ကော့ပါးမှိုသတ်ဆေးများအကြောင်း သိကောင်းစရာ

19/11/2024 11:51 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မှိုသတ်ဆေးများတွင် ထိသေအာနိသင် မှိုသတ်ဆေး(contact action fungicides)နှင့် ပင်လုံးပြန့်အာနိသင်မှိုသတ်ဆေး(Systemic action  fungicides) ဟူ၍ အကြမ်းအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါသည်။ ထိသေအုပ်စုမှိုသတ်ဆေးများကို မှိုရောဂါမကျရောက်မီ၊ကြိုတင်ကာကွယ်ဆေးအဖြစ်အသုံးပြုနိုင်ပြီး ပင်လုံးပြန့်မှိုသတ်ဆေးများကို ရောဂါစတင်ကျရောက်ပြီးနောက်ပိုင်းကာလတွင် အသုံးပြုကြရပါသည်။

ကော့ပါးပါသော မှိုသတ်ဆေးများ

- ကော့ပါးဆာလဖိတ်  (ဒုတ္ထာ)

- ကော့ပါးဟိုက်ဒြောက်ဆိုဒ်

- ကော့ပါးအောက်ဆီကလိုရိုဒ်

အာနိသင်နှင့်အလုပ်လုပ်ပုံ

ကော့ပါးအုပ်စုမှိုသတ်ဆေးသည် သီးနှံပင်တွင်ကျရောက်သည့် မှိုနှင့်ဘက်တီးရီးယားများ၏ ပရိုတိန်း/အင်ဇိုင်းများကို မကြီးထွားနိုင်အောင် ကာကွယ်ဟန့်တားပေးသည်။

သို့သော် ကော့ပါးမှိုသတ်ဆေးများ၏ သီးနှံပင်အပေါ်အကျိုးသက်ရောက်မှုပုံစံ၊ တစ်မျိုးနှင့်တစ်မျိုး မတူကွဲပြားခြားနားမှုများရှိကြပါသည်။

၁။ ကော့ပါးဆာလဖိတ်(ဒုတ္ထာ)

မဖောက်ထုံးနှင့် တွဲဖက်ပြီး(ဘော်ဒိုမစ်ချား မှိုဆေးအဖြစ်အသုံးပြုခြင်း စပါးခင်းများ၊ရေကန်များအတွင်းရှိ ရေညှိ/ရေမှော်ပင်သတ်ဆေးအဖြစ်အသုံးပြုန်ိင်ပါသည်။

ရေပျော်ဝင်မှုကောင်းသော ကော့ပါး(Soluble copper)အမျိုးအစားဖြစ်ပြီး အပြာရောင်ပုံဆောင်ခဲပုံစံဖြစ်သည်။

ဓာတ်ပြုမြန်သဖြင့် ရောဂါကာကွယ်မှုအတွက် အလွန်ထိရောက်သည်။ သို့သော် နှုန်းထားများပါက သီးနှံပင်ထိခိုက်နိုင်ပါသည်။

၂။ ကော့ပါး ဟိုက်ဒြောက်ဆိုက်

ပျော်ဝင်မှုနှေးသော fixed copperအမျိုးအစားဖြစ်သည်။ အမှုန့်ဆိုဒ်သေးပြီး၊ ဓာတ်ပြုမြန်ခြင်းကြောင့် အပင်ပေါ်တွင် ကျရောက်သော ဘက်တီးရီးယားရောဂါများအတွက်  လျင်မြန်စွာကာကွယ်နိုင်သည်။ အထူးသဖြင့် ဘက်တီးရီးယားပင်ညှိုးရောဂါများ(Xanthomonas spp,)ကို အထူးကာကွယ်ပေးသည်။ သို့သော် အပင်ပေါ်တွင် ကော့ပါးအိုင်းယွန်း ဓာတ်ကြွင်းအာနိသင် သက်တမ်းတိုသဖြင့် ထပ်ကြိမ်ပြု၍ အသုံးပြုရပါမည်။

