အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)

တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)

AMIA
AMIA • 30/10/2026

ဒီပါဝလီ ပွဲတော်ရက် မတိုင်မီ အိန္ဒိယနိုင်ငံအတွင်း စားသုံးသူများ၏ ဝယ်လိုအား ပျော့လာခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်လက် အေးနေသည်။ သို့သော် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်သည်ဟူသော သတင်းနှင့်အတူ တရုတ်ဈေးကွက်သို့ တင်ပို့နေသည့် ပဲတီစိမ်းအပေါ် မျှော်လင့်ချက်များ ကောင်းမွန်နေသည်။

ဈေးဆက်ကျလာသည့် မတ်ပဲ

မြန်မာ့ဈေးကွက်တွင် မတ်ပဲမှာ ပြည်တွင်းဈေးသာမက ပြည်ပ FOB ဈေးပါ ကျလာသည်။ အိန္ဒိယ စားသုံးသူ၏ ဝယ်လိုအား လျော့နည်းမှုကြောင့် ဈေးကွက်အပေါ် သက်ရောက်မှု ရှိနေပြီး ဈေးနှုန်း အားပျော့ခြင်းဖြစ်ကြောင်း သုံးသပ်မှုအချို့ကိုလည်း တွေ့ရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ အိန္ဒိယနိုင်ငံက ပြည်ပမှ မတ်ပဲတန်ချိန် ၄၈၈,၀၀၀ ကျော် တင်သွင်းခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် အိန္ဒိယနိုင်ငံ၏ ပြည်ပမှ မတ်ပဲ တင်သွင်းမှု ၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း IPGA (India Pulses and Grains Association) က ထုတ်ပြန်ထားသည်။

အိန္ဒိယ၏ ပြည်ပမှ မတ်ပဲ တင်သွင်းမှု လျော့နည်းနေခြင်းက ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိသော်လည်း လက်ရှိ အိန္ဒိယဈေးကွက်တွင် မတ်ပဲဈေး အားပျော့နေသည်။

ရက်သတ္တပတ်အတွင်း အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲဈေးမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၈၀ မှ ၈၇၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၄၅ မှ ၉၄၀ သို့ ဈေးပြောင်းသွားသည်။

မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ FOB ဈေးမှာ ပဲတစ်တန်လျှင် အနည်းဆုံး ဒေါ်လာ ၁၅ ဈေးကျသွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀ - ၈၉၀ မှ ၈၆၅ - ၈၇၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၆၀/၉၇၀ မှ ၉၃၅/၉၄၅ သို့ ဈေးပြောင်းသွားသည်။

သီတင်းကျွတ် ပိတ်ရက်အလွန် ပြည်တွင်း မတ်ပဲဈေးမှာလည်း ကျရိပ်သန်းနေပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၆၅၅,၀၀၀ မှ ၃,၆၄၀,၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၉၁၅,၀၀၀ မှ ၃,၉၀၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပဲစင်းငုံ ဈေးကျ

ဒီပါဝလီ ပွဲတော် နီးလာချိန် အိန္ဒိယနိုင်ငံအတွင်း ဝယ်လိုအား ပျော့ခြင်းကြောင့် မြန်မာ့ပဲစင်းငုံဈေး ကျနေသည်။ ထိုအခြေအနေက မြန်မာ့ပြည်တွင်း ပဲစင်းငုံဈေးအပေါ် သက်ရောက်မှု ရှိလာသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ ပြည်ပမှ ပဲစင်းငုံ တင်သွင်းမှု ပုံမှန်အခြေအနေတွင် ရှိနေပြီး ပဲခွဲစက်များ၏ လက်တလော ဝယ်အား နှေးလာခြင်းကြောင့် ပဲစင်းငုံဈေး ပျော့နေသည်။

အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၅၀ မှ ၉၄၅ သို့ ပြောင်းသွားသည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံ FOB ဈေး ငြိမ်နေပြီး ပဲစင်းငုံ (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၉၁၀/၉၂၀၊ ပဲစင်းငုံ (အသစ်) တစ်တန်လျှင် ဒေါ်လာ ၉၄၀/၉၅၀ ဈေးဖွင့်သည်။

