အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?

02/07/2026 10:44 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ကျွန်တော်တို့ မြန်မာ့ကျေးလက်မှာ အလေ့ကျပဲဖြစ်ဖြစ်၊ ခြံစည်းရိုးမှာပဲဖြစ်ဖြစ် အလွယ်တကူ တွေ့ရတတ်တဲ့ "ဒန့်သလွန်ပင်" ကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက "အံ့ဖွယ်အပင်" (Miracle Tree) လို့ တင်စားခေါ်ဝေါ်ကြတာကို ဦးကြီးတို့ သိပါသလားခင်ဗျာ။

ကမ္ဘာ့တစ်ဖက်ခြမ်းက "SERA2030" လို့ခေါ်တဲ့ ဂေဟစနစ်ပြန်လည်ပြုပြင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းကြီးရဲ့ တည်ထောင်သူ ဒေါက်တာ ဂျိုရယ် ကတော့ ဒန့်သလွန်ပင်ဟာ လူတွေအတွက်တင်မကဘဲ နို့စားနွားမွေးမြူရေး လုပ်ငန်းကိုပါ အကြီးအကျယ် ပြောင်းလဲပေးနိုင်တဲ့ "ရွှေတွင်းကြီး" တစ်ခု ဖြစ်တယ်လို့ လက်တွေ့သက်သေပြထားပါတယ်။

၁။ နွားစာဖိုး သက်သာစေမယ့် ဒန့်သလွန်ရွက်ရဲ့ အံ့ဖွယ်အာဟာရ

မွေးမြူရေးတောင်သူတွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဈေးကြီးတဲ့ နွားစာအာဟာရ ဖြည့်စွက်စာတွေ ဝယ်ကျွေးနေရတာ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်ဟာ သဘာဝကပေးတဲ့ အကောင်းဆုံး နွားစာဖြည့်စွက်စာပါ။

ဒန့်သလွန်ရွက်ခြောက်မှာ ပရိုတင်း (Protein) ဓာတ် ၂၇% ကနေ ၃၀% အထိ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပဲဖတ်၊ နှမ်းဖတ်တွေနေရာမှာ အဆင်ပြေပြေ အစားထိုး အသုံးပြုနိုင်ပါတယ်။

လိမ္မော်သီးထက် ဗီတာမင် C (၇) ဆ၊ မုံလာဥနီထက် ဗီတာမင် A (၄) ဆ၊ ဟင်းနုနွယ်ထက် သံဓာတ် (၃) ဆ ပိုမိုပါဝင်ပြီး ဗီတာမင် E နဲ့ သတ္တုဓာတ်တွေလည်း အပြည့်အဝ ပါဝင်ပါတယ်။

၂။ နို့ထွက်နှုန်း တိုးရုံတင်မက နို့အရည်အသွေးပါ တက်စေခြင်း

သုတေသနပြုချက်များအရ ဒန့်သလွန်ရွက် (သို့မဟုတ်) ဒန့်သလွန်ရွက်မှုန့်ကို နို့စားနွားမတွေကို ပမာဏအနည်းငယ် (တစ်ရက်လျှင် တစ်ကောင်ကို ဂရမ် ၅၀ မှ ၆၀ ခန့်) စနစ်တကျ ဖြည့်စွက်ကျွေးရုံနဲ့တင် နို့ထွက်နှုန်းကို သိသိသာသာ တိုးတက်စေပါတယ် (အချို့သော စမ်းသပ်ချက်များတွင် နို့ထွက်နှုန်း ၂၀% အထိ တိုးတက်လာကြောင်း တွေ့ရပါတယ်)။

နို့ထဲမှာပါဝင်တဲ့ အဆီဓာတ် (Milk Fat) နဲ့ ပရိုတင်းဓာတ် ကို မြှင့်တင်ပေးတာကြောင့် နို့အရည်အသွေး ပိုမိုကောင်းမွန်ပြီး ဈေးကွက်မှာ ဈေးကောင်းရရှိစေပါတယ်။

၃။ နွားမတွေရဲ့ ကျန်းမာရေးနဲ့ အုံနာရောင်ရောဂါ ကာကွယ်ခြင်း

နို့စားနွားမွေးမြူသူတွေ အကြောက်ဆုံးကတော့ နွားမတွေ နို့ထွက်ခါစ ကာလမှာ ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုနဲ့ "အုံနာရောင်ရောဂါ" (Mastitis) ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နဲ့ Flavonoids တွေဟာ နွားတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နို့အုံအတွင်းမှာရှိတဲ့ ဆဲလ်သေအရေအတွက် (Somatic Cell Count) ကို လျှော့ချပေးပါတယ်။ ဒါကြောင့် နို့အုံကို ကျန်းမာစေပြီး အုံနာရောင်ရောဂါ ဖြစ်ပွားမှုကို သဘာဝအတိုင်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၄။ ကမ္ဘာကြီးကို ကယ်တင်ပြီး တောင်သူ့စီးပွား မြှင့်တင်မယ့် SERA2030 စီမံကိန်း

ဒေါက်တာ ဂျိုရယ်ရဲ့ SERA2030 စီမံကိန်းဟာ ဒန့်သလွန်ပင် သန်းပေါင်းများစွာ စိုက်ပျိုးဖို့ လှုံ့ဆော်နေရတာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။

ဒန့်သလွန်ပင်ဟာ အခြားအပင်တွေထက် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို အဆ (၂၀) ပိုမိုစုပ်ယူ ပေးနိုင်လို့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ကာကွယ်ပေးပါတယ်။

