အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးသုတ နိုဝင်ဘာလ

စိုက်ပျိုးသုတ နိုဝင်ဘာလ

Soe Myint
Soe Myint • 02/11/2026

နိုဝင်ဘာလသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိုးစပါးကို အလေအလွင့်မရှိဘဲ အောင်မြင်စွာ ရိတ်သိမ်းရန်နှင့် ဆောင်းသီးနှံများကို မြေတွင်းအစိုဓာတ် မဆုံးရှုံးမီ အချိန်မီ စိုက်ပျိုးရန် အလွန်အရေးပါသော ကာလဖြစ်ပါသည်။

၁။ မိုးစပါးသီးနှံ

နိုဝင်ဘာလသည် မိုးစပါးစိုက်ခင်းအများစု ရင့်မှည့်လာပြီး ရိတ်သိမ်းချိန်သို့ ရောက်ရှိလာသည့် ကာလဖြစ်သည်။ ဤကာလသည် စပါးစေ့များ အောင်မြင်ပြည့်ဖြိုးမှု ရာခိုင်နှုန်း (Percentage of Filled Grains) မြင့်မားစေရန်နှင့် အစေ့ ၁,၀၀၀ ၏ အလေးချိန် (1000-Grain Weight) ကောင်းမွန်စေရန် အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။

ထို့ကြောင့် စပါးစေ့များ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းဆုံးရှုံးမှု နည်းပါးစေရန် သင့်တော်သော ရင့်မှည့်မှုအဆင့်ဖြစ်သော မောင်းညိုချိန်တွင် ရိတ်သိမ်းသင့်သည်။ ရိတ်သိမ်းချိန် နောက်ကျလွန်းပါက စပါးစေ့များကြွေကျခြင်း၊ ရာသီဥတုကြောင့် အရည်အသွေးကျဆင်းခြင်း နှင့် ရိတ်သိမ်းချွေလှေ့ရာတွင် အလေအလွင့်များခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် ရိတ်သိမ်းပြီးပါက မလိုအပ်ဘဲ ကြာမြင့်စွာ မထားရှိဘဲ အချိန်မီ ချွေလှေ့ခြင်း၊ အခြောက်ခံခြင်းနှင့် သင့်တော်သော နည်းလမ်းဖြင့် သိုလှောင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

၂။ ဆောင်းသီးနှံများ စိုက်ပျိုးခြင်း

နိုဝင်ဘာလသည် ဆောင်းသီးနှံများ စိုက်ပျိုးရန် အလွန်အရေးကြီးသောလ ဖြစ်သည်။

ဆောင်းသီးနှံများအနက် မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲ နှင့် နေကြာတို့သည် အရေးပါသော သီးနှံများဖြစ်ကြသည်။ အဆိုပါသီးနှံများကို အောင်မြင်ဖြစ်ထွန်းစေရန် မြေအမျိုးအစား၊ စိုက်ပျိုးမြေ၏အစိုဓာတ်ထိန်းနိုင်မှုအခြေအနေ၊ စိုက်ပျိုးချိန်၊ သီးနှံမျိုးအလိုက် အပင်သက်တမ်း တို့ကို အလေးထားရွေးချယ်ရန် လိုအပ်ပါသည်။

မြေပဲသီးနှံ

မြေပဲသည် ရေမြေဒေသနှင့် ရာသီဥတုအခြေအနေ အမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ သို့သော် နုန်းမြေနှင့် သဲနုန်းမြေတို့သည် မြေပဲစိုက်ပျိုးရန် အသင့်တော်ဆုံး မြေအမျိုးအစားများဖြစ်သည်။ အထူးသဖြင့် ရေထုတ်ရလွယ်ကူပြီး ရေစိမ့်ဝင် စီးဆင်းမှု ကောင်းမွန်သောမြေကို ရွေးချယ်စိုက်ပျိုးသင့်သည်။ ရေဝပ်လွယ်သောမြေများတွင် စိုက်ပျိုးပါက အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။

မြေပဲအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရန် အောက်ပါအချက်များကို အလေးထား သင့်သည်။

