ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း

20/04/2020 17:00 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ပန်းအလှကို ပန်းထိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငိုပန်း သည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်သည်။ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှဆင်သော ဖြတ်ပန်းတစ်မျိုးလည်း ဖြစ်ပါသည်။ ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးလည်းဖြစ်ပါသည်။

ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစား

    မူရင်းဒေသမှာ ပူနွေးပြီး စွတ်စိုသောရာသီဥတုရှိသည့် အရှေ့တောင်အာရှဒေသဖြစ်သည်။ perennial herbs နှစ်ရှည်ခံ ပင်ပျော့မျိုးဖြစ်သည်။ ရေကြိုက်သော်လည်းရေဝပ်တာကို မကြိုက်ပါ။  မြေချဉ်ငံကိန်း pH ၅ - ၆ တွင် ကောင်းစွာဖြစ်ထွန်းပြီး မြေနီသဲဝန်း၊ သဲနုံးနှင့် နုံးမြေများတွင် ဖြစ်ထွန်းသည်။ အရိပ်လိုအပ်ချက်ရှိပြီး မျိုးအလိုက် အရိပ်လိုအပ်ချက်မှာ ကွာခြားမှုရှိသည်။ ရေမြေ‌ဒေသအခြေအနေအရ ပန်းပွင့်ရန်အတွက် ပူနွေးပြီး နေ့တာရှည်သော နွေကာလလိုအပ်ပြီး အေး၍ နေ့တာတိုသောဆောင်းအခါတွင် အပင်များ ဝါ‌ခြောက်သွားသည်။ အပင်များ နားနေသောကာလသည် နိုဝင်ဘာလ မှ ဇန်နဝါရီလကုန်အထိ ဖြစ်သည်။

မျိုး

    တစ်ထပ်ပန်းထိမ်းငို၊ နှစ်ထပ်ပန်းထိမ်ငို၊ သုံးထပ်ပန်းထိမ်ငို ဟု ၃ မျိုးရှိသည်။ မျိုးကွဲ ပေါင်းများစွာရှိပြီး ပန်း၏အ‌ရောင်များမှာ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသည်ဖြင့်ရှိသည်။ ဖေဖေါ်ဝါရီလတွင် ဥများတူးဖော်ကာ စိုက်ပျိုးကြသည်။ အပင်အမြင့် ၁၈-၂၄ လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုသည်။ 

စိုက်ပျိုးနည်း

    ပထမနှစ်စိုက် စိုက်ဘောင်များဖြစ်ပါက အပင်ကြွင်းကျန်များအား ဖြတ်ထုတ်ပြီး ဘောင် များအပေါ်တွင် မီးပါးပါးရှို့ကာ ကောင်းစွာဆွေးမြေ့သည့် နွားချေးစသည့် မြေဩဇာများ ထည့်၍ ရေမှန်မှန်သွင်းပေးခြင်းဖြင့် ပန်းများစောစီးစွာပွင့်စေသည်။ ပန်းခင်းများအား ၃ နှစ်ထိထားပြီး စိုက်ပျိုးနိုင်သည်။

    အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပျိုးပါက နောင်နှစ်နွေအကုန် မိုးဦးကျခါနီးတွင် စတင်ခူးဆွတ်နိုင်၍ အပင်စိုက်ပြီး တစ်နှစ်ကြာလျှင် စတင်ခူးဆွတ်နိုင်သည်။ ဥများကို ဇန်နဝါရီလကုန်၊ ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလလယ်တွင် ခူးဆွတ်နိုင်သည်။

    စိုက်ပျိုးရာတွင် အပင်ကို ကိုင်းထိုးခြင်းနှင့် အမြစ်ရှိ မျိုးဥများမှစိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်သည်။ အပျော်တမ်းစိုက်ပျိုးသူ အိမ်ရှင်မတို့သည် အိမ်ရှိ ဘုရားပန်းများကပ်လှူပြီး စွန့်ပစ်သည့်အခါ စွန့်ပစ်ပင်စည်များအား အိုးတွင် ကိုင်းထိုးစိုက်ပျိုးထားကြသည်။ စီးပွားဖြစ်စိုက်ပျိုးသူများသည် မျိုးဥများကို ဝယ်ယူစိုက်ပျိုးကြသည်။ 

