ယူကရိန်းစစ်ပွဲဟာ သင့်မနက်စာအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ?
ယူကရိန်းနဲ့ အဝေးကြီးမှာ ရှိနေတဲ့ နိုင်ငံတွေတောင် မနက်စာ စားချိန်ရောက်တိုင်း အဲဒီကစစ်ပွဲရဲ့ ရိုက်ခတ် သက်ရောက်မှုကို ခံစားကြရပါလိမ့်မယ်။
ကမ္ဘာ့စားသောက်ကုန်လုပ်ငန်းကြီးတွေဟာ ကပ်ရောဂါကြောင့်ဖြစ်တဲ့ ကုန်စည်ရောင်းချမှုကွင်းဆက် (supply chain) ပြဿနာကို နှစ်နှစ်လောက် ကြုံထားရပြီးပြီ။ ဒါကြောင့် စားသောက်ကုန်ဈေး ထပ်တက်တာမျိုးကို ဈေးဝယ်သူတွေ မကြုံရစေဖို့အတွက် သူ့တို့မှာ လုပ်ပေးစရာနည်းလမ်း သိပ်မကျန်တော့ပါဘူး။
ယခု စစ်ဖြစ်နေတဲ့ ပင်လယ်နက်ဒေသဟာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက်ပိုင်း နှစ်ပေါင်း သုံးဆယ်အတွင်း ကောက်ပဲသီးနှံတင်သွင်းသူကနေ တင်ပို့သူ ဖြစ်လာခဲ့ပါတယ်။ ရုရှား၊ ယူကရိန်းတို့ဟာ ကမ္ဘာ့ဂျုံ ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံကိုလည်းကောင်း၊ မုယောစပါး လေးပုံတစ်ပုံကိုလည်းကောင်း၊ နေကြာဆီ လေးပုံသုံးပုံ နီးပါးကိုလည်းကောင်း တင်ပို့ရောင်းချပေးနေတယ်လို့ နိုင်ငံတကာအစားအသောက်မူဝါဒသုတေသနအဖွဲ့ (IFPRI) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် ယူကရိန်းနိုင်ငံက ကုန်ပို့ဆိပ်ကမ်းတွေ ထိခိုက်တာမျိုး၊ သီးနှံစိုက်ပျိုးမှုနဲ့ ရိတ်သိမ်းမှုတွေ မလုပ်နိုင်တာမျိုး ဖြစ်လာခဲ့မယ်ဆိုရင် ယူကရိန်းရဲ့ သီးနှံတင်ပို့ရောင်းချမှု အလျင်ပြတ်သွားနိုင်ပါတယ်။ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက နိုင်ငံတွေဟာ ယူကရိန်းဆီက သီးနှံအများအပြား ဝယ်ယူတင်သွင်း နေတာကြောင့် သူတို့အပေါ် သက်ရောက်မှုအများဆုံး ဖြစ်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂက စားသောက်ကုန်စည် စုစုပေါင်းတင်သွင်းမှုရဲ့ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ယူကရိန်းနဲ့ ရုရှားတို့ဆီကနေ ဝယ်ယူနေတာပါ။ အမေရိကား ကတော့ အဆိုပါနှစ်နိုင်ငံနဲ့ စားသောက်ကုန်စည် တိုက်ရိုက်ကုန်သွယ်မှု နည်းပါးပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ ကုန်စည်ဈေးကွက်အပေါ် သက်ရောက်မှုကိုတော့ အမေရိကားလည်း ခံစားရမှာပါပဲ။
သီးနှံရောင်းလိုအား မသေချာမရေရာမှုဟာ ကောက်ပဲသီးနှံကြိုပွိုင့်ဈေးတွေကို မြင့်တက်စေနှင့်ပါပြီ။ ယူကရိန်း ကနေ မနှစ်က စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ ဂျုံ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တင်ပို့ပြီးဖြစ်ကာ နောက်ထပ် သီးနှံသစ် စိုက်ပျိုးပြီးပြီးလို့ IFPRI က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ယခု နွေဦးရာသီမှာ စတင်မဲ့ ပြောင်းလိုမျိုး သီးနှံတွေ စိုက်ပျိုးရေးနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက စိုက်ခဲ့တဲ့ ဂျုံသီးနှံ ရိတ်သိမ်းရေးဟာ စစ်ပွဲကြောင့် ကမောက်ကမ ဖြစ်လာနိုင်ပါတယ်။
