ဆိတ်ကို ခြံလှောင်စနစ်မွေးမှာလား

08/09/2021 13:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဆိတ်မွေးမြူစနစ်မှာ လွှတ်ကျောင်းစနစ်၊ ခြံလှောင်လွှတ်ကျောင်းစနစ်၊ ကြိုးချည်မွေးစနစ်၊ လုံးဝခြံလှောင်စနစ်ဆိုပြီး အမျိုးမျိုးမွေးမြူကြပါတယ်။ 

    ခြံလှောင်စနစ်မှာ အားနည်းချက်တွေရှိသလို အားသာချက်တွေလည်း ရှိကြပါတယ်။ အားသာချက်တွေက  ထိန်းကျောင်းရလွယ်ကူခြင်း၊ နေရာများစွာမလိုခြင်း၊ သူတစ်ပါးစိုက်ခင်းတွေထဲ ဝင်ရောက်နိုင်မှုမရှိတဲ့အတွက်  စိုက်ပျိုးတောင်သူတွေနဲ့ ပြဿနာမဖြစ်နိုင်ပါ။ အခြားအလုပ်တစ်ဖက်နဲ့  လုပ်ကိုင်လိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဆိတ်ချေးကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်ရောင်းချရလို့ ဝင်ငွေရနိုင်ပါတယ်။ ဆိတ်ကျန်းမာရေး စောင့်ရှောက်ဖို့ လွယ်ကူတယ်။ စနစ်တကျ ကျွေးမွေးနိုင်ရင် ကြီးထွားနှုန်းကောင်းပါတယ်။ အားနည်းချက်တွေက ခြံဖိုး၊ အစာဖိုးကုန်ကျစရိတ်များပြီး အစာကို နည်းစနစ်တကျမကျွေးတတ်ရင် ကုန်ကျစရိတ်များပါတယ်။ လုပ်ငန်းမလည်ပတ်ချိန်မှာ ငွေကြေးအခက်အခဲတွေရှိနိုင်ပါတယ်။

အောင်မြင်ဖို့ဆိုရင် - 

• ဆိတ်မျိုးကောင်း မျိုးသန့်ဖြစ်ရမယ်။

• ကြီးထွားနှုန်း ကောင်းရမယ်။

• အစာဖိုးသက်သာနည်းတွေ တီထွင်ကြံဆတတ်ရပါမယ်။

• စျေးကွက် ကောင်းမွန်ရမယ်။

• ဆိတ်အသေအပျောက်နည်းပြီး ကျန်းမာဖွံဖြိုးရမယ်။

• ကုန်ကျစရိတ် ဝင်ငွေ၊ ထွက်ငွေ မှတ်တမ်းထားရှိနိုင်ရပါမယ်။

ဆိတ်မျိုးများ

    အသားတိုးအတွက်လား၊ နို့ပေးအတွက်လား၊ ကောင်ရေတိုးပွားရေးလား ထည့်သွင်းစဉ်းစားရပါမယ်။

    မြန်မာနိုင်ငံမှာ လက်ရှိဆိတ်မွေးမြူရေးမှာ ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီ၊ နိုင်ငံခြားမျိုးဖြစ်တဲ့ ဘိုဝါဆိတ်တွေ မွေးမြူတတ်ကြပါတယ်။ ဂျိတ်နီမျိုးတွေဟာ အထီး ၄၅ ကီလို၊ အမ ၄၂ ကီလို ရှိပြီး ကြီးထွားနှုန်းကောင်းပါတယ်။  ထိန်စမ်း အထီး ၅၀ ကီလို၊ အမ ၂၉ ကီလို၊ ဝေသာလီမျိုး အထီး ၃၈ ကီလို၊ အမ ၃၁ ကီလို ရှိတတ်ပါတယ်။

မြေနေရာနှင့်ခြံ

    ဖြစ်နိုင်ရင် လေဝင်လေထွက်ကောင်းတဲ့နေရာ၊ လူနေအိမ်တွေနဲ့ ဝေးတဲ့နေရာမှာ မွေးမြူနိုင်ရင် အဆင်ပြေပါတယ်။