    စိုက်ပျိုးရာတွင် ၃ ပေ အကျယ်ဘောင်ရှည်တွင် ပင်ကြားတန်းကြား ၁၀ လက်မအကွာ ထား၍  စိုက်ဘောင်များ ပြုလုပ်စိုက်ပျိုးနိုင်ပါသည်။ မျိုးဥတစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် ၁၀၀ ကျော်ရသည်။ အကျယ် ၃ ပေနှင့် အရှည် ၁၀ ပေ စိုက်ဘောင်တွင် ၉ လက်မပတ်လည်အကွာ အပင်များစိုက်ပျိုးရာ အပင် ၅၃၃ ပင် ဝင်ဆံ့သည်။ မိမိစိုက်ပျိုးမည့်   နေရာဒေသပေါ် မူတည်၍ စိုက်ဘောင်ကို ပြုပြင်နိုင်သည်။ စိုက်ပျိုးမည့်နေရာ၏ နေရောင်ခြည်ရရှိမှု အခြေအနေပေါ်မူတည်၍ အရိပ်ရရှိအောင် ဆောင်ရွက်ပေးရမည်။ စိုက်ဘောင်များတွင် မျိုးဥကို တိုက်ရိုက်ချ၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ဘောင်များတွင် ကောင်းစွာဆွေးမြေ့သော သဘာဝ‌မြေဩဇာများထည့်ရန်လိုအပ်ပြီး နွားချေးဆွေးကို ပို၍ကြိုက်နှစ်သက်သည်။ ဖေဖေါ်ဝါရီလကုန်မှ ဧပြီလဆန်းအထိ စိုက်ပျိုးနိုင်သည်။ 

   အပင်များအညှောင့်ပေါက်ရန်မှာ ၄-၂၀ ရက်အထိကြာပြီး အပင်မှ ပန်းပွင့်ရန် ရက် ၅၀ ကြာသည်။ ပန်းပွင့်ကာလ ၁၂ ပတ် အထိရှိသည်။

အပင်ပြုစုခြင်း

    အပင်ခြေတွင် ကောင်းစွာဆွေးမြေ့သည့် မြေဆွေးများ ဖုံးပေးရန်လိုအပ်သည်။ နေ့စဉ်မှန်မှန်ရေလောင်းပေးရန် လိုအပ်ပြီး ရေမဝပ်စေရန် သတိပြုရမည်။ အရိပ်ပြုလုပ်ပေးရန်လည်း လိုအပ်ပါသည်။

မြေဩဇာထည့်သွင်းခြင်း

    ယူရီးယား၊ တီစူပါ၊ ပိုတက်ဓါတ်မြေဩဇာ အချိုး ၁၅-၃၀-၁၅ မြေဩဇာအရည်ကို လစဉ်ပက်ဖျန်းနိုင်သည်။ အပင်ခြေဖုံးအဖြစ် မြေဆွေးနှင့် စက်ဖွဲပြာ ဆတူရော၍ ထည့်သွင့်း ပေးနိုင်သည်။ 

    အပင်၏ အောက်အရွက်များတွင် အရွက်ဘေးအစွန်းများမှ စတင်ဝါပြီး အရွက်အတွင်းသို့ တဖြည်းဖြည်းဝါလာခြင်းဖြင့် နိုင်ထရိုဂျင်ချို့တဲ့သည်ကို သိရှိနိုင်ပြီး 1% ယူရီးယား / DAP (ဒိုင်အမိုးနီယမ်ဖော့စဖိတ်) 2% ကို ရွက်ဖြန်းအားဆေးအဖြစ် တစ်ပတ်နှစ်ကြိမ် ပက်ဖျန်းနိုင်သည်။

