စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ်၏အခြေခံမူများ

02/05/2018 15:37 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျိုးသက် ၈-၁၂ တွင် ကောက်စိုက်ရမည်။ အရွက် ၂-၃ ရွက်သားအချိန်ဖြစ်သည်။ ဤအချိန်စိုက်လျှင် အမြစ်ထွက် အားနှင့် အပင်ထွက်အား ကောင်းစွာရရှိမည်။

ကောက်ချက် တစ်နေရာလျှင် တစ်ပင်သာ စိုက်ရမည်။

ပင်ကြားတန်းကြား ၁၀ လက်မစီခွာပြီး စတုရန်းပုံ စိုက်ရမည်။

တမန်းနှိုးပေါင်းထိုးကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည်။ ပေါင်းကိုသတ်သလို မြေဆွတမန်နှိုးကိစ္စလည်း ပြီးစီးသွား မည်။

စပါးခင်းကို ရေအမြဲထည့်မသွင်းထားရ။ စိုတလှည့်၊ ခြောက်တလှည့် ရေအသွင်းအထုတ် ပြုလုပ်ပေးရမည်။

မြေသြဇာအဖြစ် သစ်ဆွေး၊ တိရစ္ဆာန်ချေး၊ တီမြေဆွေး စသည်များကို လုံလောက်အောင်ထည့်ပေးရမည်။

အသေးစိတ်လုပ်ကိုင်ဆောင်ရွက်ပုံ

စပါး အစွမ်းရှိစိုက်ပျိုးနည်းစနစ်သည် အသစ်အဆန်းနည်းစနစ်တစ်ခု မဟုတ်ပါ။ စီမံဆောင်ရွက်လုပ်ကိုင်ပုံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ စပါးအပင်၏ ဗီဇအစွမ်းရှိသလောက် အပြည့်အဝထွက်ပေါ်လာအောင် မြေနှင့် ရေ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးလိုက်ခြင်းသာဖြစ်သည်။

အောက်ပါအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စပါးပင်၏ ဗီဇအစွမ်းရှိသည်လောက် အထွက်ကို ရရှိလာမည် ဖြစ်သည်။

၁။ ပျိုးထောင်ခြင်း

(က)မြေနေရာရွေးချယ်ခြင်း

ပျိုးသက် (၈ -၁၂)ရက်အတွင်း ရွှေ့ပြောင်းကောက်စိုက်မည် ဖြစ်သည့်အတွက် ပျိုးဘောင်မြေနေရာကို အထူး သတိ ထား ရွေးချယ်ရန် လိုအပ်သည်။ ပျိုးနှုတ်အပြီး တစ်နာရီအတွင်း စိုက်မိနိုင်ရန် ပျိုးခင်းနှင့်စိုက်ခင်းကို အနီးဆုံး ထားရှိရန် စီမံထားရမည်။

(ခ) ပျိုးခင်းအရွယ်အစား

တစ်ဧကအတွက်စိုက်ပျိုးရန် ပျိုးခင်းအရွယ်သည် (၄၃၂) စတုရန်းပေ ရှိရပါမည်။ အနံ (၄) ပေ နှင့်အလျား (၁၀၈) ပေရှိရမည်။ အနံ (၄ပေ) နှင့် အလျား (၂၇) ပေရှိသော ပျိုးဘောင် (၄) ဘောင်မျိုးဖြစ်သည်။ ပျိုးသက် (၁၂)ရက် ခန့်အရွယ်တွင် စပါးပင်၏အမြစ်သည် (၃) လက်မခန့် ရှည်ထွက်နိုင်သဖြင့် ပျိုးဘောင်ကို (၆) လက်မခန့် မြှင့်တင် ထားပေးရမည်။ ပျိုးပေါင်တစ်ပေါင်နှင့် တစ်ပေါင်ကြားတွင် ရေအသွင်းအထုတ် ပြုလုပ်ရန် ၁ပေ မြောင်း ထားရှိ ပေးရမည်။