  • ဒေသရေမြေနှင့် ရာသီဥတုအခြေအနေကိုက်ညီသော မျိုးများကို ရွေးချယ်စိုက်ပျိုးရန်။

  • အပင်သက်တမ်းတိုပြီး တစ်ပင်လျှင် သီးတောင့်များစွာ ထွက်ရှိကာ အဆံပြည့်ဝမှုနှုန်း မြင့်မားသောမျိုးများကို ရွေးချယ်ရန်။

  • အပင်ပေါက်ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိသော မျိုးစေ့များကို အသုံးပြုရန်။

  • မျိုးစေ့ဆောင်ရောဂါများ ကင်းစင်ပြီး အရည်အသွေးကောင်းမွန်သော မျိုးစေ့များကိုသာ စိုက်ပျိုးရန်။

အရည်အသွေးကောင်းမွန်သော မျိုးစေ့ကို မှန်ကန်စွာ ရွေးချယ်အသုံးပြုခြင်းသည် မြေပဲစိုက်ခင်း အောင်မြင်ဖြစ်ထွန်းရေးအတွက် အခြေခံအကျဆုံး အချက်တစ်ချက်ဖြစ်ပါသည်။

ကုလားပဲသီးနှံ

ကုလားပဲသည် ဆောင်းရာသီတွင် အရေးပါသော ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်ပြီး စိုက်ပျိုးမြေ အမျိုးအစားအလိုက် နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်သည်။ ယာမြေတွင် သီးသန့်စိုက်ပျိုးနိုင်သကဲ့သို့ ဂျုံ၊ နေကြာစသည့် သီးနှံများနှင့်လည်း သီးညှပ်အဖြစ် စိုက်ပျိုးနိုင်သည်။ ထို့ပြင် လယ်မြေတွင် စပါးမရိတ်သိမ်းမီ မြေတမန်းအစို၌ မျိုးစေ့ကို ပက်ကြဲစိုက်ပျိုး၍ သီးဆင့်သီးနှံ အဖြစ် စိုက်ပျိုးနိုင်သည်။ စပါးရိတ်သိမ်းပြီးနောက် သီးထပ်သီးနှံအဖြစ်လည်း စိုက်ပျိုးနိုင်သည်။ ဧရာဝတီမြစ်နှင့် အခြားမြစ်ချောင်းများတစ်လျှောက် မြစ်ရေကျဆင်းချိန်တွင် ပေါ်ထွန်းလာသော ကိုင်းကျွန်းမြေများ၌လည်း ကိုင်းသီးနှံအဖြစ် စိုက်ပျိုးနိုင်ပါသည်။

ကုလားပဲအထွက်နှုန်း မြင့်မားစေရန် မျိုးရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားသင့်ပါသည်။

  • အသက်ရင့်မှည့်ချိန်တိုတောင်းပြီး အထွက်နှုန်းမြင့်မားသောမျိုး ဖြစ်ရန်။

  • ရေငတ်ဒဏ်၊ အပူဒဏ်နှင့် အပင်ညှိုးသေရောဂါဒဏ်ကို ခံနိုင်ရည်ရှိရန်။

  • သိုလှောင်ပိုးမွှားများ၏ ဖျက်ဆီးမှုကို ခံနိုင်ရည်ရှိရန်။

  • စိုက်ပျိုးမည့်ဒေသ၏ ရေမြေနှင့် ရာသီဥတုအခြေအနေ ကိုက်ညီရန်။

  • တစ်ပင်လျှင် သီးတောင့်အရေအတွက်များပြီး တစ်တောင့်လျှင် အစေ့အရေအတွက် များရန်။

  • အစေ့အရွယ်အစား ကြီးမားပြီး ညှိုးသေရောဂါနှင့် အပူဒဏ်တို့ကို ခံနိုင်ရည်ရှိရန်။

ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်အသုံးပြုခြင်းဖြင့် ကုလားပဲအထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။

မတ်ပဲသီးနှံ

မတ်ပဲသည် စပါးရိတ်သိမ်းပြီးနောက် သီးထပ်သီးနှံအဖြစ် စိုက်ပျိုးရန် သင့်တော်သော ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်သည်။ မတ်ပဲစိုက်ပျိုးရာတွင် ရေထုတ်ရလွယ်ကူပြီး ရေစိမ့်ဝင်စီးဆင်းမှု ကောင်းမွန်သောမြေကို ရွေးချယ်သင့်သည်။ မြေအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး မိုးကြီးရွာပါက ရေဝပ်ခြင်းမရှိသော မြေသည် အပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် ပိုမိုသင့်တော် ပါသည်။

