အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ

စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ

စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက်လိုအပ်သောရေ (Water for Plants) အပိုင်း-၁ နှင့် အ မှတ်စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄၊ ၂၃၅၊ ၂၃၆၊ ၂၃၇၊ ၂၃၈) စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်း ပညာ အပိုင်း -၂, ၃, ၄, ၅, ၆, ၇, ၈ နှင့် ၉ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

ယခုစိုက်ပျိုးသီးနှံများအတွက် ရေထုတ်နည်းပညာ ကိုဆက်လက်ဆွေးနွေးရအောင်ပါ၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေထုတ်ခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Drainage Engineering) ရှုထောင့်မှမဟုတ်ဘဲ အပင်၏ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) များကို စိုက်ပျိုးရေးပညာ ရှုထောင့်မှ ဆက်လက်ရေးသား ဆွေးနွေးပါမည်။

သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ရေထုတ်စနစ်၏ အရေးပါမှု

(The Importance of Drainage in Crop Production)

သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ရေသွင်းစနစ် (Irrigation) နှင့် ရေထုတ်စနစ် (Drainage) တို့သည် လယ်ယာရေစီမံခန့်ခွဲမှုစနစ်၏ အရေးကြီးသော အစိတ်အပိုင်းနှစ်ခုဖြစ်ကြပါ သည်။ အလွယ်တကူပြောရလျှင် ရေသွင်းခြင်း သည် သီးနှံလိုအပ်သောအချိန်တွင် ရေ ဖြည့်စည်းပေးခြင်းဖြစ်ပြီး ရေထုတ်ခြင်းသည် သီးနှံအမြစ်ဇုန်တွင် ပိုလျှံနေသောရေကို ဖယ်ရှား ပေးခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ခေတ်မီလယ်ယာရေစီမံခန့်ခွဲမှု၏ အဓိကရည်ရွယ်ချက်မှာ

ရေအလွန်နည်းခြင်းလည်း မဖြစ်စေရ၊ ရေအလွန်များခြင်းလည်း မဖြစ်စေရ။ သီးနှံ အမြစ် များအတွက် သင့်တော်သော ရေဓာတ်အခြေအနေကို ထိန်းသိမ်းပေးရန်” တို့ဖြစ်ပါသည်။

ပုံ - ၁ ရေထုတ်စနစ်

စိုက်ပျိုးရေး ရေထုတ်စနစ် (Agricultural Drainage)  ဆိုသည်မှာ လယ်မြေ၏ မြေမျက် နှာပြင်နှင့် မြေအောက်အလွှာများတွင် စုဝေးနေသော ပိုလျှံရေများကို စနစ်တကျ ဖယ်ရှား ပေးခြင်း ဖြစ်ပါသည်။

ရေထုတ်စနစ်သည် အောက်ပါပိုလျှံရေများကို ဖယ်ရှားပေးနိုင်ပါသည်။ မိုးရေများ၊ ဆည်မြောင်းများမှ ပိုလျှံသောရေ၊ ရေလွှမ်းမိုးရေ၊ မြေအောက်ရေ မြင့်တက်လာခြင်း ကြောင့် ဖြစ်သောရေ၊ မြေအောက်မှ စိမ့်ဝင်တက်လာသောရေ၊ နိမ့်ကျသော လယ်ကွင်း များတွင် စုဝေးနေသောရေ၊ အချို့ဒေသများတွင် ဆားဓာတ်ပါဝင်သော မြေအောက်ရေ စသည်တို့ဖြစ်ပါသည်။

ရေထုတ်စနစ်၏ အဓိကအမျိုးအစားများ

အမျိုးအစား

ရည်ရွယ်ချက်

ဥပမာ

Surface Drainage

မြေမျက်နှာပြင်ပေါ်ရှိ ပိုလျှံရေကို ဖယ်ရှားရန်

ရေမြောင်း၊ Field Ditch၊ မြေညှိခြင်း

Subsurface Drainage

မြေအောက် အမြစ်ဇုန်ရှိ ပိုလျှံရေကို ဖယ်ရှားရန်

Tile Drain၊ Perforated Pipe Drain ရေထုတ်ပိုက်

သီးနှံထုတ်လုပ်မှုအတွက် ရေထုတ်စနစ်၏အရေးကြီးပုံ

(က) အပင်အမြစ်များအတွက် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ခြင်း

ဤအချက်သည် ရေထုတ်ပေးခြင်း၏ အခြေခံအကျဆုံး အရေးပါမှုတစ်ခု ဖြစ်ပါသည်။

အပင်အမြစ်များသည် ဓာတ်ငွေ့ဖလှယ်ခြင်း (Respiration) ပြုလုပ်ရန် အောက်ဆီဂျင် (O₂) လိုအပ်ပါသည်။ ပုံမှန်အခြေအနေတွင် မြေဆီလွှာအတွင်း ရေနှင့်လေ သင့်တင့်မျှတ မှုရှိမှ အမြစ် များ တွင် အောက်ဆီဂျင်ရရှိမှုကောင်းပြီး  အပင်ကြီးထွားမှုကောင်း မွန်ပါ သည်။

