ရွှေပြည်အေး၍ ရွှေဖီမွှေးပါစေ..

21/03/2024 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

သည်အချိန်သည်ကာလမှာ မြန်ပြည် အရှေ့တကြော၊ ရှမ်းတောင်တန်းတွေပေါ်မှာ ရာသီပေါ်ဦး လက်ဖက်ခူးသည့်ကာလဖြစ်သည်။ သည်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် လက်ဖက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခွင့် ရခဲ့သည်။ သည်တော့ ရွှေဖီချိန် လက်ဖက်ခူးကြသည့်အကြောင်းလက်ဖက်ရည်ကြမ်းသောက်ရင်း ပြောဖြစ်ကြသည်ပေါ့။ 

"နှမထွေးမယ့်ကို လိုလျှင်၊ တပေါင်းငယ်မှတန်ခူးရွှေဖီဦးကို ခူးပါ့လှည့်ရှင်" ဟူသည့် ညောင်ရမ်းခေတ် အမျိုးသမီးစာဆိုတော် တောင်တွင်း ရှင်ငြိမ်းမယ်၏ "ရွှေဖီဦးကို ခူးလှည့်ပါ" ရာပြည့်အိုင်ချင်းလေးကိုပင် သတိရမိသေးတော့သည်။ 

လက်ဖက်ရာသီတစ်ခုမှာ အဦးဆုံး အဖျားဆုံး ခူးဆွတ်ကြသည့် လက်ဖက်ရွက်လေးတွေမို့ ရွှေဖီဦးလို့ ခေါ်ကြသည် ထင်ပါ၏။ မြန်မာပြည်တဝှမ်းလုံး ရွှေဖီလက်ဖက်ကို တမြတ်တနိုး တန်ဖိုးထား သောက်သုံးကြသည်။ 

ငယ်ငယ်က အဆိုတော်ကြီး စိုင်းဆိုင်မောဝ် ၏ "ရှမ်းပဲပုပ်လေး ကျွန်တော်" သီချင်းထဲမှာ "လက်ဖက်တောတန်းမှာ လက်ဖက်ခူးတဲ့ ပျိုဖြူတွေများနဲ့ ပျော်ပါစေမယ်၊ ကျွန်တော်မျိုး ရှမ်းအမျိုးရဲ့ ဘဝမယ်" ဟူသော သီချင်းစာသားလေး ကြားဖူးသည်။ သည်တုန်းက ရှမ်းတောင်ပေါ်မှာ ရှမ်းပျိုဖြူတွေ၊ ပလောင်ပျိုဖြူတွေ ပလိုင်းကလေးတွေကိုယ်စီနှင့် လက်ဖက်ခူးနေကြပုံကို မြင်ယောင်မိရင်း သီချင်းစာသားလေးကို ခံစားခဲ့ရသည်။ တကယ်တမ်း လက်ဖက်လောကသားတွေနှင့် ရွှေဖီချိန်အကြောင်း စကားပြောဖြစ်သည့်အခါ မတူသည့် မြင်ကွင်းတစ်ခုကို ထပ်မံမြင်ယောင်ကြည့်ရပြန်သည်။ 

ရွှေဖီချိန်သည် တောင်ပေါ်နှင့် မြေပြန့်၊ မောဝ်ရှမ်းနှင့် ရွှေညာမြေ၊ တနည်းအားဖြင့် ချယ်ရီချစ်သူတွေနှင့် ပိတောက်ချစ်သူတွေ၊ ဆုံကြ၊ တွေ့ကြ၊ လက်ဖက်အတူခူးရင်း ပျော်မြူးကြရသည့် ကာလဖြစ်သည်။ ရွှေဖီချိန်ဆိုလျှင် တောင်ပေါ်မှာ လက်ဖက်လုပ်ငန်းအတွက် လုပ်အားမလုံလောက်တော့။ ရွှေညာမြေပြန့်မှာတော့ နွေဝင်ပြီမို့၊ လယ်ယာလုပ်ငန်းတွေ နားကြပြီ၊ အလုပ်ပါးပြီ။  သည်တော့ အလုပ်နားပြီး အားနေကြသည့် ရွှေညာသူ၊ ရွှေညာသားတို့၊ ရွှေဖီဦးကို ခူးဖို့ ရှမ်းတောင်တန်းတွေပေါ် ခြေဆန့်လာကြသည်တဲ့။ မော်တော်ကားနှင့် လာသူလာ၊ မီးရထားနှင့်လာသူလာကြသည်။ လက်ဖက်ခြံရှင်တွေက လက်ဖက်ခူးလာသူတွေကို ဘူတာဆင်းကြိုကြသည်တဲ့။  သေချာသည်က ရွှေဖီချိန်ဆိုလျှင် ရှမ်းတောင်ပေါ်မှာ စည်ကားသည်။ လက်ဖက်စိုက်သည့်ရွာတွေမှာ ဆိုလျှင် တစ်အိမ်မှာ ဧည့်သည် လေးငါးယောက်တော့ဖြင့် ရှိစမြဲ ဖြစ်သည်တဲ့။ သည်တော့လည်း  ပျော်ရွှင်ကြရသည်ပေါ့။ လက်ဖက်ထွက်၍ ငွေရွှင်သောကာလမို့ အားလုံးပျော်ရွှင်နေရချိန်မှာ ဒေသကလည်း စည်စည်ကားကားရှိနေသဖြင့် ပို၍ ပျော်ကြရသည်မဟုတ်လား။ ထိုအပျော်တွေကြားမှာပင် မြေပြန့်ကလူ၊ တောင်ပေါ်ကလူ ဟူ၍ မခွဲပဲ လက်ဖက်အတူခူးရင်း ခင်မင်ရင်းနှီးမှုသံယောဇဉ်ကို ဂဟေဆက်ကြသည်။