မျိုးရွေးချယ်ရာတွင် အောက်ပါအချက်များကို အလေးထားသင့်သည်။

  • အသက်ရင့်မှည့်ချိန်တိုတောင်းပြီး အထွက်နှုန်းကောင်းမွန်သောမျိုး ဖြစ်ရန်။

  • တစ်ပင်လျှင် သီးတောင့်အရေအတွက်နှင့် တစ်တောင့်လျှင် အစေ့အရေအတွက်များရန်။

  • အစေ့အရွယ်အစား ကြီးမားပြီး အရည်အသွေးကောင်းမွန်ရန်။

  • အဝါရောင်မိုစေ့ရောဂါနှင့် ဖားဥမှိုရောဂါတို့ကို ခံနိုင်ရည်ရှိသောမျိုး ဖြစ်ရန်။

ဒေသနှင့်ကိုက်ညီသော ရောဂါဒဏ်ခံနိုင်မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းသည် မတ်ပဲစိုက်ခင်း ၏ အထွက်နှုန်းတည်ငြိမ်ရေးနှင့် သီးနှံအရည်အသွေးကောင်းမွန်ရေးတို့အတွက် အရေးကြီးပါ သည်။

ပဲပုပ်သီးနှံ

ပဲပုပ်သည် ဆောင်းရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ကို လယ်မြေများတွင် စိုက်ပျိုးနိုင်သကဲ့သို့ မြစ်ရေကျဆင်းချိန်တွင် ပေါ်ထွန်းလာသော ကိုင်းကျွန်းမြေများ၌လည်း စိုက်ပျိုးနိုင်သည်။ ထို့ပြင် ပဲပုပ်ကို သီးသန့်စိုက်ပျိုးနိုင်သလို အစေ့ထုတ်ပြောင်းနှင့် နေကြာတို့နှင့်လည်း သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

ပဲပုပ်အထွက်နှုန်းနှင့် ဆီပါဝင်မှုနှုန်း ကောင်းမွန်စေရန် မျိုးရွေးချယ်ရာတွင် အောက်ပါ အချက်များကို အလေးထားသင့်ပါသည်။

  • အသက်ရင့်မှည့်ချိန်တိုတောင်းပြီး ဒေသရေမြေနှင့် ကိုက်ညီသောမျိုး ဖြစ်ရန်။

  • တစ်ပင်လျှင် သီးတောင့်အရေအတွက်နှင့် တစ်တောင့်လျှင် အစေ့အရေအတွက် များရန်။

  • အစေ့အရည်အသွေးကောင်းမွန်ပြီး ဆီပါဝင်မှုနှုန်း မြင့်မားရန်။

  • စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများတွင် ကောင်းစွာ ဖြစ်ထွန်းရန်။

ပဲပုပ်သီးနှံကို သင့်တော်သော မျိုးနှင့် စိုက်ပျိုးနည်းစနစ်များဖြင့် တိုးချဲ့စိုက်ပျိုးခြင်းသည် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

နေကြာသီးနှံ

နေကြာသည် အရေးပါသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး သီးသန့်စိုက်ပျိုးခြင်းနှင့် သီးညှပ်စိုက်ပျိုးခြင်း နှစ်မျိုးစလုံးကို ဆောင်ရွက်နိုင်သည်။ လယ်မြေတွင် စပါးရိတ်သိမ်းပြီး နောက်၊ ယာမြေတွင် မိုးသီးနှံများ ရိတ်သိမ်းပြီးနောက်နှင့် မြစ်ရေကျဆင်း၍ ပေါ်ထွန်းလာသော ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးနိုင်ပါသည်။

ဒေသနှင့်ကိုက်ညီသော နေကြာမျိုးများကို ရွေးချယ်အသုံးပြုသင့်ပြီး ရေဆင်းစပ်မျိုး-၁ နှင့် ဆင်းရွှေကြာ-၂ မျိုးများကိုလည်း စိုက်ပျိုးနိုင်ပါသည်။

အခြားနေကြာမျိုးများကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား သင့်ပါသည်။

  • အပင်သက်တမ်းတို အထွက်နှုန်းကောင်းမွန်သောမျိုး ဖြစ်ရန်။

  • အပင်ယိုင်လဲမှုဒဏ်နှင့် နေကြာရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိရန်။

  • အပွင့်အရွယ်အစားကြီးမားပြီး တစ်ပွင့်လျှင် အစေ့အရေအတွက်များရန်။

  • အစေ့အရွယ်အစားကြီးမားပြီး အစေ့ ၁,၀၀၀ ၏ အလေးချိန် မြင့်မားရန်။

  • ဆီပါဝင်မှုရာခိုင်နှုန်း မြင့်မားသောမျိုး ဖြစ်ရန်။

အထက်ပါအချက်များနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် နေကြာသီးနှံ၏ အထွက်နှုန်းနှင့် ဆီထုတ်လုပ်နိုင်မှုကို တိုးတက်စေနိုင်ပါသည်။

ယခုဆောင်းသီးနှံများစိုက်ပျိုးဖြစ်ထွန်းချိန်ကာလအတွင်း အယ်လ်နီညို ဖြစ်ပေါ်နိုင်မှုရှိသဖြင့် ဒေသအလိုက် ပုံမှန်ထက် အပူချိန်မြင့်မားခြင်း၊ မြေတွင်းအစိုဓာတ်များဆုတ်ယုတ်ခြင်းတို့ ကြုံတွေ့ရနိုင်သည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်း၍ အပင်ခြေရေဝပ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါသည်။

သို့ဖြစ်၍ ဆောင်းသီးနှံအမျိုးမျိုးကို မြေတွင်းအစိုဓာတ် မလျော့နည်းမီ နိုဝင်ဘာလအတွင်း အပြီးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းခြင်း၊ ရာသီဥတုဖေါက်ပြန်မှုအတွက် ကြိုတင်စီမံခြင်းတို့ဖြင့် သီးနှံများ ကောင်းစွာကြီးထွား ဖွံ့ဖြိုးကာ စိုက်ပျိုးသူတောင်သူလယ်သမားများ သီးနှံစိုက်ပျိုး ဝင်ငွေတိုးကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

စိုက်ပျိုးဗဟုသုတ

စိုက်ပျိုးဗဟုသုတ

အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)

Saw Lah Hway

Saw Lah Hway

လွန်ခဲ့သော ၁၄ မိနစ် က

ရှမ်းတောင်မှာအခုချိန်စိုက်ရင်နောက်ကျပြီထင်တယ်ဗျ day temperature ကမြင့်လာတဲ့အတွက်မှီပါ့မလား?

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်‌ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရဖြစ်နေပါတယ်၊Appထဲတခါဝင်ဖို့ ဖျက်လိုက် အကောင့်ပြန်ဝင်လိုက်ပြုလုပ်နေရပါတယ်ခင်ဗျာ

သော်ဇင် • ဖြေကြားချက် 1 ခု

ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ

Htet Lin • ဖြေကြားချက် 1 ခု

ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမလို့ပါ ခါတိုင်းက Quizalofp-p-ethyl သုံးပါတယ် ခု ​းေဆိုင်က Fluazifop-p-butyl 25EC ပဲရခဲ့ပါတယ်

Khing Hein • ဖြေကြားချက် 3 ခု

မတ်ပဲမှာပဲမွေဟောက်ဆိုတဲ့မျိုးရဲ့အပင်ပုံကိုယခင်နှစ်ကစိုက်ဖူးသောတောင်သူများထံတွင်ရှိလျှင်ကြည့်ချင်ပါသည်

Zin Wai Aung • ဖြေကြားချက် 1 ခု

‌ဒီနေ့ညနေ မတ်ပဲကြဲပြီးရိုးပြတ်ကို စက်နဲ့ဖိထားတယ် မနက်ဖြန် ရိုးပြတ်ကို ပေါင်းသတ်ဆေးဖျန်းရင် မတ်ပဲကို ထိနိုင်လားဗျ အန္တာရယ်ရှိလားဗျ ဆေးက ဂလိုင်ဖိုဆိတ်

Aung Zay • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။