အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီဥကို အလေးချိန်စီးပြီး အထွက်နှုန်းများစေမယ့် အာဟာရဓာတ်များ

ကြက်သွန်နီဥကို အလေးချိန်စီးပြီး အထွက်နှုန်းများစေမယ့် အာဟာရဓာတ်များ

သော်ဇင်
သော်ဇင် • 30/06/2026

ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများအတွက် မိမိတို့ စိုက်ခင်းမှ အရည်အသွေးပြည့်မီပြီး အလေးချိန်စီးသော ကြက်သွန်နီဥများ ရရှိရန်မှာ အဓိက ပန်းတိုင်ဖြစ်ပါသည်။ မျှတသောအာဟာရဓာတ် ကျွေးမွေးခြင်းအစီအစဉ် (Balanced Crop Nutrition Program) ကို စနစ်တကျ ကျင့်သုံးခြင်းဖြင့် ကြက်သွန်နီဥအလေးချိန်ကို သိသိသာသာ တိုးပွားစေပြီး တစ်ဧကအထွက်နှုန်းကို မြှင့်တင်ပေးနိုင်ပါသည်။ ကြက်သွန်နီဥ ကြီးထွားနှုန်းနှင့် အလေးချိန်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော အဓိက အာဟာရဓာတ်ကြီးများနှင့် ၎င်းတို့ကို စနစ်တကျ အသုံးပြုပုံများကို အသေးစိတ် ရှင်းလင်းတင်ပြပေးလိုက်ပါသည်။

 (၁) ဥအရွယ်အစား ကြီးထွားမှုအတွက် ဖော့စပရပ် (Phosphorus)

ဖော့စပရပ် (တီစူပါ) ဓာတ်သည် အပင်၏ အမြစ်စနစ်ကို သန်မာစေရုံသာမက ဆဲလ်ကွဲပွားမှုနှင့် စွမ်းအင်ဖြစ်စဉ်များအတွက် မရှိမဖြစ်လိုအပ်ပါသည်။ သဘာဝအလျောက် ဖော့စပရပ်ဓာတ် အလွန်နည်းပါးသော မြေဆီလွှာများတွင် ကြက်သွန်နီ စိုက်ပျိုးမည်ဆိုပါက ပုံမှန်ထက် နှုန်းထားပိုမိုထည့်သွင်းပေးရန် လိုအပ်ပါသည်။ ဖော့စပရပ်နှုန်းထား ပြည့်ပြည့်ဝဝ ကျွေးမွေးခြင်းသည် အပင်ကို အာဟာရစုပ်ယူမှု အားကောင်းစေပြီး ကြက်သွန်ဥ၏ အလေးချိန်နှင့် အရွယ်အစားကို တိုက်ရိုက် တိုးတက်ကြီးမားစေပါသည်။

(၂) သိုလှောင်မှု အရည်အသွေးအတွက် ပိုတက်စီယမ် (Potassium) 

ပိုတက်စီယမ် (ပိုတက်ရှ်) သည် ကြက်သွန်နီဥ အသားပြည့်ပြီး အလေးချိန်စီးစေရန် ဆောင်ရွက်ပေးသည့်အပြင် အပင်၏ ရောဂါဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ကို မြှင့်တင်ပေးပါသည်။အထွက်နှုန်းတိုးရန် နိုက်ထရိုဂျင် (ယူရီးယား) ကို အလွန်အကျွံ သုံးစွဲထားသော စိုက်ခင်းများတွင် ပိုတက်စီယမ်သည် အထွက်နှုန်း မကျဆင်းသွားစေရန် အထူးအရေးပါသော အခန်းကဏ္ဍမှ ကူညီပေးသည်။ နိုက်ထရိုဂျင်များလွန်းပါက ကြက်သွန်ဥများ ပွပြီး သိုလှောင်ချိန်တွင် ပုပ်သိုးပျက်စီးလွယ်တတ်သော်လည်း ပိုတက်စီယမ်ကို မျှတစွာထည့်ပေးခြင်းဖြင့် ထိုအန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။ ကြက်သွန်နီသည် ဆားငန်ဓာတ်ဒဏ်ကို မခံနိုင်သော အပင်အမျိုးအစား ဖြစ်သည်။ ထို့ကြောင့် အပင်ကို ထိခိုက်မှုနည်းသော ပိုတက်စီယမ် အမျိုးအစားကို ရွေးချယ်ရန် လိုအပ်ပါသည်။အပင်တွင်း ကလိုရိုက် (Chloride) ဓာတ် အဆိပ်သင့်ခြင်းသည် အထွက်နှုန်းကျဆင်းစေပြီး သိုလှောင်စဉ် ကြက်သွန်ဥအလေးချိန် လျော့နည်းစေတတ်သည်။ ထို့ကြောင့် ကလိုရိုက်ပါဝင်သော ပိုတက်စီယမ် မူရိတ် (Muriate of Potash - MOP) ထက် ဆာလ်ဖိတ် (Sulfate) နှင့် နိုက်ထရိတ် (Nitrate) ပုံစံရှိသော ပိုတက်စီယမ် မြေဩဇာများ (ဥပမာ - Potassium Sulfate) ကို အသုံးပြုပါက သိုလှောင်စဉ် အလေးချိန်လျော့ကျမှုကို ပိုမိုသက်သာစေပါသည်။