ပိုးမွှားရောဂါ

    များသောအားဖြင့် အကြမ်းခံပြီး ပိုးရောဂါကျရောက်မှု ကင်းပါသည်။ အရွက်များ အား လိပ်ပြီး စားသောက်သော ရွက်လိပ်စားခူများသည် အရွက်များထွက်ခါစ အရွက်လိပ်များအတွင်းဝင်ရောက်၍ အရွက်များအား စားသောက်ဖျက်ဆီးသည်။ ရွက်ထွင်းပိုးများလည်း ကျရောက်၍ အရွက်မျက်နှာပြင်ပေါ်တွင် ထွင်းထားသော လမ်းကြောင်းများကို တွေ့ရသည်။၊ ပျ၊ ဖြုတ်စိမ်း၊ သရစ်၊ ပိုးစေးနှဲတို့ ကျရောက်တတ်ပြီး အသစ်ထွက်လာသောအရွက်များနှင့် အညှောင့်အသစ်များတွင် ပိုးစေးနှဲများ ကျရောက်မှုများပါက နောက်ဆက်တွဲ ဗိုင်းရပ်ရောဂါကို ဖြစ်စေသည်။ ပိုးများအား ထိသေစားသေ၊ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးအား ပိုးများထိအောင် ဖျန်းပါ။

    ရောဂါအနေဖြင့် အထွက်နှုန်းကို ထိခိုက်စေပြီး အဖြစ်များသောရောဂါမှာ ပင်စည်ပုပ်ခြင်း အမြစ်ပုပ်ခြင်းရောဂါဖြစ်သည်။ Pythium aphanidermatum မှိုသက်ရှိကြောင့်ဖြစ်သည်။ မြေဆောင်မှိုရောဂါဖြစ်ပြီး မြေကြီးစိုထိုင်းဆ များလွန်းသောအခါ၊ ရေဝပ်သောအခါ ရောဂါဖြစ်စေသောသက်ရှိကို ဖြစ်စေသည်။ များသောအားဖြင့် အသစ်ထွက်လာသည့် အညှောင့်များကို ထိခိုက်စေသည်။ ရောဂါကျအပိုင်းကို ဖယ်ရှားပြီး မြေကြီးထဲ ရောဂါကျနေရာသို့ ပင်လုံးပြန့်မှိုသတ်ဆေးကို ဖြန်းပါ။ ရေမဝပ်အောင် သတိပြုပါ။  

    မြေဆောင်နှင့် မျိုးစေ့ဆောင် ဘက်တီးရီးယားသက်ရှိ Pseudomonas solanacearum ကြောင့်ဖြစ်သော ဘက်တီးရီးယားပင်ညှိုးရောဂါ ကျတတ်ပါသည်။ ရေစိုနာအကွက်တွေကို ပင်စည်ဘေးတွေမှာ စတင်တွေ့ရပြီ ပင်စည်တလျှောက် အထက်အောက်ပျံ့နှံသွားသည်။ အပင်တစ်ပင်လုံး ဝါပြီး ညှိုးခြောက်သွားသည်။ ဘော်ဒိုဆေးရည် သို့ ၂ % ကော့ပါးအောက်ဆီကလိုရိုက် (copper oxychloride) ကို ဖျန်းပါ။

    ရွက်ပြောက်ရောဂါ - ရောဂါဖြစ်စေသောသက်ရှိ Phyliostiete zingiberi ကြောင့်ဖြစ် သည့် ရောဂါကို ဇူလိုင်မှ အောက်တိုဘာလအတွင်း တွေ့ရှိရသည်။ အရွက်များတွင် ရေစိုနာအစက် စတင်ဖြစ်ပေါ်လာပြီး အစက်များမှာ အလယ်တွင် အဖြူရောင်ပြောင်းကာ အဝါရောင်ပေါ်တွင် အနက်ရောင်အနားသတ်ရှိသည်။ မိုးများလွန်းသောအခါတွင် ပို၍တွေ့ရသည်။ ၁ % ဘော်ဒိုဆေးရည်ဖျန်းပါ။

