မြေဆီလွှာကို အာဟာရဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်း ၅ ခု

09/08/2022 10:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

မြေဆီဩဇာကောင်းမွန်ခြင်းဟာ ကျန်းမာသန်စွမ်းပြီး ဖြစ်ထွန်းမှုရှိတဲ့ စိုက်ခင်းတွေရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မြေဆီလွှာဆိုတာဟာ သတ္တုဓာတ်များနဲ့ အဏုဇီဝသက်ရှိတွေရဲ့ ဟန်ချက်ညီမှုကို ပံ့ပိုးပေးနိုင်သလို ဆွေးမြည့်ပျက်စီးနေတဲ့ အော်ဂဲနစ်ဒြပ်စင်တွေကိုလည်း အမြစ်ဆီသို့ ထောက်ပံ့ပေးနိုင်ပါတယ်။ မြေဆီလွှာဟာ သဘာဝအရဆိုရင် အာဟာရဓာတ်တွေ ကြွယ်ဝပြီး သက်ရှိများစွာ ပါဝင်နေတဲ့အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြေဆီလွှာကို ရှုပ်ထွေးတဲ့ သက်ရှိစနစ်တစ်ခုလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ ယနေ့အချိန်မှာတော့ နေရာအများအပြားမှာ မြေဆီလွှာရဲ့ အာဟာရဓာတ်တွေ တဖြည်းဖြည်း လျော့နည်းလာပြီး အပေါ်ယံမြေဆီလွှာတွေ ဆုံးရှုံးခြင်းကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးနဲ့ ဓာတုမြေဩဇာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းဟာ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ထိခိုက်ပြီး အာဟာရကြွယ်ဝတဲ့ အပေါ်ယံမြေဆီလွှာတွေကို လျင်လျင်မြန်မြန် ဆုံးရှုံးသွားစေပါတယ်။ သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးခြင်းနဲ့ တစ်နေရာတည်းမှာ သီးနှံမျိုးစုံ စိုက်ပျိုးခြင်းတို့ဟာ အာဟာရဓာတ်တွေကို ဆုံးရှုံးစေပြီး ပိုးနဲ့ ရောဂါ ကျရောက်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်။ 

မြေဆီလွှာမှာ အာဟာရဓာတ်တွေ ကုန်ခမ်းလာခြင်းဟာ သာမန်ကိစ္စလို့ ထင်စရာရှိပါတယ်။ သို့ပေမဲ့ ဒီဖြစ်စဥ်ဟာ ကျွန်ုပ်တို့လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဟာရဓာတ် ကုန်ခမ်းနေတဲ့ မြေဆီလွှာမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ကျွန်ုပ်တို့ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်တာကြောင့် (သို့မဟုတ်) လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ယနေ့ခေတ်ကြုံတွေ့နေရတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရတန်ဖိုး ကျဆင်းလာခြင်းဟာ မြေဆီလွှာမှာရှိနေတဲ့ သတ္တုဓာတ်တွေ ကုန်ခမ်းခြင်းကနေ အစပြုတာ ဖြစ်ပါတယ်။ မြေဆီဩဇာကောင်းပြီး သတ္တုဓာတ်ကြွယ်ဝတဲ့ မြေဆီလွှာသာ မရှိရင် သီးနှံတွေ စိုက်ပျိုးနိုင်မှာ မဟုတ်သလို အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုလည်း ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ယခုဆောင်းပါးမှာ မြေဆီလွှာထဲကို အာဟာရဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းများစွာထဲကမှ နည်းလမ်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