သို့သော် မြေဆီလွှာတွင် ရေအလွန်များခြင်း၊ မြေဆီလွှာကြား (Soil Pores) များတွင် ရေပြည့်သွားခြင်း၊ လေထွက်သွားခြင်း၊ အောက်ဆီဂျင်ချို့တဲ့ခြင်း၊ အမြစ်များ ပျက်စီးခြင်း စသည်တို့ဖြစ်ပေါ် နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပေးခြင်းသည် မြေဆီလွှာအတွင်း ရေနှင့်လေ၏ သင့်တင့်သောမျှတမှုကို ထိန်းသိမ်းပေးရန် အရေးကြီးပါသည်။

(ခ) ရေဝပ်မှု (Waterlogging) ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

ရေဝပ်ခြင်း ဆိုသည်မှာ သီးနှံအမြစ်ဇုန်တွင် ရေအလွန်များပြီး မြေဆီလွှာအတွင်း လေဝင်လေထွက် မလုံလောက်တော့သည့် အခြေအနေဖြစ်ပါသည်။

ရေဝပ်ခြင်း ဖြစ်ပါက အမြစ်များ အသက်ရှူမရခြင်း၊ အမြစ်ပုပ်ခြင်း၊ အာဟာရဓာတ် စုပ်ယူမှုကျဆင်းခြင်း၊ မျိုးစေ့အပင်ပေါက်မှု မကောင်းခြင်း၊ အပင်ကြီးထွားမှု နှောင့်နှေး ခြင်း၊ အရွက်များ ဝါလာခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ ရေဝပ်မှု ပြင်းထန်ပါက အပင်သေဆုံးခြင်း တို့ ဖြစ်ပေါ်နိုင်ပါသည်။

ဥပမာအားဖြင့်— ပြောင်း၊ ဂျုံ၊ ပဲမျိုးစုံ၊ ဝါ၊ ဟင်းသီးဟင်းရွက်များ သည် ရေဝပ်မှုကို အချိန် ကြာမြင့်စွာ ခံနိုင်ရည်နည်းသော သီးနှံများ ဖြစ်ကြပါသည်။ စပါးသည် ရေဝပ်ခြင်းကို အခြားသီးနှံများထက် ပိုမိုခံနိုင်ရည်ရှိသော်လည်း ရေအလွန်နက်ခြင်း၊ အချိန်ကြာမြင့်စွာ ရေလွှမ်းနေခြင်း သို့မဟုတ် ရေထိန်းချုပ်မှုမကောင်းခြင်း တို့သည် စပါးထုတ်လုပ်မှုကို လည်း ထိခိုက်စေနိုင်ပါသည်။

(ဂ) အမြစ်များ ကောင်းမွန်စွာ ဖွံ့ဖြိုးစေခြင်း

ကျန်းမာသောအမြစ်စနစ် (Healthy Root System) အတွက် ရေနှင့်အောက်ဆီဂျင် နှစ်မျိုးစလုံး လိုအပ်ပါသည်။ ရေထုတ်မှု ကောင်းမွန်ပါက ရေ/လေ အချိုးကြမျှတမှု ကောင်း၊ အမြစ်များ နက်ရှိုင်းစွာ ကြီးထွားနိုင်ခြင်း၊ အမြစ်ပမာဏ များလာခြင်း၊ ရေနှင့် အာဟာရဓာတ် စုပ်ယူမှုကောင်းခြင်း၊ အပင်ကျန်းမာသန်စွမ်းခြင်း တို့ဆက်တိုက် ဖြစ်နိုင် ပါသည်။

(ဃ) အာဟာရဓာတ် ဆုံးရှုံးမှုနှင့် အာဟာရချို့တဲ့မှုကို လျှော့ချပေးခြင်း

ရေအလွန်များပါက မြေဆီလွှာ၏ ဓာတုဗေဒအခြေအနေများ ပြောင်းလဲနိုင်ပါသည်။ ရေဝပ်ခြင်းဖြစ်ပြီး အောက်ဆီဂျင်နည်းလာပါက မြေဆီလွှာသည် လေမဲ့ (Anaerobic/ Reducing Condition) ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေတွင် နိုက်တြိုဂျင် (Nitrogen) ဆုံးရှုံးမှု အခြေအနေ (Denitrification) တိုးလာနိုင်သည်၊ ဖေါ့စဖေါ့ရပ်စ် (Phosphorus) ရရှိနိုင်မှု ပြောင်းလဲနိုင်သည်၊ သံဓာတ် (Iron) နှင့် မင်းဂနီးစ် (Manganese) ပျော်ဝင်မှု တိုးလာနိုင်သည်။

