူတရီဂလင်း ၇-၁၂ မီလီဂရမ်/ကီလိုဂရမ်(ငါးအလေးချိန်)နှုန်းဖြင့်လည်းကောင်း၊ Ovaprim) မိုက်ခရိုဂရမ်နှုန်း ဖြင့်လည်းကောင်း၊ ငါးအလေးချိန် တစ်ကီလိုဂရမ်လျှင် Superfect အား ၁၀-၂၀ မီလီဂရမ်နှုန်းဖြင့် လည်းကောင်း၊ ငါး၏အရေပြားအောက်အသားတွင်းသို့ ငါးထီး၊ ငါးအမ(၂)မျိုးလုံးတွင် ထိုးသွင်းပေးရပါမည်။ ငါးဆေးထိုး ပြီးနောက် ၆ နာရီအကြာတွင် သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီး သန္ဓေအောင်သောငါးဥများ ရရှိပါမည်။ ငါး ကိုယ်အလေးချိန် တစ်ဂရမ်တွင် ငါးဥ အလုံးရေ ၃၅၀-၄၀၀ လုံးအထိ သန္ဓေအောင်မြင်ကြပါသည်။

သန္ဓေအောင်ပြီး ငါးပြေမများသည် အရောင်ကြည်လင်ပြတ်သား၍ ငါးဥအရွယ်အစားမှာ ၀ ဒသမ ၈ – ၀ ဒသမ ၉ မီလီမီတာအချင်းရှိပါသည်။ ငါးပြေမဥများသည် ရေမာဥ (Water Harden Egg) ဖြစ်ချိန်တွင် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေပါမည်။ သန္ဓေအောင်ငါးဥများကို ဥဖောက်လှောင်ကန်( Hatching Jar) အတွင်း ပြောင်းရွှေ့သားဖောက် ရပါမည်။ ငါးဥမှ အကောင်ပေါက်ရန် (၁၂-၁၆) နာရီကြာပါမည်။ ရေအပူချိန်ပေါ်မူတည်၍ ငါးဥမှ အကောင်ပေါက်ရန် ကြာချိန်ကွာခြားနိုင်ပါသည်။

ငါးပြေမ ငါးမှုန်ပြုစုခြင်း (Fry Rearing)

ငါးပြေမ ငါးမှုန်များသည် အရွယ်အားဖြင့် ၁ ဒသမ ၆ – ၂ မီလီမီတာရှိပါမည်။ ငါးမှုန်များ၏ ဥနှစ်အိတ်(Yolk Sac) သည် ၄ ရက်အကြာတွင် လုံးဝပျောက်ကွယ်သွားပါမည်။ ငါးဥပေါက်ပြီး ၃၂ နာရီအကြာတွင် အစာခြေလမ်းကြောင်းသည် ပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပြီး အစာစတင်စားချိန်တွင် သက်ရှိအစာပင်မျှောလှေး (Rotifer)ကို ကျွေးရပါမည်။ Rotifer ကို ငါးမှုန်များအသက်(၁၀)ရက်သားအထိ ကျွေးရပါမည်။ အကောင်ပေါက်ပြီး (၈) ရက်မှ (၁၀) ရက်အတွင်း (Rotifer) ကို Moina နှင့်ရော၍ ကျွေးရမည်ဖြစ်ပြီး (၁၁) ရက်အကြာတွင် (Moina)နှင့် ငါးငယ်အစာအမှုန့် (Small Size Pellet) ရော၍ ကျွေးရပါမည်။ ငါးမှုန်အသက် (၁၆) ရက်သားအရွယ်မှစ၍ ငါးငယ်အစာအမှုန့်(Artificial Feed) တစ်မျိုးတည်းကိုသာ ကျွေးမွေးနိုင်မည်ဖြစ်ပါသည်။

အကယ်၍ သက်ရှိအစာအခက်အခဲရှိပါက မြေကြီးကန်များတွင် သက်ရှိအစာအပင်မျှောလှေးများကို နိုင်လွန်ဇာဖြင့် လိုက်လံစုဆောင်း၍ စစ်ယူကျွေးမွေးနိုင်ပါသည်။

ငါးမှုန်များကို ရေ ၅၀၀ လီတာဆန့်ကန်များတွင် ရေအနက် ၄၀-၅၀ စင်တီမီတာ (၁ ပေ၊ ၁ ပေခွဲ)တွင် ထည့်သွင်းမွေးမြူ နိုင်ပါသည်။ တစ်မီတာပတ်လည် (၃ ပေ ပတ်လည်)အကျယ်တွင် ငါးမှုန်ကောင်ရေ ၁၀၀၀ မှ ၁၅၀၀ ထည့်သွင်းမွေးမြူ နိုင်ပါသည်။ ငါးမှုန်ပြုစုကန်များကို အလင်းရောင်ကာကွယ်ရန် ရေနှင်းဆီပင် (Pistia) သို့မဟုတ် ဗေဒါပင် (Water Hyacinth) ပင်များဖြင့် ငါးကန်မျက်နှာပြင်၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်ကို ဖုံးအုပ်ပေးရမည်။ ငါးမှုန်များကို ပရိုတိန်း ၃၀-၄၀ ရာခိုင်နှုန်း ပါဝင်သော အစာပဲဖတ်အမှုန့် (၁) ဆ၊ ဖွဲ့နုအမှုန့် (၃) ဆ၊ ငါးကြေမှုန့်(၁ဆ) ရော၍ ကျွေးမွေးရပါမည်။