အော်ဂဲနစ် ပစ္စည်းများ အသုံးပြုခြင်း 

ကျွန်ုပ်တို့ သီးနှံတွေစိုက်ပျိုးနေတဲ့ မြေဆီလွှာအများစုမှာ အော်ဂဲနစ်ပစ္စည်းတွေဟာ ၃ - ၆ ရာခိုင်နှုန်းအထိ သဘာဝအတိုင်း ပါဝင်နေကြတာ ဖြစ်ပါတယ်။ မြေဆီလွှာထဲမှာ ရှိနေတဲ့ အော်ဂဲနစ် ပစ္စည်းအများစုဟာ အပင်တစ်ရှူးတွေကနေ အစပြုတာ ဖြစ်ပါတယ်။ အပင်တွေရဲ့ အကြွင်းအကျန်ပစ္စည်းတွေမှာ အစိုဓာတ် ၆၀ - ၉၀ ရာခိုင်နှုန်းထိ ပါဝင်ပါတယ်။ အခြား ခြောက်သွေ့တဲ့ အစိတ်အပိုင်းတွေမှာတော့ ကာဗွန်၊ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင် စတဲ့ဓာတ်တွေ အများဆုံးပါဝင်ပြီး ဆာလ်ဖာ၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် စတဲ့ ဓာတ်တွေကတော့ ပမာဏ အနည်းငယ်စီ ပါဝင်နေတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ အော်ဂဲနစ်ဒြပ်စင်တွေ အဓိကပါဝင်နေတဲ့ အရင်းအမြစ်တွေက အပင်ရဲ့ အကြွင်းအကျန် ပစ္စည်းတွေဖြစ်ကြတဲ့ သစ်ကိုင်းတွေ၊ အမြစ်တွေ၊ ရိုးပြတ်တွေ၊ အရွက်တွေ၊ ရေညှိ၊ လွှစာမှုန့်၊ မြေဖုံးတဲ့ သဘာဝပစ္စည်းတွေ၊ အင်းဆက်ပိုးမွှားတွေ၊ တီကောင်တွေနဲ့ တိရစ္ဆာန် အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ 

အော်ဂဲနစ် ဒြပ်စင်တွေမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်း ၃ မျိုးရှိပါတယ်။ 

သေဆုံးနေတဲ့ အော်ဂဲနစ်ပစ္စည်းပုံစံများ (အပင်အစိတ်အပိုင်းများ) 

အပင်ရဲ့ ရှင်သန်နေတဲ့ အစိတ်အပိုင်းများ (အမြစ်များ) 

မြေဆီလွှာထဲမှာ ရှိနေတဲ့ အဏုဇီဝသက်ရှိများ ဆိုပြီး ပါဝင်နေကြတာ ဖြစ်ပါတယ်။ 

အော်ဂဲနစ် ပစ္စည်းတွေမှာ ကာဗွန်အပါအဝင် အခြားအရေးကြီးတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေပြီး ရေစိမ့်ဝင်နိုင်မှုနဲ့ ရေထိန်းစွမ်းအားကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင်တွေ ၁ - ၃ ရာခိုင်နှုန်း တိုးလာတိုင်းမှာ မြေဆီလွှာ တိုက်စားခံရမှုကို ၂၀ - ၃၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အော်ဂဲနစ်ဒြပ်စင်တွေကြောင့် အပင်များကိုလည်း ကျန်းမာသန်စွမ်းစေပြီး ပိုးမွှားနဲ့ ရောဂါကျရောက်မှုများကိုလည်း ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။  