၃။ ကော့ပါးအောက်ဆီကလိုရိုဒ်

အမှုန့်အရွယ်အစားကြီးပြီး fixed copper ချင်းအတူတူ ဓာတ်ပြုပိုနှေးသဖြင့် အပင်ပေါ်တွင် ဓာတ်ကြွင်းသက်တမ်းကြာရှည်ပါသည်။အထူးသဖြင့် မှိုရောဂါများအတွက်ကာကွယ်ရန် ပိုမိုထိရောက်ပါသည်။ အကြိမ်ကြိမ် ဆက်တိုက်မဖျန်းရပါ။ အပင်ထိခိုက်မှု(Phyto toxic)ဖြစ်နိုင်ပါသည်။

အထူးသတိပြုရမည့်အချက်များ

""""""""""""""""""""""""""""""""""""

ဓာတုမှိုသတ်ဆေး(Inorganic  fungicides)ဖြစ်သဖြင့်  ဆာလဖာ/ကော့ပါးပါသောမှိုသတ်ဆေးများကို အပူချိန် ၃၀ဒီဂရီဆဲစိယပ် အခြေအနေတွင် ဆေးဖျန်းပါက သီးနှံပင်ထိခိုက်နိုင်ပါသည်။ ပွင့်ဖူးဆင်ချိန်တွင် ကော့ပါး၊ မန်ကိုဇက်များဖျန်းခြင်းမပြုသင့်ပါ။

(အထူးသဖြင့် မုံညင်း၊ မုံလာ၊ ကိုက်လန်၊ ဘရိုကိုလီ၊ ပန်းသီး၊ ချယ်ရီ စသောဟင်းသီး၊ ရွက်ပင်များ၊ ကော့ပါးအုပ်စုဆေးများမဖျန်းသင့်ပါ)

ဆေးဖျော်ရာတွင် အသုံးပြုသောရေသည် pH နိမ့်ပါက(၆.၅ထက်နည်းပါက) ဓာတ်ပြုမြန်သဖြင့် အပင်လောင်တတ်ပါသည်။

ကော့ပါးဆေးများသည် အယ်လ်ကာလီဓာတ်(salts)ဖြစ်သဖြင့် အခြား အက်ဆစ်ဆန်သော မှိုဆေး/ပိုးဆေးများနှင့် ရောစပ်ဖျန်းခြင်းမပြုသင့်ပါ။

အကြံပြုတင်ပြချက်

""""""""""""""""""""""

သီးနှံပင်အားလုံးနီးပါးသည် မှိုရောဂါကျရောက်တတ်သဖြင့် မှိုသတ်ဆေးများမဖြစ်မနေ အသုံးပြုလျက်ရှိကြပါသည်။ သို့သော် ဆာလဖာ၊ ဇင့်၊ ကော့ပါးပါသော ထိသေမှိုသတ်ဆေးများဖြင့် မျိုးစေ့၊ ပျိုးပင်ဆေးစီရင်ခြင်း မကျရောက်မီ ကြိုတင်ကာကွယ်ခြင်းများ မဖြစ်မနေပြုလုပ်သင့်ပါသည်။

(ပင်လုံးပြန့်မှိုသတ်ဆေးများကို ကာကွယ်ဆေးအဖြစ် မကျရောက်မီကြိုတင်ကာကွယ်ခြင်းသည် မှိုရောဂါများ ခံနိုင်ရည်စွမ်းအား(Resistant  power)မြင့်မားစေပါသည်။)

ကော့ပါးဆေးများသည်လည်း ဘက်တီးရီးယားရောဂါများကို ယဥ်ပါးစေသဖြင့် ကော့ပါးဟိုက်ဒြောက်ဆိုဒ်နှင့် ကော့ပါးအောက်ဆီကလိုရိုဒ် ရောဖျန်းခြင်း၊ ကော့ပါးဟိုက်ဒြောက်ဆိုဒ်နှင့် ကာဆူကာမိုင်စင်/ဘစ်စမာသိုင်ယာဇို/စထရက်တိုမိုင်စင်များ ရောစပ်အသုံးပြုနိုင်ပါသည်။

(သီးနှံအမျိုးအစားနှင့် ကျ​ရောက်တတ်သည့် မှို/ဘက်တီးရီးယားရောဂါ အခြေနေပေါ်မူတည်၍ ဆေးသုံးစွဲမှုနည်းစနစ်များကို နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်နှင့်ဆွေးနွေးတိုင်ပင်ပါ။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်