 (၃) ဥ အလေးချိန်အရည်အသွေးအတွက် ဆာလဖာ / ကန့် (Sulfur)

ဆာလဖာသည် ကြက်သွန်နီဥ အလေးချိန်၊ အထွက်နှုန်း တိုးတက်ဖို့အတွက်သာမက ကြက်သွန်နီ၏ အရည်အသွေးကို သတ်မှတ်ပေးသည့် ဓာတ်ဖြစ်ပါသည်။ ဆာလဖာသည် အပင်က နိုက်ထရိုဂျင်ဓာတ်ကို ပိုမိုထိရောက်စွာ စုပ်ယူပြီး အသုံးချနိုင်အောင် ကူညီပေးသည်။ ဆာလဖာဓာတ် ကြွယ်ဝပြီးသား မြေဆီလွှာများတွင် ဆာလဖာနှုန်းထား အလွန်အကျွံ ထပ်မံထည့်သွင်းပါက အထွက်နှုန်းကို ပြောင်းပြန် ထိခိုက်စေနိုင်သဖြင့် မြေအမျိုးအစားကို လေ့လာပြီး သတိပြု သုံးစွဲရပါမည်။ ဆာလဖာသည် ကြက်သွန်ဥအတွင်းရှိ ပိုင်ရူဗစ်အက်ဆစ် (Pyruvic acid) ပမာဏကို တိုးပွားစေသည်။ ပိုင်ရူဗစ်အက်ဆစ်သည် ကြက်သွန်နီ၏ အဓိက အရည်အသွေးလက္ခဏာဖြစ်သော "အစပ်ဓာတ်နှင့် အနံ့" ကို သိသိသာသာ ပိုမိုကောင်းမွန်စေပါသည်။

(၄) အလေးချိန်ကို တိုးစေပြီး အထွက်နှုန်းကို သိသာစေတဲ့ ဘိုရွန် (Boron)

ဘိုရွန်သည် အပင်ငယ်များ ဆဲလ်ဖွဲ့စည်းမှုနှင့် သကြားဓာတ် ရွှေ့ပြောင်းခြင်းတို့တွင် အနည်းလို အာဟာရဓာတ်အဖြစ် အရေးပါပါသည်။စိုက်ပျိုးရေးစမ်းသပ်ချက်များအရ ဘိုရွန်ဓာတ်ကို စနစ်တကျ ကျွေးခြင်းသည် ကြက်သွန်ဥအလေးချိန်ကို တိုးစေပြီး အထွက်နှုန်းအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိကြောင်း အတည်ပြုထားပါသည်။ မြေဆီလွှာအတွင်း ကယ်လ်စီယမ် (Ca)၊ နိုက်ထရိုဂျင် (N) နှင့် ဘိုရွန် (B) ဓာတ်တို့၏ မျှခြေကို ထိန်းသိမ်းရန် အထူးအရေးကြီးပါသည်။ မြေဆီလွှာတွင် ကယ်လ်စီယမ်နှင့် နိုက်ထရိုဂျင် ပမာဏ မြင့်မားလွန်းနေပါက အပင်၏ ဘိုရွန်ဓာတ် စုပ်ယူမှုကို လျော့နည်းသွားစေတတ်သဖြင့် ဓာတ်မြေဩဇာများကို အချိုးအစား မျှတစွာ သုံးစွဲရပါမည်။

ကြက်သွန်နီ စိုက်ပျိုးရာတွင် နိုက်ထရိုဂျင် တစ်မျိုးတည်းကိုသာ အားကိုးခြင်းမျိုး မပြုလုပ်ဘဲ ဖော့စဖရပ်၊ ပိုတက်စီယမ် (ကလိုရိုက်ကင်းစင်သောပုံစံ)၊ ဆာလဖာ နှင့် ဘိုရွန်စသည့် အာဟာရဓာတ်များကို အချိုးကျ မျှတစွာ ပေါင်းစပ်အသုံးပြုခြင်းဖြင့်သာ အခွံအရောင်လှ၊ အသားပြည့်၊ အလေးချိန်စီးပြီး သိုလှောင်မှုဒဏ်ခံနိုင်သော အရည်အသွေးမြင့် ကြက်သွန်နီများကို ထုတ်လုပ်နိုင်ကာ မိမိတို့၏ စိုက်ပျိုးရေးဝင်ငွေကို မြှင့်တင်နိုင်ကြမည် ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
Mg lin linn

Mg lin linn

လွန်ခဲ့သော ၂ လ က

ကြက်သွန်မြေအောင် ပိုးနိမ်နင်းနည်း ပြောပြပါလား

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 3 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 4 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။