အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယန်စီမြစ်နံဘေး ဟော့ပေါ့လွေးရင်း တွေးမိခဲ့တဲ့ အတွေးတစ်စ

ယန်စီမြစ်နံဘေး ဟော့ပေါ့လွေးရင်း တွေးမိခဲ့တဲ့ အတွေးတစ်စ

Khaing Kyi Thit
Khaing Kyi Thit • 29/12/2025

အစားအစာဆိုတာ ဗိုက်ပြည့်ဖို့ သတ်သတ်မဟုတ်၊ အာဟာရပြည့်ဖို့ သတ်သတ် မဟုတ်ပါဘူး။ အစားအစာမှာ သမိုင်း ရှိသလို၊ အဲဒီသမိုင်းမှာ လူ့ယဉ်ကျေးမှုတွေ၊ လူမှုစီးပွားဘဝ တွေ၊ စိတ်နေစိတ်ထားတွေ၊ သဘာဝဝန်းကျင် အခြေအနေတွေ သိုင်းခြုံစည်းနှောင် နေတတ်ပါတယ်။ 

ချုံချင့်မြို့ကို ရောက်ခဲ့ချိန်မှာ ယန်စီမြစ်နဲ့ ကျားလင်မြစ်တို့ ဆုံရာက ညနေခင်းအလှကို ကြည့်ရှုခံစားရင်း ချုံချင့်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဟော့ပေါ့ (hotpot) ကို မဖြစ်မနေ စားခဲ့ရပါတယ်။ ဟော့ပေါ့တွေ အမျိုးမျိုး ကွဲပြားနေတဲ့ထဲက ချုံချင့် ဟော့ပေါ့ ရဲ့ အများနဲ့မတူ တမူထူးခြားနေတဲ့ အချက်က စပ်တယ်၊ ထုံတယ်၊ အမဲကလီစာတွေ အဓိက ပါတယ် ဆိုတဲ့ အချက်ပါပဲ။ 

ချုံချင့်ရဲ့ ဟော့ပေါ့သမိုင်းက ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ စပါတယ်။ ချင်မင်းဆက်ခေတ်မှာ ယန်စီမြစ်တစ်လျှောက် ကုန်တင်လှေတွေ စုန်ချည်ဆန်ချည် သွားခဲ့ကြပုံပါ။ လမ်းဆုံလမ်းခွတွေဟာ ခရီးတစ်ထောက်နားစခန်း ဖြစ်တတ်သလို ရေလမ်းကိုသာ အားပြုရတဲ့ ဟိုတစ်ခေတ်တစ်ခါစီတုန်းက ယန်စီမြစ်နဲ့ ကျားလင်မြစ်တို့ဆုံရာ ချုံချင့်ဟာ ကုန်တင်ကုန်ချလုပ်ငန်းတွေနဲ့ စည်ကားခဲ့ပါလိမ့်မယ်။

ဒါ့အပြင် သင်္ဘောကျင်းလုပ်ငန်းတွေဟာလည်း ချုံချင့်မှာ ထွန်းကားခဲ့ပါတယ်။ 

ကုန်တင်ကုန်ချအလုပ်သမားတွေ၊ သင်္ဘာကျင်းလုပ်သားတွေဟာ ပဒေသရာဇ်ခေတ်နှောင်းမှာ ဆင်းရဲသားနင်းပြားတွေပါပဲ။ ပဒေသရာဇ်တွေလို အာဏာမရှိသလို၊ အရင်းရှင်ပေါက်စတွေလိုလည်း ငွေရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခွန်အားသုံးရတဲ့ အလုပ်ကြမ်းတွေဆိုရင်တော့ အောက်ခြေအကျဆုံး လုပ်သားတွေကပဲ လုပ်ကြရတာ ဓမ္မတာပါပဲ။ 

ဆင်းရဲသား ဆိပ်ကမ်းလုပ်သားတွေအတွက် ဈေးကြီးလှတဲ့ အသားဟင်း နပ်မှန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လိုအပ်တဲ့ အသားဓာတ်အာဟာရကို ပြည့်ပြည့်ဝဝရဖို့ သူတို့အားကိုးရတာက ဈေးပေါတဲ့ ကလီစာ တွေပါ။ အထူးသဖြင့် အမဲပုဆိုးကြမ်း လို့ လူသိများတဲ့ ကလီစာ ဟာ သူတို့အတွက် တန်ဖိုးကြီးတဲ့ အသားဟင်းတစ်ခွက်ပါပဲ။ 

ဒါပေမယ့်လည်း ကလီစာ ဆိုတာ ညှီနံ့ပြင်းပါတယ်။ အဲဒီညှီနံ့ပြင်းပြင်းကို လျော့ချနိုင်ဖို့ သူတို့ချက်တဲ့ အမဲကလီစာ ဟင်းလျာတွေကို အမွှေးအကြိုင်တွေခပ်များများ၊ ခပ်ပြင်းပြင်းရောထည့်ပြီး ချက်ကြရပါတယ်။ 

ချုံချင့်ရဲ့ ရာသီဥတုဟာ နွေအခါမှာ ဘယ်လိုမှန်းမသိပေမယ့် ဆောင်းတွင်းကတော့ အတော့်ကို အေးလှပါတယ်။ ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကို တုန့်ပြန်ရာမှာ ပူတဲ့စပ်တဲ့ အရသာတွေက အတော်လေး အသုံးတည့်ပုံပါပဲ။ ဒါနဲ့ပဲ ဆီခပ်များများ၊ စပ်စပ်၊ ထုံထုံ နဲ့ ပူပူလောလော ပါးစပ်ထဲ အတင်းထိုးတည့်ပြီး စားရတဲ့ ချုံချင့် မာလဟော့ပေါ့ဆိုတာ ပေါ်ပေါက်လာရတာပါ။ 