မြေဆွေး အသုံးပြုခြင်း 

မြေဆွေးဆိုတာ သဘာဝပစ္စည်းတွေ ရိုးရှင်းစွာ ဆွေးမြည့်ပျက်စီးသွားတဲ့ အော်ဂဲနစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ မြေဆွေးပြုလုပ်သုံးစွဲခြင်းဖြင့် အော်ဂဲနစ်ဓာတ်များ ရရှိစေကာ မြေဆီလွှာအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး အပင်များအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ မြေဆွေးပြုလုပ်တဲ့ နည်းလမ်းများစွာ ရှိနေပြီး မိမိထည့်သွင်း အသုံးပြုလိုက်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင် ရာသီဥတုအခြေအနေတွေအပေါ် မူတည်ပြီးတော့ ရက်ပေါင်းများစွာကနေ နှစ်နဲ့ချီကာ ကြာမြင့်နိုင်ပြီး ရေရှည်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ မြေဆွေးပြုလုပ်တဲ့အခါ မီးဖိုချောင်ကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေသာမက ပတ်ဝန်းကျင်က ရနိုင်သမျှ သဘာဝပစ္စည်းတွေကိုပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ မြေဆွေးဟာ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက မြေဆီလွှာရဲ့ အစိုဓာတ်ကို ထိန်းနိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ မြေဆွေးဟာ ဓာတုမြေဩဇာများကဲ့သို့ ခဏတာအတွက်သာ အကျိုးရှိစေတာမဟုတ်ဘဲ အာဟာရဓာတ်တွေကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတာကြောင့် မြေဆီလွှာနဲ့ အပင်တွေအတွက် ရေရှည်မှာအကျိုးရှိစေနိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

မြေဆွေး ဖျော်ရည် အသုံးပြုခြင်း 

မြေဆွေးဖျော်ရည် အသုံးပြုခြင်းဟာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ  ပါဝင်နေပြီး ဂေဟစနစ်ကိုလည်း သဟဇာတဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မြေဆွေး၊ ရေ၊ ရိုးရှင်းသော ကိရိယာအနည်းငယ်နဲ့ အချိန်တစ်ခု ပေးရုံမျှဖြင့် ကျွန်ုပ်တို့ အိမ်နဲ့ ခြံဝန်းအတွင်းက စွန့်ပစ်ပစ္စည်းတွေကို မြေဆီလွှာနဲ့ အပင်များအတွက် အကျိုးရှိစေမယ့် အာဟာရဖျော်ရည် အဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။ 

မြေဆွေးဖျော်ရည်ပြုလုပ်နည်း

ပါဝင်ပစ္စည်း 

ကလိုရင်းဓာတ် မပါဝင်တဲ့ ရေ ၃ - ၄ ဂါလံ 

ကောင်းစွာ ဆွေးမြည့်ပြီးသား မြေဆွေး ၂ - ၆ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ကလိုရင်းဓာတ်ဟာ မြေဆွေးမှာပါဝင်နေတဲ့ အကျိုးပြု ပိုးမွှားတွေကို သေစေနိုင်တဲ့အတွက် မြေဆွေးဖျော်ရည် ပြုလုပ်ရာမှာ အသုံးမပြုသင့်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးရေကို အသုံးပြုတာက အသင့်တော်ဆုံး ဖြစ်ပါတယ်။ တကယ်လို့ မိုးရေ မရှိခဲ့ရင်တော့ တွင်းရေကို အနည်းဆုံး တညသိပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ 

အထက်မှာ ဖော်ပြခဲ့တဲ့ ပမာဏအတိုင်း မြေဆွေးနဲ့ ရေကို ရောစပ်ပြီး ကောင်းစွာ ပျော်ဝင်တဲ့အထိ မွှေပေးရမှာဖြစ်ပါတယ်။ ၎င်းဖျော်ရည် ထည့်ထားတဲ့ ပုံးကို လေအလုံပိတ်ပြီး နေရောင် တိုက်ရိုက်ကျရောက်တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားတာကို ရှောင်ကျဥ်သင့်ပါတယ်။

မြေဆွေးဖျော်ရည်ကို နေရောင်တိုက်ရိုက် ကျရောက်တဲ့နေရာမှာ ထားတဲ့အခါ အီးကိုလိုင်း (E.coli) နဲ့ ဆယ်လ်မိုနယ်လား (salmonella) လိုမျိုး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို အားပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ 

မြေဆွေးဖျော်ရည်ရဲ့ ကြာချိန်ဟာ ပြင်ပအပူချိန်ပေါ်မှာ မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ရောစပ်ထားတဲ့ ဖျော်ရည်ကို အနည်းဆုံး ၁၂ နာရီကနေ ၃၆ နာရီအထိ ထားသင့်ပြီး တနေ့လျှင် ၁ - ၂ ကြိမ် မွှေပေးသင့်ပါတယ်။ ပြီးလျှင် ဖျော်ရည်ကို စစ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 