အချို့ အနည်းလိုအဟာရဓာတ်များ (Micronutrients) များ အဆိပ်အတောက်ဖြစ်စေ နိုင်သော ပမာဏအထိ ရောက်ရှိနိုင်သည်၊ အမြစ်များပျက်စီးသဖြင့် အာဟာရဓာတ် စုပ်ယူမှု ကျဆင်းနိုင်သည်။ ထို့ကြောင့် ရေထုတ်စနစ်မကောင်းခြင်းကြောင့် အမြစ်လုပ် ဆောင်ချက်မကောင်းခြင်း၊ ထိုမှအာဟာရဓာတ်စုပ်ယူမှုမကောင်းခြင်း၊ ဓာတ်မြေဩဇာ အသုံးပြုမှု ထိရောက်မှုကျဆင်းခြင်းတို့ပါ ဆက်တိုက်ဖြစ်ပေါ်နိုင်ပါသည်။

(င) အမြစ်ရောဂါများ ဖြစ်ပေါ်မှုကို လျော့နည်းစေခြင်း

ရေဝပ်နေသော မြေဆီလွှာအခြေအနေသည် အချို့သော မြေဆီလွှာမှတစ်ဆင့် ကူးစက် သော ရောဂါပိုးများ ရှင်သန်ရန် သင့်တော်သောအခြေအနေ ဖြစ်လာနိုင်ပါသည်။ ထို့ ကြောင့် ရေထုတ်မှု မကောင်းပါက အမြစ်ပုတ် (Root Rot)၊ ပျိုးပင်ရောဂါများ (Seedling Diseases)၊ ပီသီယမ်မှိုရောဂါ (Pythium-related Diseases)၊ ဖိုက်သိုမှိုရောဂါ (Phytophthora-related Diseases) စသည့် ရောဂါများ ပိုမိုဖြစ်ပွားနိုင်ပါသည်။

သို့သော် ရေထုတ်ကောင်းရုံဖြင့် ရောဂါအားလုံးကို ကာကွယ်နိုင်သည်ဟု မဆိုလိုပါ။ ရောဂါဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေများကို လျော့ချခြင်းဖြင့် ရောဂါများ ဘက်စုံရောဂါနှိမ်နှင်းမှုစနစ် (Integrated Disease Management) တွင် အထောက်အကူပြုခြင်း ဖြစ်ပါသည်။

(စ) မြေဆီလွှာ၏ ရူပဗေဒအဟာရဓာတ်အခြေအနေ (Physical Condition) ကို ကောင်းမွန်စေခြင်း

မြေစိုနေချိန်တွင် စက်ယန္တရားများဖြင့် ထွန်ယက်ခြင်း၊ မောင်းနှင်ခြင်းတို့ ပြုလုပ်ပါက စိုစွတ်သောမြေ နှင့် စက်ယန္တရားအလေးချိန်ကြောင့် မြေကြပ်တည်းမှု (Soil Compaction)၊ မြေတွင်းအပေါက်ငယ်များ (Soil Pore Space) လျော့နည်းခြင်း၊ ရေ စိမ့်ဝင်မှု ကျဆင်းခြင်း၊ ရေထုတ်ရန် ပိုမိုဆိုးရွားလာခြင်း ဟူသော ဆိုးကျိုးစက်ဝန်း ဖြစ် လာနိုင်ပါသည်။ ထို့ကြောင့် ရေထုတ်မှု (Drainage) နှင့် သင့်တော်သော မြေဆီလွှာ စီမံခန့်ခွဲမှု (Soil Management) ကို ပေါင်းစပ်အသုံးပြုရန် အရေးကြီးပါသည်။

(ဆ) လယ်ယာလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်စေခြင်း

စီးပွားဖြစ် စိုက်ပျိုးရေးတွင် ဤအချက်သည် အလွန်အရေးကြီးပါသည်။ လယ်ယာတွင် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ဓာတ်မြေဩဇာထည့်ခြင်း၊ ပေါင်းသတ်ခြင်း၊ ကြားပေါင်း လိုက် (Intercultivation)၊ ရိတ်သိမ်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း တို့ကို သင့်တော် သောအချိန်တွင် ပြုလုပ်ရန် လိုအပ်ပါသည်။

