ရေပေါ်ငါးအစာတောင့်ဆိုတာဘာလဲ. ဘယ်လိုငါးမျိုးတွေကျွေးလို့ရလဲ..?

27/12/2023 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

မွေးမြူထားသော ရေနေသတ္တဝါများသည် ရှင်သန်ကြီးထွားရန်အတွက် အစာ စားရသည်။ အစာ (Feed) ကို ခန္ဓာကိုယ်အတွက် အာဟာရအထောက်အပံ့ရစေရန် စားသုံးရာတွင် အပင်အရင်းမြစ် (Plant Source) သို့မဟုတ် တိရစ္ဆာန်အရင်းမြစ် (Animal Source)မှရရှိကြသည်။အဆိုပါအရင်းမြစ်တွင် ကာဗိုဟိုက်ဒရိတ်၊ အဆီများ၊ ပရိုတင်းများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကဲ့သို့ မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များ ပါဝင်ကြရမည်ဖြစ်သည်။ 

မွေးမြူရေးတွင်လည်း သားပေါက်ထုတ်လုပ်ခြင်းနှင့် အသားတိုးမွေးမြူခြင်းဟူ၍ရှိရာ ရေနေသတ္တဝါမျိုးစိတ်အလိုက်နှင့် သက်တမ်းအလိုက် သားလောင်း၊ သားပေါက်၊ ငါးမှုန်၊ ငါးသန်၊ ငါးဖျန်း၊ သက်လတ်၊ သက်ကြီးကောင်စသည်ဖြင့် မတူညီမှုများရှိသည့်အပြင် ကျွေးသည့် အစာအမျိုးအစား ၊အရွယ်အစား၊ ပုံစံ၊ အာဟာရဓာတ်ပါဝင်မှုတို့လည်း ကွဲပြားကြသည်။ ယင်းသို့မတူညီမှုများအရ ဖြည့်စွက်အစာ ကျွေးရာတွင် မတူညီသောကုန်ကြမ်းပစ္စည်းများကိုရောစပ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ပြုပြင်ထုတ်လုပ်ကြရသည်။

ဤတွင် အစာ၌ အစိုဓာတ် (Moisture) ပါဝင်မှုကို အခြေခံ၍ အစာအမျိုးအစား ကွဲပြားသွားပြန်သည်။ အစိုဓာတ်(ရေပါဝင်မှု) ၃၅% မှ ၇၅ % အထိ ပါဝင်သည့်အစာကို အစာအစို (Moist Feed) ဟုခေါ်သည်။ အစိုဓာတ်၁၂% မှ ၃၅% အထိရှိပါက မစိုမခြောက်သောအစာ(Semi Moist Feed) ဟုခေါ်ပြီး အစိုဓာတ်ပမာဏ ၄% မှ ၁၂% အထိပါသောအစာကို ခြောက်သွေ့သောအစာ (Dry Feed) ဟုခေါ်သည်။ Dry Feed အမျိုး အစားများ (Types of Dry Feed) ကိုလည်း မတူညီသော ပုံစံမျိုးဖြင့် Pellet Feed, Flake Feed, Powdered Feed, Micro-Encapsulated Feed စသည်ဖြင့်ထုတ်လုပ်ကြသည်။

ယခုဆောင်းပါးတွင်ရေချိုငါးမွေးမြူရေး၌ အဓိကဖြည့်စွက်ကျွေးသည့်အစာများဖြစ်သည့် ကဇော်ဖတ်၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဖတ်၊ ပဲပုပ်စေ့ဖတ် (Raw Ingredients) နှင့် စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားသည့် အစာတောင့် (Pellet – Dry Feed) များအနက် ရေပေါ်ငါးအစာတောင့်အကြောင်း ဖော်ပြသွားမှာ ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ငါးမွေးမြူသူအများစုသည် စီးပွားဖြစ်ထုတ်လုပ်ထားသော ပရိုတင်း ၁၈ - ၅၀%၊ အဆီဓာတ် ၁၀ - ၂၅%၊ ကာဘိုဟိုက်ဒရိတ် ၁၅ - ၂၀%၊ ပြာဓာတ် < ၈.၅%၊ ဖော့စဖရပ်စ် < ၁.၅၊ ရေ < ၁၀% နှင့် ဗီတာမင်၊ သတ္ထုဓာတ်များ ပါဝင်သည့် ပြီးပြည့်စုံသော အစာများ အသုံးပြုကြသည်။ Dry Feed များကို ယေဘုယျအားဖြင့် Dry Ingredientsများ သို့မဟုတ် Mixtures of Dry and Moist Ingredients များ ရောစပ်ထားသည်။ Dry Feed တွင် Moisture ပါဝင်မှုနည်းပြီးပတ်ဝန်းကျင်ပေါ်မူတည်၍ Moisture ၇-၁၃% ခန့်ရှိသည်။ Dry Feed ကိုစက်ပိုင်းဆိုင်ရာနည်းလမ်းများဖြင့် ကျစ်လစ်သိပ်သည်း၍ တိကျသည့်ပုံဖော်မှုမျိုးဖြင့် အစာတောင့်များထုတ်လုပ်နိုင်ပြီး ယင်းကို Pellet ဟုခေါ်သည်။ အစာစပ်ပုံဖော်မြူလာနှင့် အစာကျစ်လစ်မှုနည်းစနစ်ပေါ်မူတည်၍ ရေတွင်ပေါ်သောအစာကို ရေပေါ်အစာ (Floating Feed) နှင့် ရေတွင်မြုပ်သောအစာကို ရေမြုပ်အစာ (Sinking Feed) အဖြစ်ခွဲခြားထုတ်လုပ်သည်။

ရေပေါ်အစာကိုအထူးသဖြင့် နွေးသောရေတွင်နေထိုင်ကျက်စားသည့် ငါးမျိုးစိတ်များ (Warm – Water Fish Species) ဖြစ်သည့် တီလားပီးယား၊ ငါးခူ၊ ငါးတန်နှင့် Carps အုပ်စုဝင်ငါးများ (ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးဆိုင်းခေါင်းပွ) စသည့်မွေးမြူရေး ငါးများအားကျွေး၍ရပါသည်။

မွေးမြူရေးကန်များတွင်များသောအားဖြင့် ရေမြုပ်အစာတောင့်သာကျွေးလေ့ရှိပြီး ယခုနောက်ပိုင်းကာလများမှ ရေပေါ်အစာ ကျွေးသည့် စနစ်တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဖြည့်စွက်အစာကျွေးရာတွင် အရေးကြီးသည့်အချက်မှာ ကျွေးလိုက်သည့်အစာ အားလုံးနီးပါးသည် ငါးများကောင်းစွာရရှိ စားသုံးနိုင်ရေးပင်ဖြစ်သည်။ ငါးများမစားလိုက်ရသော အလေအလွင့်ပမာဏပေါ်မူတည်၍ ကန်ရေညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့်အပြင် ငါးများကို ပြန်ပြီး အန္တရာယ်ဖြစ်စေနိုင်သည်။ ကျစ်လစ်သိပ်သည်းမှုမရှိသော အစာများဖြစ်သည့် (ဥပမာ - ဖွဲနုကို အမှုန့်အတိုင်း ပက်ကျွေးသည့် အလေ့အထ) သည် လေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်းအများဆုံးဖြစ်သည်။ ယေဘုယျ အစာဆုံးရှုံးမှု ၄၀% မှ ၅၀% အထိ ရှိသည်။ အစာတောင့် ကျွေးခြင်းသည် ၁၀% သာအလေအလွင့်ရှိနိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်