    ခြံဆောက်မယ်ဆိုရင် ခြံနဲ့ ခြံရှေ့လွှတ်ကွင်းတွေ လိုအပ်ပါတယ်။ ခြံဝန်းကို လွယ်ကူတဲ့ ဝါး၊ သစ်၊ သံဇကာတွေနဲ့ ကာရံနိုင်ပါတယ်။ 

ခြံအဆောက်အဦအကျယ်အဝန်းလိုအပ်ချက်

• ဆိတ်ငယ်တစ်ကောင်အတွက် ခြံတွင်း (၃.၃) ပေ ပတ်လည်၊ ခြံပြင် (၆) ပေ။ 

• ဆိတ်မလတ် ခြံတွင်း (၁၄) ပေ ပတ်လည်၊ ခြံပြင် (၉) ပေ ပတ်လည်။

• ဆိတ်မကြီး ခြံတွင်း (၁၈) ပေ၊ ခြံပြင် ၁၅ ပေ ပတ်လည်။

•  ဆိတ်သိုး ခြံတွင်း (၂၈) ပေ ပတ်လည်၊ ခြံပြင် (၂၀) ပေ ပတ်လည် လိုအပ်ပါတယ်။ 

• အလျား (၈) ပေ ×အနံ (၇) ပေ ×အမြင့် (၇)ပေ ခြံတစ်ခြံမှာ ဆိတ် (၅) ကောင် အထိ မွေးနိုင်ပါတယ်။ 

အစာကျွေးစနစ်

    ဒေသမြက်မျိုး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ နေဗီယာမြက်၊ ဘောစကိုင်း၊ ဆီးရွက်၊ မြေပဲရွက်၊ ပဲတီစိမ်း၊ မတ်ပဲရွက်၊ ကုလားပဲခွံ။ ဆိတ်တစ်ကောင်အတွက် တစ်နေ့တာ အစာလိုအပ်ချက်ဟာ ခန္ဓာကိုယ်ရဲ့ ၂% မှ ၃% နှုန်းထိ လိုအပ်ပါတယ်။

တွက်ချက်မှု

ဆိတ်အလေးချိန်        အစာနု             အစာကြမ်း

၃ ပိဿာ                  ၃ ကျပ်သား       စားနိုင်သမျှ

၅ ပိဿာ               ၁၂ ကျပ်သား          စားနိုင်သမျှ

၉ ပိဿာ               ၁၈ ကျပ်သား         ၁.၂ ပိဿာ

၁၈ ပိဿာ             ၂၁ ကျပ်သား        ၂.၅ ပိဿာ

၂၄ ပိဿာ             ၂၁ ကျပ်သား           ၃ ပိဿာ

• အစာနုအနေနဲ့ ပြောင်းဆန်မှုန့်၊ ဆန်ကွဲ၊ အဆင်သင့်စပ်စာ၊ ပဲဖတ်၊ နှမ်းဖတ်၊ တစ်မျိုးမျိုး ထည့်ကျွေးနိုင်ပါတယ်။ 

• အစာကြမ်းဟာ မြက်အမျိုး၊ သစ်ရွက်တွေအပြင် အထက်ဖော်ပြပါအရွက်တွေ၊ မြက်ချဉ်ဖတ် စသဖြင့် ကျွေးနိုင်ပါတယ်။ အစာကို နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကျွေးနိုင်ပါတယ်။

• နေဗီယာစိုက်ခင်းတွေ စနစ်တကျစိုက်ပျိုးပြီး ကျွေးမွေးခြင်း၊ ချဉ်ဖတ်လုပ်ပြီး ကျွေးခြင်းဖြင့်အစာဖိုးကုန်ကျစရိတ် သက်သာနိုင်ပါတယ်။

• ရေကိုလည်း လုံလုံလောက်လောက်ထားပေးရပါမယ်။ တစ်ရက်လျှင် ဆိတ်တစ်ကောင် ရေသောက်နှုန်းဟာ (၆၈၀) စီစီ ရေသန့်ပုလင်း တစ်ဝက်ကျော်ကျော် သောက်နိုင်ပါတယ်။ ရာသီဥတု၊ ကျွေးတဲ့အစာပေါ် မူတည်ပြီး ရေသောက်နှုန်း ပြောင်းနိုင်ပါတယ်။