ရေဝပ်နေပါက မိုးသည်းထန်ခြင်းကြောင့် လယ်၊ ယာမြေထဲရေဝပ်ခြင်း၊ စက်ယန္တရား ဝင်မရခြင်း၊ စိုက်ပျိုး/ရိတ်သိမ်းမှု နောက်ကျခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်းတို့ ဖြစ်နိုင်ပါသည်။

(ဇ) ရေလွှမ်းမိုးမှုကြောင့် ဖြစ်သော ထိခိုက်မှုကို လျှော့ချပေးခြင်း

မြေပေါ်ရေထုတ်မှု (Surface Drainage) သည် မိုးသည်းထန်စွာရွာသွန်းသည့်အခါ လယ်မြေမျက်နှာပြင်ပေါ် စုဝေးနေသောရေကို လျင်မြန်စွာ ဖယ်ရှားပေးနိုင်ပါသည်။ အထူးသဖြင့် မုတ်သုံရာသီဒေသများ၊ အပူပိုင်းဒေသများ၊ မြေနိမ့်ပိုင်းများ၊ မြစ်ဝှမ်းများ၊ မြေစေးမြေ (Heavy Clay Soil) များ၊ မိုးများသောဒေသများ တွင် အလွန် အရေးကြီး ပါသည်။ မြန်မာနိုင်ငံတွင်လည်း မုတ်သုံရာသီ မိုးသည်းထန်စွာ ရွာသွန်းသောဒေသများ ရှိသော ကြောင့် လယ်ယာကွင်းရေထုတ်စနစ်ကောင်းမွန်ခြင်းသည် သီးနှံထုတ်လုပ်မှု အတွက် အရေးကြီးသော အခြေခံအဆောက်အအုံတစ်ခု ဖြစ်ပါသည်။

(ည) ရေရှည်မြေဆီလွှာအရည်အသွေးနှင့် ထုတ်လုပ်နိုင်စွမ်းကို ထိန်းသိမ်းပေးခြင်း

ရေထုတ်စနစ် ကောင်းမွန်ခြင်းဖြင့် အမြစ်များ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း၊ အာဟာရဓာတ် စုပ်ယူမှုကောင်းခြင်း၊ ဓာတ်မြေဩဇာအသုံးပြုမှု ထိရောက်ခြင်း၊ မြေဆီလွှာ တွင်းဇီဝလှုပ်ရှားမှု (Soil Biological Activity) ကောင်းမွန်ခြင်း၊ ရေဝပ်မှုနှင့် ဆားဓာတ် ပြဿနာ လျော့နည်းခြင်း တို့ ဖြစ်စေနိုင်ပြီး ရေရှည်သီးနှံထုတ်လုပ်နိုင်စွမ်း ကို ထိန်းသိမ်း ပေးနိုင်ပါသည်။ သို့သော် ရေထုတ်မှု (Drainage) ကို အလွန်အကျွံ ပြုလုပ်ခြင်း သည် လည်း မလိုအပ်သောရေဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သော ကြောင့် သင့်တော်သော ရေထုတ်ဒီဇိုင်း (Drainage Design) လိုအပ်ပါသည်။

ပုံ - ၂ အဆင့်မြင့်ရေထုတ်စနစ်အမျိုးမျိုး

စာရေးသူ၏အတွေး

စာရေးသူတို့ စိုက်ပျိုးရေးတက္ကသိုလ်၊ တတိယနှစ်ကျောင်းသားဘဝက စိုက်ပျိုးရေး ဓာတုဗေဒဌာနမှ ဆရာကြီးဦးလှထွန်းမှ မြေဆီလွှာရူပဗေဒပညာ (Soil Physics) နှင့်အတူ ရေ သွင်း၊ ရေထုတ်နည်းပညာ (Irrigation and Drainage Technology)၊ စတုတ္ထနှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနမှ ဆရာဦးခင်မောင်တင့်က ရေသွင်းစနစ်များ (Irrigation Methods) သင်ကြား ပေးခဲ့သည်ကို အနည်းငယ်မှတ်မိနေသော်လည်း နိုင်ငံတကာ တက္ကသိုလ်များတွင်တော့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ သင်ကြား၊သုတေသနပြုနေပြီး တောင် သူဦးကြီးများ သွင်းရေ ကုန်ကျ စရိတ်သက်သာ၊ အထွက်တိုးအောင် ရေသွင်း၊ ရေထုတ် စိုက်ပျိုးရေးပညာရှင် (Irrigation and Drainage Agronomists) များက ဆောင်ရွက်နေ သည်မှာ နှစ်ပေါင်းရာချီ၊ ထောင်ချီ ရှိနေပါပြီ။


မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

FAO (2002) Agricultural Drainage Water Management in Arid and Semi-arid Areas. FAO Irrigation and Drainage Paper-61. 188p.

Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India.  557p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။