လက်ဖက်တွေ ထွက်လာပြီဆိုတော့လည်း တောင်ပေါ်ကနေ မြေပြန့်ကို သွားရောင်းကြဦးမည်။ "ကျွန်တော်လေ၊ ရွှေဖီချိန်က လက်ဖက်ပေါတဲ့အခါမှာ၊ ဂျီအမ်စီလို ကားကြီးမျိုးနဲ့ မန္တလေးဘက်သို့ ကုန်တင်ကာသွားတယ်" ဟူသော စိုင်းဆိုင်မောဝ်၏ "မူဆယ်နမ့်ခမ်းလမ်း" သီချင်းလေးကို ကြားဖူးကြသည် မဟုတ်လား။ 

တကယ်တော့ လက်ဖက်လုပ်ငန်းသည် ရှမ်းတောင်တန်းပေါ်က လုပ်ငန်းသတ်သတ်မဟုတ်။ မြန်မာတစ်ပြည်လုံး၏ အလုပ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသတ်သတ်မဟုတ်။ မြေပြန့်နှင့် တောင်ပေါ် တိုင်းရင်းသားချင်း ရင်းနှီးကျွမ်းဝင်ခွင့် ပေးထားသော လုပ်ငန်းဖြစ်သည်။ ပြည်နယ်နှင့် ပြည်မ ပြည်သူချင်း ဆက်သွယ်ပေးသော  သံယောဇဉ်တံတားလေးလည်း ဖြစ်သည်။ ရွှေဖီချိန်ဆို အားလုံးပျော်ကြရပါသည်။ 

သို့သော်...။

ခုတော့ဖြင့် ရွှေဖီချိန်သည် ယခင်ကလို ပျော်စရာ မကောင်းတော့ပါ။ မငြိမ်းချမ်းသော အခြေအနေများအောက်မှာ ရှမ်တောင်တန်းပေါ် နေရာစုံအောင် လက်ဖက်ခူးလို့ မဖြစ်နိုင်တော့ပါ။ ရွှေဖီချိန်ရောက်တိုင်း လက်ဖက်ခူးသွား‌ခဲ့ကြသည့် ရွှေညာသူ၊ ရွှေညာသားတို့ကိုယ်တိုင်လည်း ငြိမ်းချမ်းလှသည့် အခြေအနေမဟုတ်။ 

သည်အခြေအနေက စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေရုံသာမက ရွှေဖီချိန်ကပေးသော ငြိမ်းချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်မှီခိုအကျိုးပြုမှု၊ ခင်မင်ရင်းနှီးမှုနှင့် အတူတကွ ပျော်ရွှင်ကြရသည့် အခြေအနေတွေ၊ ယဉ်ကျေးမှုတွေကိုပါ ပျက်စီးဆုံးရှုံးစေတော့မည်ဟု ယူဆမိသည်။ ရွှေဖီချိန်ကို လက်ဖက်ခင်းထဲမှာ ဖြတ်သန်းဖူးသူတွေအားလုံး၏ "ရွှေဖီဦးကို ခူးပါရစေ" ဟူသော ရင်တွင်းဆန္ဒသံတွေကိုလည်း ကြားယောင်နေမိပါသည်။ 

အခြေအနေဆိုးကို ကိုယ်တိုင်ဖြတ်သန်းနေရသူတစ်ဦးဖြစ်သည့် စာရေးသူကတော့ မိမိဘာမျှမတတ်နိုင်သော လက်ဖက်လောက၏ အခြေအနေတစ်ရပ်အတွက် "ရွှေပြည်အေး၍၊ ရွှေဖီမွှေးပါစေ" ဟူသော ဆုမွန်ကိုသာ အထပ်ထပ်အခါခါ တောင်းဆုခြွေနေမိပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်