(ဂ) ပျိုးဘောင်ပြင်ခြင်း

ပျိုးပေါင်ကို နွားချေး၊ မြေဆွေး၊ မြေသားတို့ဖြင့် ရောစပ်ပြင်ဆင်ပေးရမည်။ အောက်ဆုံးအလွှာ တစ်လက်မကို ဆွေးမြေ့ပြီး နွားချေးမှုန့်များ ထားပေးရမည်။ ဒုတိယအလွှာ (၁.၅) လက်မကို ကောင်းစွာခြေမွှထားသည့် မြေသား များ ထားပေးရမည်။ တတိယအလွှာ (၁) လက်မကို နွားချေးဆွေး ထားပေးရမည်။ အပေါ်ဆုံးအလွှာ (၂.၅) လက်မကို မြေသားထည့်ရမည်။ ဤလေးလွှာလုံးကို ကောင်းစွာရောစပ်သွားစေရန် နှံ့စပ်အောင် မွှေပေးရမည်။ နွားချေးဆွေးအစား ကောင်းစွာဆွေးမြေ့ပြီးဖြစ်သည့် အခြားတိရစ္ဆာန်ချေးများ၊ သစ်ဆွေးမြေသြဇာများ၊ တီမြေ ဆွေး စသည်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်သည်။

(ဃ) မျိုးစေ့နှုန်း

စပါးတစ်ဧကစိုက်ပျိုးရန် မျိုးစေ့ (၂) ကီလိုဂရမ် ပျိုးထောင်လျှင် လုံလောက်သည်။ စပါးတစ်ပြည်လျှင် (၁.၃) ကီလိုဂရမ်သာ အလေးချိန်ရှိသည်။ တစ်ဧကအတွက် မျိုးစပါးနို့ဆီဘူး (၁၃) ဘူးခန့် ပျိုးထောင်လျှင် လုံလောက် သည်။ အလွန်အကျွံ (၂) ပြည် ထက်မပိုပါ။

(င) ပျိုးထောင်ပုံ

ထုံးစံပျိုးထောင်သည့်အတိုင်း ဆားရည်စိမ်ပြီး ဆေးကြောသန့်စင်ထားသည့် စပါးစေ့ကို အညှောက်ဖောက်ရမည်။ အညှောက်ထွက်ပြီး မျိုးစပါးစေ့များကို ပြင်ဆင်ထားသည့် ပျိုးဘောင်များပေါ်တွင် ခပ်ပါးပါးနှင့် ညီညီညာညာ ကြဲ ပက်ပေးရမည်။ တက်နိုင်သ၍ တစ်စေ့နှင့်တစ်စေ့ ပူးကပ်မနေအောင် ကြဲပါ။ မျိုးစပါးကိုညနေပိုင်းအချိန် ကြဲပက် သင့်သည်။ မှိုရေဂါများအတွက် ကာကွယ်ရန် လိုအပ်သည်ထင်ပါက မကြဲပက်မှီ မျိုးစေ့ဆေးစီရင်ခြင်းများကို ပြု လုပ်နိုင်သည်။

(စ) ပျိုးဘောင်ကိုဖုံးအုပ်ခြင်း

မျိုးစပါးကြဲထားသည့် ပေါင်ဘောင်များကို ကောက်ရိုး (သို့) မြေဆွေး စသည်တို့ဖြင့် ဖုံးအုပ်ထားရမည်။ စပါးမျိုး စေ့များကို နေရောင်တိုက်ရိုက်မထိစေရန်နှင့် ငှက်ကောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ကောက်ရိုးဖြင့် ဖုံးအုပ်ခဲ့ လျှင် စပါးစေ့အပင်ပေါက်လာပါက ဖယ်ပေးရမည်။ အစိုဓာတ်နှင့် မိုးရွာသွန်းမှုအပေါ် မူတည်၍ ပျိုးဘောင်ကို ရေပန်းကရားဖြင့် ရေလောင်းပေးနိုင်သည်။