ယခုရက်သတ္တပတ် ပဲစင်းငုံ ပြည်တွင်းဈေးမှာ ပဲတစ်တန်လျှင် ကျပ် ၃,၉၅၅,၀၀၀ မှ ၃,၉၃၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ဝယ်လိုအား မျှော်လင့်ချက်နှင့် ပဲတီစိမ်း

တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့နေသည့် ပဲတီစိမ်းမှာ နယ်စပ်ဂိတ်များ ဖွင့်လှစ်မှုနှင့်အတူ မျှော်လင့်ချက်များ ရှိနေသည်။ မူဆယ်နယ်စပ်မှ အရည်အသွေးကောင်း ပဲတီစိမ်း ဝယ်အားကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဈေးကွက်တွင် ပဲတီစိမ်း (အညာ) ဈေးမာနေသည်။ သို့သော် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်းဈေး ငြိမ်နေသည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း FOB ဈေးမှာ ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၇၄၀/၇၅၀၊ ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀/၈၉၀ ဈေးဖွင့်သည်။

ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၄,၅၀၀/၄,၅၂၀ ဈေးဖွင့်သည်။

ဈေးပြန်တက်သည့် ကြက်သွန်နီ

သီတင်းကျွတ် ပိတ်ရက်များအလွန် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ အဝင်နည်းသဖြင့် ဈေးများ ပြန်လည်မြင့်တက်လာသည်။

နွေကြက်သွန် လက်ကျန် လျော့နည်းမှုနှင့်အတူ မိုးကြက်သွန် လှိုင်လှိုင် မထွက်လာနိုင်သေးချိန် ပြည်တွင်း ကြက်သွန်ဈေးမှာ အပြောင်းအလဲများ ရှိနေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဈေးသက်သာသည့် တရုတ်နိုင်ငံမှ တင်သွင်းသော ကြက်သွန်နီများကိုလည်း အရည်အသွေးနှင့် အထားမခံမှုကြောင့် ပြည်တွင်း စားသုံးသူများ နှစ်သက်မှု နည်းသည်။ လက်ရှိ မိုးကြက်သွန်အသစ်မှာလည်း ဈေးကွက်သို့ လုံလောက်သည့် ပမာဏ မပို့နိုင်ခြင်းက ကြက်သွန်ဈေးကို တွန်းအားဖြစ်လာစေသည်။

ထို့ကြောင့် ရန်ကုန် လက်ကားဈေးကွက်တွင် ကြက်သွန်နီ (ဆိပ်ဖြူ) ရှယ် တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ ကျော်မှ ကျပ် ၁၀,၀၀၀ အထိ ပြန်တက်လာပြီး မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ဈေးဖွင့်သည်။ သို့သော် စားသုံးသူများ တိုက်ရိုက် ဝယ်ယူရသည့် လက်လီဈေးကွက်တွင် ကြက်သွန်နီဈေးမှာ အမြင့်ဆုံး တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ဝန်းကျင် ဈေးဖွင့်ထားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

Padamyar FM ကပါရှင် Smart Farming အတွက် interview လေးလုပ်ချင်လို့အစိမ်းရောင်လမ်းကို ဘယ်လိုဆက်သွယ်လို့ရမလဲရှင်

Sumyat Mon • ဖြေကြားချက် 0 ခု

ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။

Khin Zar Hlaing • ဖြေကြားချက် 1 ခု

ဘာ စပါး မျိုးလဲ ဗျ သူများတွေ ရွှေသွယ်ရင် လို့ ပြောနေကြတယ် အသက်ရက်က ၉၀ ပါ

moe • ဖြေကြားချက် 1 ခု

ပိုးသတ်ဆေးတို့ အပင်အားဆေးတို့ဖျန်းပြီး ဘယ်အချိန်လောက်မိုးနဲ့လွတ်ရင် ရပါသလဲ

ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု

ငရုတ်ဒီလို့ ဖစ်နေလို့ ဘာဆေးဖျန်းရမလဲ

မောင်သက်ဖြိုးဝေ • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။