ငါးမှုန်များကို မြေကြီးကန်ဖြင့် ပြုစုခြင်း

ငါးမှုန်ပြုစုကန်များတွင် သက်ရှိအစာ Moina, Rotifer ကို ကျွေးမွေးရန် အခက်အခဲရှိပါက မြေကြီးကန်များဖြင့်လည်း ငါးမှုန်ပြုစုမွေးမြူဆောင်ရွက်နိုင်ပါသည်။ ငါးမှုန်ပြုစုမွေးမြူရန် မြေကြီးကန်အား ရေစုပ်၍ ရေအခမ်းပက်ပြီးနောက် ထုံးဖြူး၍ ငါးရိုင်းနှင့် ပိုးမွှားများ သန့်ရှင်းစေပြီး ရေကို ဇကာဖြင့်စစ်၍ သွင်းယူရမည်။ ရေအနက် ၂ ပေ - ၃ ပေခန့်တွင် ၃ ရက်သား ငါးမှုန်များကို ငါးငယ်စာအား တစ်နေ့(၂) ကြိမ် ကန်အနှံ့ ကြဲပက်ကျွေးရပါမည်။ ငါးမှုန်များကို မြေကြီးကန်အတွင်း တိုက်ရိုက် ပြုစုမွေးမြူခြင်းသည် လွယ်ကူသက်သာပြီး အောင်မြင်မှုများပြားကြောင်း သိရှိရပါသည်။

ငါးပြေမသားပေါက်များ (Fingerlings)

ငါးပြေမ သားပေါက်များကို ရေအနက် ၇၅ စင်တီမီတာ(၂ ပေခွဲ)တွင် အုတ်ကန်များဖြင့် မွေးမြူကြပါသည်။ ငယ်စဉ်တွင် အစာရရှိမှု၊ စားသုံးမှုအပေါ်မူတည်၍ ကြီးထွားမှု အတူညီကြသည့်အတွက် ငါးအရွယ်အစား ခွဲခြားခြင်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရှင်သန်နှုန်း ပိုမိုရရှိစေပါသည်။

ငါးပြေမ အသားတိုးမွေးမြူခြင်း (Grow-out)

ငါးပြေမ အသားတိုးမွေးမြူရန် အရွယ်အစားငယ်သော ကန်များ (၀ ဒသမ ၀၅ – ၀ ဒသမ ၂) ဟတ်တာသည်(၀.၁ – ၀.၅ ဧက) အကောင်းဆုံးဖြစ်ပါသည်။ မိုးရာသီကာလတွင် ငါးပြေမများသည် ပါးဟက်ဖုံးရှိဆူးများ အသုံးပြုပြီး တွားသွား၍ တစ်ကန်မှတစ်ကန်သို့ သွားလာနိုင်ပါသည်။ ငါးများလွတ်ထွက်မှုမရှိစေဖို့ ကာကွယ်ရန်အတွက် ငါးကန်ဘောင်ကို ၇၅ ဒီဂရီ ထောက်ချိုး၍ တည်ဆောက်ရမည်။ ကန်ဘောင်ပတ်လည်ကို ဇာပြာပိုက်များဖြင့် လုံခြုံအောင် ကာရံပေးရန်လည်း လိုအပ်ပါသည်။ ငါးပြေမ အသားတိုးမွေးမြူရာတွင် (၅-၆ nos/m2) တစ်မီတာပတ်လည်တွင် ငါးပြေမ ၅ - ၆ ကောင်နှုန်းထည့်သွင်းမွေးမြူရန် သင့်တော်ကောင်းမွန်ပါသည်။

ငါးပြေမ သားပေါက်များသည် ပြင်ပလေကို ရှုသွင်းရန် ရေမျက်နှာပြင်အပေါ်သို့ တက်ရောက် ကူးခတ်လေ့ရှိပါသည်။ ငါးအသားတိုးအစာကို ငါးအလေးချိန်၏ ၃-၅ ရာခိုင်နှုန်းကျွေးပါက တစ်နှစ်အတွင်းစျေးကွက်ဝင်အရွယ်အစားဖြစ်သည့် ၅၀-၆၀ ဂရမ်(၃-၄ ကျပ်သား)သို့ ရောက်ရှိနိုင်ပါသည်။

အုတ်ကန်တွင်းမွေးမြူခြင်း (Culture in Tank)