ဖြစ်လေ့ရှိသော ရောဂါများ

    လေပွခြင်း၊ အစာအိမ် ပြည့်ကြပ်ခြင်း၊ အအေးမိခြင်း၊ ပါးစပ် နှာခေါင်းနေရာများ အနာဖြစ်ခြင်း၊ သန်ကောင်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှော၊ နောက်ပိုင်းပျော့ခြင်း၊ အချင်းကပ်ခြင်း စတဲ့ရောဂါတွေ  ဖြစ်တတ်ပါတယ်။ ဆိတ်တွေကို (၃) လတစ်ကြိမ် သန်ချဆေး၊ အားဆေးပေးခြင်း၊ ဒေါင့်သန်းကာကွယ်ဆေး  နှစ်စဉ်ထိုးပေးခြင်းတွေ ပြုလုပ်ပေးသင့်ပါတယ်။ 

အခြားလိုအပ်ချက်များ

    ဆိတ်ခြံကို သန့်ရှင်းအောင်လုပ်ပေးပါ။ ဆောင်းရာသီမှာ လိုက်ကာအတင်အချလုပ်ပေးပါ။ ဆိတ်ခြံအတွင်း ဆိတ်ကြီးတွေအတွက် ယူရီးယားသကာတုံး ချိတ်ဆွဲပေးပါ။

ယူရီးယားသကာတုံး ပြုလုပ်နည်း

သကာရည် -၃၃ %

ယူရီယား ပုလဲမြေဆီ -၁၂ %

ဘိလပ်မြေ - ၅ %

ထုံး - ၁၃ %

ဖွဲနု ဂျုံဖွဲ - ၃၂ %

ဆား - ၅ % တို့လိုအပ်ပါတယ်။

• ပါဝင်ပစည်းတွေကို သမအောင်မွှေ၊ ပုံစံခွက်တစ်မျိုးမျိုးနဲ့ အတုံးလုပ်ပါ။ လေနဲ့ အခြောက်ခံပါ။ တစ်ရက်ကို ဆိတ်ကြီး (၄) ကျပ်သားခန့် လျှက်စေနိုင်ပါတယ်။ ဆိတ်အသက် ၆ လမှ စတင်ကျွေးနိုင်ပါတယ်။

• ဆိတ်တွေကြီးထွားစေဖို့၊ ခုခံစွမ်းရည် မြင့်မားစေဖို့၊  အစာခြေနှုန်းကောင်းစေဖို့၊ အစာမှ အာဟာရစုပ်ယူမှု မြင့်မားစေဖို့၊ ခြံအနံ့အသက်ကင်းဝေးစေဖို့အတွက် EM အရည်ကို ရေထဲမှာ ထည့်တိုက်နိုင်ပါတယ်။ ရေတစ်လီတာထဲမှာ ၁ စီစီမှ ၃ စီစီ ထိထည့်ပြီး တိုက်နိုင်ပါတယ်။

    ခြံတွင်း မျိုးနည်းသားစပ်ခြင်းကင်းစေရန် ဆိတ်သိုးကို (၁) နှစ် (သို့မဟုတ်) (၃) နှစ်တစ်ကြိမ် လဲပေးသင့်ပါတယ်။

    ဆိတ်ထီးငယ်တွေ သင်းကွပ်မွေးမြူခြင်းဖြင့် စျေးကောင်းရနိုင်တဲ့အပြင် ကြီးထွားနှုန်းလည်းမြန်ပါတယ်။

မှတ်တမ်းထားရှိမှု - 

    ကုန်ကျစရိတ်မှတ်တမ်းများ၊ အစာဆေးဝါးကုန်ကျစရိတ်များ မှတ်တမ်းထားရှိဖို့လိုအပ်ပါတယ်။ ဆိတ်ရောင်းချမှု မှတ်တမ်းများထားရှိဖို့လည်း လိုအပ်ပါတယ်။ 

Ref:- Https://www.facebook.com/pktbreederfarm/ 

-Https://www.facebook.com/pktgoatfarm/

-Dr.Myat Lin(Vet)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်