Nestle နဲ့ Kellogg's တို့လိုမျိုး စားသောက်ကုန်ထုတ်လုပ်ငန်းကြီးတွေအနေနဲ့ လိုအပ်တဲ့ ဂျုံကို အခြားနေရာကနေ ရှာလို့ရနိုင်လောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝန်းက လယ်သမားတွေဟာ ဂျုံဈေးကောင်းနေ တာကြောင့် ဂျုံကို ပိုစိုက်ထားကြလို့ပါ။ အမေရိကားမှာဆိုရင် ဆောင်းဂျုံစိုက်ပျိုးမှု ဧကဟာ ခြောက်နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကောက်ပဲသီးနှံရောင်းလိုအားဟာ လျော့နည်းနေဆဲပါပဲ။ ကမ္ဘာ့နှံစားသီးနှံ ကုန်လက်ကျန်စာရင်းနဲ့ တစ်နှစ်တာလိုအပ်ချက် အချိုးဟာ ယခုနှစ်မှာ ၂၈ ဒသမ ၇ ရာခိုင်နှုန်း ရှိနိုင်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အကြာ တုန်းက ၃၁ ဒသမ ၉ ရာခိုင်နှုန်း ရှိရာကနေ ကျဆင်းလာတာပါ။ နောက်ပြီး ယူကရိန်းက အများအပြား ထုတ်လုပ် နေတဲ့ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းဟာ ရုရှားကျူးကျော်မှု မစတင်မီကတည်းက စံချိန်တင်နှုန်းအထိ မြင့်တက်နှင့်ပြီးဖြစ်ပါတယ်။
ကောက်ပဲသီးနှံကနေ ထုတ်လုပ်ရတဲ့ ပေါင်မုန့်တို့၊ ကွေကာအုပ်တို့ဟာ စူပါမားကတ်တွေပေါ်မှာ ဈေးပိုကြီးလာ နိုင်ပါတယ်။ သီးနှံဈေး တက်လာတာဟာ တိရစ္ဆာန်စာစရိတ် ပိုမြင့်လာစေမှာ ဖြစ်တာကြောင့် အသားဈေး အပေါ်မှာပါ သက်ရောက်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမဲသားလက်ကားဈေးနှုန်းဟာ ၂၀၂၂ ခုနှစ်အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ကျူးကျော်စစ် မစတင်ခင်ကတည်းက ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာရှိတဲ့ စားသုံးသူတွေဟာလည်း ယခုနှစ်အတွင်း စားသောက်ကုန်ဈေး မြင့်တက်မှုနှုန်းကို ရာခိုင်နှုန်း ဆယ်ဂဏန်းအထိ ရင်ဆိုင်ထားရပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့မှု မလုပ်သေးဘဲ လက်ရှောင်ထားပါတယ်။ တကယ်လို့ အဲဒီမူဝါဒသာ ပြောင်းသွားခဲ့ရင် ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ အဓိကသွင်းအားစု ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ဈေးတွေ ကြီးမြင့်လာမယ်။ ဒီကတစ်ဆင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနဲ့ ကောက်ပဲသီးနှံ ဝယ်ယူမှုစရိတ်စကတွေ ပိုကြီးမြင့်လာနိုင်ပါတယ်။
စားသောက်ကုန် ကုမ္ပဏီကြီးတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်အကြာကစပြီး ကပ်ရောဂါကြောင့်ဖြစ်တဲ့ ကုန်စည်ရောင်းချမှု ကွင်းဆက်ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေ ရှိထားတာကြောင့် နောက်ထပ် အဟန့်အတားသစ်တစ်ခု ဖြစ်လာခဲ့ရင်တောင် သူတို့ ဖြေရှင်းနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ လုပ်သားစရိတ်၊ သယ်ယူ ပို့ဆောင်ရေးစရိတ်၊ ထုပ်ပိုးစရိတ် စတာတွေ မြင့်တက်မှုကို သုံးလပတ်ပေါင်း များစွာ ကြုံလာခဲ့ရတဲ့အတွက် ကုမ္ပဏီကြီးတွေအနေနဲ့ ဝယ်ယူသူတွေ ဈေးအတက် ထပ်မကြုံရအောင် လုပ်ပေးနိုင်စွမ်းကတော့ နည်းနေပြီ ဖြစ်ပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ အလျင်အမြန် အကင်းမသေဘူးဆိုရင် စူပါမားကတ်တွေမှာ ဈေးလာဝယ်သူတွေဟာ သြချယူရလောက်တဲ့ ဈေးနှုန်းတွေကို နောက်ထပ်တစ်ချီ ထပ်မံ ကြုံကြရဖို့ ရှိပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: How War in Ukraine Could Feed Through to Breakfast – WSJ
ဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 0 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 0 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 0 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023