    အပင်များကို ဝါပုပြီး ကြီးထွားမှုနှေးစေသော ဗိုင်းရပ်ရောဂါကျရောက်ပါက ရောဂါကျအပင်ကို ဖယ်ရှားမီးရှို့ဖျက်ဆီးပါ။ ရောဂါကျအခင်းအား ကိုင်တွယ်ပြီး ရောဂါကင်းစင်သည့်အပင်များကို ထိတွေ့ပါက ရောဂါကူးစက်နိုင်သည်။ စုပ်စားပိုး ပျမှလည်း ရောဂါကူးစက်နိုင်သဖြင့် ပျကျရောက်မှုရှိပါက နှိမ်နင်းပါ။

ခူးဆွတ်ခြင်း

    စိုက်ခင်းများမှ ပန်းခက်များအား ပန်းစတင်ပွင့်သည်မှစ ၁၂ ပတ်အတွင်း ပန်းခက်များကို ဖြတ်ခူးနိုင်သည်။ ပန်းအထွက်သည် ထည့်သွင်းသည့် မြေဆီအဟာရပေါ်မူတည်သည်။ 

မျိုးပြန်လည်ရယူခြင်း

   မျိုးအဖြစ်ထားရှိမည်ဆိုပါက ရောကင်းစင်သည့် စိုက်ဘောင်ကိုသာ မျိုးအဖြစ် ပြန်လည်ရယူသင့်ပါသည်။ အပင်များ နားနေချိန်ဖြစ်သည့် အေးသောလများတွင် ရေမလောင်းဘဲ ထားရမည်။ မျိုးဥများကို ဖေဖေါ်ဝါရီလကုန်တွင်သာ တူးဖော်သင့်သည်။

    ပန်းထိမ်ငိုပန်းခက်ကို ပန်းဦးပေါ်စ ဇွန်လလယ်တွင် တစ်ခက်ကို ၃၀၀ ကျပ်ထိရသည်။‌ နောက်ပိုင်း ပန်းများချိန်တွင် တစ်ခက်ကို ၁၅၀ ကျပ် တန်ဖိုးရှိသည်။ မျိုးဥ တစ်ကြီမ်ရင်းနှီးစိုက်ပျိုးရပြီးနောက် ၂ နှစ်တွင် စိုက်စရိတ်သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သည်။ အချို့မှာ ပျိုးအိတ်များအတွင်း ထည့်သွင်းစိုက်ပျိုးပြီး အခက်များတွင်  ပန်းပွင့်လာချိန် အပွင့်အခက်နှင့်တကွ ပျိုးအိတ်ဖြင့် ရောင်းချပြီး အိမ်တွင်းအလှဆင်ခြင်းအတွက် ဝယ်ယူကြသည့်များလည်းရှိသည်။ ပန်းပွင့်၏ အရောင်အလိုက် တန်ဖိုးသတ်မှတ်မှု ကွာခြားသည်။ အရိပ်တွင်လည်း ဖြစ်ထွန်းသည့် အပင်ဖြစ်သည့်အတွက် အခြားသောအပင်များနှင့်လည်း ကြားညှပ်စိုက်ပျိုးနိုင်သည်။ တွက်ခြေကိုက် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ပါသည်။

12.4.2020

အေးသန္တာစိုး၊ B.Agr.Sc-1998

Ref.တနင်္သာရီတိုင်းအတွင်းလက်တွေ့စိုက်ပျိုးနေမှူများ

http://www.orchids-flowers.com/globba-winitii-white-dragon/

https://www.australianplantsonline.com.au/globba-white-dragon-ginger-orchid.html

https://www.amberleaflandscaping.com.au/plant-directory/globba/

http://www.gingersofindia.com/useful-gingers/ornamental-gingers.html


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်