ငါးပြေမအသားတိုးမွေးမြူရန်အတွက် မြေကြီးကန်ဖြင့် မွေးမြူခြင်းထက် အုတ်ကန်ဖြင့် မွေးမြူခြင်းသည် ငါးများလွတ် မထွက်စေရန် ကာကွယ်ပေးပါသည်။ အုတ်ကန်၏ အတွင်းဖက် အောက်ခြေမျက်နှာပြင်တွင် မြေသားအထူ ၁၅-၂၀ စင်တီမီတာခင်း၍ မွေးမြူခြင်းဖြင့် ငါးများကျန်းမာရေးကောင်းမွန်ပြီး ကြီးထွားနှုန်း ပိုမိုစေပါမည်။ ငါးကန်ရေမျက်နှာပြင်၏ ၃၀-၄၀ ရာခိုင်းနှုန်းကို ရေနေအပင်များဖြစ်သည့် ဗေဒါ၊ ဘဲစာမှော်၊ ရေနှင်းဆီ စသည် ရေပေါ်နေအပင်များ (Water Floating Plants)ဖြင့် ဖုံးအုပ်ပေးရပါမည်။ သဘာဝပတ်ဝန်းကျင် အနေအထားကဲ့သို့ ဖြစ်စေပါသည်။ ငါးပြေမ သားပေါက် ၅ ဂရမ် (၆ ဒသမ ၅ စင်တီမီတာ) အရွယ်သည် အုတ်ကန်ဖြင့် မွေးမြူရန်သင့်တော်ပြီး ကောင်ရေ(၆၅-၇၀ nos/m2) ဖြင့် ထည့်သွင်းမွေးမြူရပါမည်။ ငါးစာအဖြစ် ငါးအလေးချိန်၏ ၃-၅ ရာခိုင်နှုန်းကို တစ်နေ့လျှင် ၂ ကြိမ်ခွဲ၍ ကျွေးရပါမည်။

လှောင်အိမ်အတွင်း မွေးမြူခြင်း (Culture in Cage)

ငါးပြေမများကို ၃ x ၂ x ၁ ဒသမ ၅ မီတာ (၁၀ x ၆.၅ x ၅ ပေ)အရွယ်အစားရှိလှောင်အိမ်များတွင် လှောင်အိမ်တစ်လုံးလျှင် ၂ စင်တီမီတာအရွယ်ကောင်ရေ ၅၅၀ နှုန်းဖြင့် မွေးမြူရမည်။ အစာအဖြစ် ငါးအသားတိုးစာ (Pellet) ကို ကျွေးရမည်။ မွေးမြူကာလ (၄)လ အကြာတွင် ငါး၏ ပျမ်းမျှကြီးထွားနှုန်း ၆၂ ဂရမ် (၄ ကျပ်သား)အထိ ရောက်ရှိနိုင်ပါသည်။ ငါးပြေမများကို လှောင်အိမ်ဖြင့် မွေးမြူရာတွင် ငါးခူ၊ ငါးကျည်း စသည့် ငါးမျိုးများနှင့် ရောနှော၍ Polyculture (အပင်နှင့် တိရစ္ဆာန် ရောနှောစိုက်ပျိုးမွေးမြူခြင်း) စနစ်ဖြင့်လည်း မွေးမြူနိုင်ပါသည်။

ငါးပြေမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး

ငါးပြေမသည် စောင်းလျားသီးနှင့် ချက်ပြုတ်စားသုံးပါက အရသာထူးကဲသည့်အပြင် ဆီးကျောက်ရောဂါအတွက် သက်သာပျောက်ကင်း နိုင်သည့် ဆေးဖက်ဝင်ငါးတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ငါးစျေးကွက်တွင် ရေပန်းစားနေသည့်ငါးမျိုး တန်ဖိုးကောင်းရရှိသည့် ငါးမျိုးဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် အရေးပါသည့် အခန့်ကဏ္ဍပါဝင်လျက်ရှိပါသည်။ ငါးပြေမ မွေးမြူခြင်းသည် အခြားသော ငါးမြစ်ချင်း၊ ငါးမျိုးများ မွေးမြူခြင်းထက် မွေးမြူချိန် အချိန်ကာလတိုတိုဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် ငါးမျိုးဖြစ်သည့်အပြင် လူတို့မသုံးဘဲ ပစ်ပယ်ထားသည့် ချိုင့်ငယ်၊ ကျင်းငယ်၊ ရေအိုင်ငယ်များတွင်ပါ အချိန်တိုအတွင်း မွေးမြူဖြစ်ထွန်းနိုင်သည့် ငါးမျိုးဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အနှံအပြားတွင် အလွယ်တကူ ရရှိနိုင်သော ငါးပြေမများကို မွေးမြူထုတ်လုပ်ခြင်းဖြင့် ကျေးလက်နေဆင်းရဲသားပြည်သူများ၏ စားနပ်ရိက္ခာနှင့် ဝင်ငွေရရှိမှု တိုးပွား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်မှသည် တအုတ်တမတိုးတက်မွေးမြူလာနိုင်ရေးအတွက် ဖြန့်ဝေလိုက်ရပါသည်။

ခင်ကိုလေး
မဟာသိပ္ပံ(မစ္ဆဗေဒ)

ငွေပင်လယ်ဂျာနယ်မှ ပြန်လည်ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်