ဒန့်သလွန်ရွက်ကို ကျွေးခြင်းဖြင့် နွားတွေရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး လေထုကို ညစ်ညမ်းစေတဲ့ နွားတွေရဲ့ လေပွခြင်း၊ လေလည်ခြင်းကထွက်တဲ့ မီသိန်းဂတ်စ် (Methane Emissions) ကိုပါ လျှော့ချပေးနိုင်တာကြောင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ မွေးမြူရေးစနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာတောင်သူဦးကြီးများအတွက် လက်တွေ့အကြံပြုချက်

မိမိတို့ခြံဝင်းထဲမှာ ဒန့်သလွန်ပင်ကို အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ရေဝပ်တာကလွဲရင် မြေညံ့မှာလည်း ခံနိုင်ရည်ရှိပြီး အပင်ကြီးထွားမှု အလွန်မြန်ဆန်တဲ့အတွက် နွားစာအတွက် အဆင်ပြေဆုံး ဖြစ်ပါတယ်။

အသုံးပြုပုံ

ဒန့်သလွန်ရွက်နှင့် နုနယ်သော ကိုင်းဖျားလေးများကို ခုတ်ယူပြီး နေလှန်းအခြောက်ခံကာ အမှုန့်ကြိတ်၍ နွားစာထဲတွင် (တစ်ကောင်လျှင် တစ်လက်ကုပ်ခန့် သို့မဟုတ် မိမိကျွေးနေကျ နွားစာအချိုးအစားအလိုက်) စနစ်တကျ ရောစပ်ကျွေးမွေးနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့... ကုန်ကျစရိတ်ကြီးမားတဲ့ ဓာတုဗေဒဆေးဝါးတွေ၊ အာဟာရမှုန့်တွေနောက်ကိုပဲ အမြဲလိုက်မယ့်အစား မိမိတို့ပတ်ဝန်းကျင်မှာ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ "ဒန့်သလွန်ပင်" ကို တိုးချဲ့စိုက်ပျိုးပြီး မိမိတို့ရဲ့ မိသားစုဝင် နွားလေးတွေကို ကျွေးမွေးကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာ နွားစာစရိတ် သက်သာစေရုံတင်မက၊ နွားလည်းကျန်းမာ၊ နို့လည်းပိုထွက်ပြီး သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာရောက်တဲ့ "စရိတ်သက်သာ ခေတ်မီစိမ်းလန်းမွေးမြူရေး" ရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတော့တယ်။

 

ဖြည့်စွက်ချက် 

ဒန့်သလွန်ဟာ တကယ့်ကို ဘက်စုံသုံးအပင် (Multi-purpose tree) ဖြစ်လို့ ကမ္ဘာတစ်ဝန်းက မွေးမြူရေးပညာရှင်တွေဟာ အခြားတိရစ္ဆာန်တွေမှာလည်း အခုလို အောင်မြင်စွာ အသုံးပြုနေကြပါတယ်။

ကြက်၊ ဘဲ (Poultry): ဒန့်သလွန်ရွက်မှုန့်ကို ကြက်စာထဲမှာ (၁% မှ ၃%) ခန့် အနည်းငယ် ရောစပ်ကျွေးရုံနဲ့ တိုက်ကြက်/အသားတိုးကြက်တွေရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး သေနှုန်းကို လျှော့ချပေးပါတယ်။ အထူးသဖြင့် ဥစားကြက်တွေကို ကျွေးရင် ကြက်ဥအနှစ်အရောင်ကို ပိုပြီး ရွှေဝါရောင်သန်းကာ လှပစေလို့ ဈေးကွက်မှာ လူကြိုက်များစေပါတယ်။

ဝက် (Pigs): ဝက်ကလေးတွေ အစာစားချင်စိတ်ကို ပိုမိုလှုံ့ဆော်ပေးပြီး အသားတိုးနှုန်း မြန်ဆန်စေပါတယ်။ နို့တိုက်ဝက်မတွေကို ကျွေးရင်လည်း နို့ရည်ပိုလိုက်ပြီး ဝက်ကလေးတွေ သွေးဝမ်းသွားတဲ့ရောဂါကိုပါ သဘာဝအတိုင်း ကာကွယ်ပေးနိုင်ပါတယ်။

ဆိတ်၊ သိုး (Goats & Sheep): ဆိတ်နဲ့ သိုးတွေဟာ အပင်အကြမ်းခံပြီး အရွက်စားသတ္တုဝါတွေဖြစ်လို့ ဒန့်သလွန်ရွက်ဟာ သူတို့အတွက် အကောင်းဆုံး ပရိုတင်းဓာတ်စာ ဖြစ်ပါတယ်။ အသားတိုးနှုန်း သိသိသာသာ ကောင်းမွန်လာသလို ဆိတ်နို့ညှစ်တဲ့ခြံတွေမှာလည်း နို့ထွက်နှုန်း ပိုကောင်းစေပါတယ်။

ဒန့်သလွန်ဟာ စိုက်ပျိုးရလွယ်ကူပြီး အဟာရဓာတ် ဒီလောက်ကြွယ်ဝတာကြောင့် နို့စားနွားတင်မကဘဲ မွေးမြူရေးကဏ္ဍစုံမှာ "သဘာဝရဲ့ လက်ဆောင်မွန်" အဖြစ် အသုံးချနိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ 

တောင်သူဦးကြီးများ အားလုံး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကြပါစေခင်ဗျာ...။

APAO/SERA2030 စီမံကိန်း တည်ထောင်သူ ဒေါက်တာဂျိုရယ်၏ Boosting Cow Health and Milk with Moringa: Why SERA2030 Matters ဆောင်းပါကို ဆီလျော်အောင် ပြန်ဆိုရေးသားထားပါသည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်