စစ်ယူရရှိလာတဲ့ ဖျော်ရည်ဟာ အညိုရင့်ရောင် ဖြစ်နေတယ်ဆိုရင်တော့ ဖျော်ရည် ၁ ဆ ရေ ၃ ဆ နှုန်းထားနဲ့ ထပ်မံဖျော်စပ်နိုင်ပါတယ်။ ပြီးပါက မိမိလိုအပ်သလို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဖျော်ရည်ကို အပင်တွေအပေါ် တိုက်ရိုက် ပက်ဖျန်းနိုင်သလို အပင်ပတ်ဝန်းကျင် မြေသားအပေါ်ကိုလည်း ပက်ဖျန်းနိုင်ပါတယ်။ ဖျော်ရည်ကို ၁ ပတ်လျှင် ၁ ကြိမ် ဖျန်းပေးရုံနဲ့ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

အာနိသင်ထိရောက်မှု ရှိစေဖို့အတွက် ၁ ပတ်အတွင်း အသုံးပြုတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ မြေဆွေးဖျော်ရည်ဟာ အပင်တွေရဲ့ ကျန်းမာကြီးထွားမှုကို အားပေးရုံသာမက ရောဂါ ပိုးမွှားများ ကျရောက်ခြင်းကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

သီးလှည့် စိုက်ပျိုးခြင်း 

သီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးမြေ တစ်ကွက်တည်းမှာ တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက် စိုက်ပျိုးခြင်းဟာ မြေဆီလွှာရဲ့ အာဟာရဓာတ်တွေနဲ့ အော်ဂဲနစ်ဒြပ်စင်တွေရဲ့ ပါဝင်မှုကို တဖြည်းဖြည်း လျော့ကျစေမှာ ဖြစ်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းဆိုတာ  စိုက်ခင်းတစ်ခုထဲမှာ သီးနှံတစ်မျိုးတည်းကိုပဲ ရာသီမရွေး ဆက်တိုက်ကြာရှည်စွာ စိုက်ပျိုးခြင်း မဟုတ်ဘဲ အခြားသော သီးနှံများကိုလည်း အလှည့်ကျ ထည့်သွင်းစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ဥပမာ - ပထမရာသီမှာ နိုက်ထရိုဂျင် (ယူရီးယား) ဓာတ် စားသုံးမှုများတဲ့ ခရမ်းချဥ်ပင်တွေ စိုက်ပျိုးထားခဲ့တယ်ဆိုရင် နောက်တစ်ရာသီမှာ မြေဆီလွှာကို နိုက်ထရိုဂျင်ဓာတ် ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ပဲမျိုးရင်းဝင် အပင်တွေစိုက်ပျိုးပါက မြေဆီလွှာရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။  

သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာမှာရှိတဲ့ အာဟာရဓာတ်တွေကို မျှတအောင် ထိန်းညှိပေးနိုင်ပြီး လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းစေပါတယ်။ ဒါ့ပြင် မြေသိပ်သည်းမှုနဲ့ မြေကျပ်တာမျိုးတွေလည်း ကာကွယ်ပေးနိုင်ပြီး ရေစိမ့်ဝင်မှုကောင်းစေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း စသည်ဖြင့် မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေကို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှု ကောင်းတဲ့အခါ သီးနှံတွေရဲ့ အမြစ်ဟာ ရေနဲ့ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး ကျန်းမာသန်စွမ်း လာစေမှာလည်း ဖြစ်ပါတယ်။ 

မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း 

မြေဖုံးသီးနှံတွေစိုက်ပျိုးခြင်းဟာ မြေဆီလွှာရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ မြေဖုံးသီးနှံဆိုတာ ရိတ်သိမ်းခူးဆွတ်ဖို့ ရည်ရွယ်ချက်ထက် မြေဆီလွှာအတွက် ရည်ရွယ်ပြီး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ မြေဖုံးသီးနှံစိုက်ပျိုးခြင်းကို သီးနှံစိုက်ခင်းကြီးတွေမှာသာမက တနိုင်တပိုင် စိုက်ခင်းငယ်လေးတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ 

မြေဖုံးသီးနှံစိုက်ပျိုးခြင်းဆိုတာ တစ်နည်းအားဖြင့် သစ်စိမ်းမြေဩဇာ (Green Manure) စိုက်ပျိုးခြင်းလည်း ဖြစ်ပါတယ်။ မြေနေရာကို အလွတ်မထားဘဲ သီးနှံတစ်မျိုးမျိုးဖြင့် မြေဆီလွှာအပေါ်မှာ ဖုံးအုပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ တိုက်စားခံရခြင်းနဲ့ သတ္တုဓာတ်များ ဆုံးရှုူံးခြင်းကနေ ကာကွယ်ပေးနိုင်သလို နိုက်ထရိုဂျင်နဲ့ အကျိုးပြုသက်ရှိများလည်း တိုးပွားစေကာ ပိုးမွှားရောဂါများ ကျရောက်ခြင်းကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်းမြက်ပေါက်ရောက်ခြင်းကို လျှော့ချပေးနိုင်သလို အကျိုးပြုအင်းဆက်တွေ လာရောက်အောင် ဆွဲဆောင်ရာမှာလည်း အသုံးဝင်တာ ဖြစ်ပါတယ်။ 

မြေဖုံးသီးနှံအနေနဲ့ အများဆုံး အသုံးပြုလေ့ရှိတဲ့ အပင်တွေကတော့ ပန်းဂျုံ၊ ရိုင်းစပါး၊ ဂျုံ၊ ပြောင်း၊ ဘာလီ၊ ပဲမျိုးရင်းဝင်အပင်များ၊ ထပ်တရာပန်း၊ မုန်ညင်း၊ မုန်လာဥအဖြူ စတဲ့ အပင်တွေ ဖြစ်ပါတယ်။ မြေဖုံးသီးနှံအနေနဲ့ စိုက်ပျိုးရာမှာ အချို့သော အပင်တွေကတော့ မြေဆီလွှာအတွက်သာမက အခြားသော ကောင်းကျိုးတွေပါ ရှိနေတာကြောင့် မုန်ညင်းကို ဥပမာထားပြီး မျှဝေပေးလိုက်ပါတယ်။ 

မုန်ညင်း 

မြေဖုံးသီးနှံအနေနဲ့ အသုံးပြုနိုင်တဲ့ မုန်ညင်းမှာ အမျိုးအစား ၂ မျိုးရှိပါတယ်။ အညိုရောင် (အိန္ဒိယ) မုန်ညင်းနဲ့ အဖြူရောင် (အဝါ) မုန်ညင်းဆိုပြီးရှိပါတယ်။ အဲ့ထဲကမှ မုန်ညင်းအဖြူကိုတော့ မြေဖုံးသီးနှံအဖြစ် စိုက်ပျိုးဖို့နဲ့ နီမတုတ်တွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ မုန်ညင်းမှာ  ဂလူကိုဆီနိုလိတ် (glucosinolate) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး မြင့်မားစွာ ပါဝင်နေတဲ့အတွက် ပိုးမွှားတွေကို သဘာဝအတိုင်း အဆိပ်သင့်စေတဲ့ အာနိသင်ဖြစ်စေနိုင်ပါတယ်။ ၎င်းဒြပ်ပေါင်းကြောင့်ပဲ မြေဆီလွှာမှာရှိနေတဲ့ နီမတုတ်တွေကိုလည်း ထိရောက်စွာ ဆန့်ကျင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်  

Ref: 

https://www.offthegridnews.com/

https://classnotes.org.in/   

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်