ငရုတ်သီးစိုက်ပျိုးရေး ဖြစ်ထွန်းသလို အစပ်စားတဲ့ ဓလေ့ထွန်းကားတဲ့ စီချွမ်ပြည်နယ်နဲ့ ကပ်နေတာကလည်း ချုံချင့်ဟော့ပေါ့ကို ငရုတ်ဆီဝေ့ပြီး ထုံနေစပ်နေစေတဲ့ အချက်တစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်က ဆင်းရဲသား အောက်ခြေလုပ်သားတွေစားတဲ့ ချုံချင့်ဟော့ပေါ့ဟာ အခုတော့ ချုံချင့်မြို့ရဲ့ အမှတ်သညာ တစ်ခု ဖြစ်လို့နေပါပြီ။ ချုံချင့်ရဲ့ ခရီးသွားလုပ်ငန်းမှာ ကလီစာတွေကို ချက်ပြုတ်စားသောက်ရတဲ့ ချုံချင့်ဟော့ပေါ့ဟာ အရေးကြီးတဲ့ စွဲဆောင်မှု တစ်ခု ဖြစ်လို့နေပါပြီ။ လူတန်းစားမရွေး တန်ဖိုးထားစားသုံးတဲ့ ချုံချင့်စာ တစ်ခု ဖြစ်လို့နေပါပြီ။ နိုင်ငံခြားသား ဧည့်သည်လာရင် တန်ဖိုးထားပြီး တည်ခင်းဧည့်ခံရတဲ့ ဟင်းလျာတစ်ခု ဖြစ်နေပါပြီ။ 

ပြောချင်တာက အစားအစာတွေမှာ သမိုင်းတွေရှိပါတယ်။ ပထဝီနဲ့ ဆက်စပ်နေပါတယ်။ ဓလေ့ထုံးတမ်းနဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတွေ ယှက်နွယ်ပါဝင်နေပါတယ်။ လူမှုစီးပွားဘဝတွေ၊ ပထဝီအနေအထားတွေ၊ နိုင်ငံရေးတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ 

တစ်ချိန်တည်းမှာ တိုင်းပြည်စီးပွားရေးရဲ့ ဒေါက်တိုင်လည်း ဖြစ်နေပြန်ပါတယ်။ ချုံချင့်ဟော့ပေါ့ဆိုင်များအသင်း (Chongqing Hotpot Association) ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်မှာ တရုတ်ပြည်တွင်းက ဟော့ပေါ့ဆိုင်ပေါင်း ၃၉,၆၀၀ ရဲ့ ရောင်းရငွေဟာ အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ (တရုတ်ယွမ်ငွေ ၈၂.၄ ဘီလီယံ) ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရောင်းချရမှုကြောင့် ကုန်စည်ကွင်းဆက်တစ်လျှောက်လုံးမှာ အလုပ်အကိုင်တွေ ဝင်ငွေတွေ ဖြစ်ပေါ်စေပြီး ဘီလီယံ ၃၀၀ လောက် တိုင်းပြည်စီးပွားရေးထဲ ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆက်စပ်ပြီး စဉ်းစားမိတာကတော့ ပါဝါအပျော့ (soft power) ရဲ့ အကြောင်းပါ။ ချုံချင့်ဟော့ပေါ့ဟာ တရုတ်ပြည်ရဲ့ ပါဝါအပျော့ တည်ဆောက်ရေးမှာ လက်နက်တစ်ခု ဖြစ်တယ်လို့ မှတ်ယူမိပါတယ်။ ပါဝါအပျော့က တည်ဆောက်ယူရတာလား၊ အခြား ပါဝါအပျော့နဲ့ ပေါင်းစပ်နေတာလား၊ ပါဝါအမာ (hard power) နဲ့ တည်ဆောက်ယူရတာလား၊ ကျွန်တော် သေသေချာချာ မသိပါဘူး။ 

တရုတ်ပြည်ကြီးကတော့ ဟော့ပေါ့အိုးတွေနဲ့ ကမ္ဘာပတ်နေပုံပါ။ တရုတ်ပြည်မပါဘဲ ကျန်တဲ့နိုင်ငံတွေမှာရှိတဲ့ ဟော့ပေါ့ဈေးကွက်ကြီးဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရှိပါသတဲ့။ လာမယ့်နှစ်မှာ ဘီလီယံ ၄၀ အထိ တိုးလာနိုင်ပါသတဲ့။ အမေရိကဈေးကွက်မှာတင် တန်ဖိုးက ဒေါ်လာ ၁၃ ဘီလီယံဖိုး ရှိတယ်လို့ ဆိုတယ်။ 

ကျွန်တော်တို့မှာလည်း သမိုင်းနဲ့ယှဉ်တဲ့ စားစရာတွေ ပုံလို့ပါပဲ။ မုန့်ဟင်းခါးက စလို့ပေါ့။ ဒါပေမယ့် ဘယ်တစ်ခုကမှ ပါဝါအပျော့ ဖြစ်မလာနိုင်သေးတာလည်း သတိထားမိပါတယ်။ ဘယ်အစားအစာက တိုင်းပြည်ဝင်ငွေ ဘယ်လောက်ဖန်တီးပေးနေသလဲ ဆိုတာလည်း တွက်ချက်ထားပုံ ရှိဟန် မတူပါဘူး။ 

ထားပါတော့လေ။ ယန်စီမြစ်နံဘေး၊ ရာသီအေးအေးမှာ ဟော့ပေါ့လွေးရင်း တွေးမိခဲ့တာတွေက စုံလို့ပါပဲ။ အဲဒီထဲက တချို့ကို မျှဝေလိုက်ရပါတယ်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။