(၂) စိုက်ခင်းကိုမြေပြင်ခြင်း

စိုက်ခင်းမြေသည် ညီညာပြန့်ပြူးရန်လိုသည်။ စိုက်ခင်းအတွင်း ရေသွင်းလိုက်လျှင် တစ်ကွင်းလုံးသို့  ညီညာစွာ ရေပျံ့နှံ့ရောက်ရှိသွားရမည်။ ရေဝပ်နေသည့်အကွက်များ မရှိစေရပါ။ စိုက်ကွင်းထဲမှ ရေထုတ်ရန်လိုအပ်သည့်အခါ အလွယ်တကူ ရေထုတ်နိုင်သည့် ရေထုတ်မြောင်းလည်းရှိရမည်။ ကိုယ့်စိတ်ကြိုက် ရေသွင်းနိုင်ထုတ်နိုင်သည့် ရေမြောင်းရှိနိုင်လျှင် ပိုမိုကောင်းမွန်သည်။ တမန်းသား ကောင်းစွာပျော့အိနေရန် ထွန်မွှေထားရမည်။ တမန်းပြင် ညီညာနေရန်မှာ အထူးအရေးကြီးသည်။ သို့မှသာ စိုက်ခင်းထဲတွင် ရေကိုစိတ်ကြိုက်ပြုပြင်နိုင်မည်ဖြစ်ပြီး အပင် သန်စွမ်းသည့်စိုက်ခင်းကို ရလာမည်။ ကောက်စိုက်မည့်အချိန်တွင် စိုက်ခင်းအတွင်း ရေလွှမ်းမနေစေရပါ။

၃။ကောက်စိုက်ခြင်း

ကောက်ကွက်များကို ပင်ကြားတန်းကြား ၁၀ လက်မ ပတ်လည်ဖြင့် စတုရန်းပုံစံကွက် စိုက်ရမည်။ စတုရန်းကွက် များကို ကြိုးတန်းစနစ်ဖြင့်ဖြစ်စေ၊ ထွန်သွားများဖြင့် လေးထောင့်ကွက်များဖော်၍ဖြစ်စေ ပြုလုပ်နိုင်သည်။

ပျိုးသက် ၈ မှ ၁၂ ရက်အတွင်း စိုက်နိုင်လျှင် ပင်ပွား၊ မြစ်ပွား အကောင်းဆုံးထွက်ရှိနိုင်သည်။ အခြေအနေ မပေးခဲ့ လျှင် ပျိုးသက် (၁၅) ရက်ထက် နောက်မကျရပါ။ ပျိုးပင်အရွယ် ၂-၃ ရွက်အရွယ်တွင် စိုက်ပျိုးရမည်။ ပျိုးနှုတ် ပြီးလျှင်ပြီးခြင်း တစ်နာရီအတွင်း စိုက်ပျိုးရမည်။ သို့အတွက် ပျိုးခင်းနှင့်စိုက်ခင်းသည် နီးကပ်နေရန် လိုအပ် သည်။ ပျိုးချေးခါချခြင်း ရိုက်ခြင်းများ မပြုလုပ်ရပါ။ ပျိုးပင်အမြစ် မနာစေရန် အထူးဂရုစိုက်မည်။ အခြောက်ပျိုး (ကုန်းပျိုး) ဆိုပါက ပျိုးပင်အမြစ်တွင် ကပ်ပါလာသည့် မြေလုံးများကို ခါချမပစ်ရပါ။ ၎င်းတို့က ပျိုးပင်ချက်ချင်း ရှင်သန်ကြီးထွားမှုကို အားပေးသည်။

ကောက်စိုက်သည့်အခါ ကောက်ချက်တစ်နေရာလျှင် တစ်ပင်သာစိုက်ရမည်။ သေးငယ်နုနယ်သည့် ပျိုးပင်များကို စိုက်ရာတွင် အမြစ်ထိပ်ကို တမန်းသားထဲ ဝင်သွားအောင် ထိုးနှစ်မစိုက်ရပါ။ အမြစ်ထိပ်ခေါက်သွားလျှင် ပျိုးပင် အထနှေးသွားသည်။ တမန်းသားပေါ်တွင် အမြစ်ကို ခပ်လှဲလှဲထားပြီး အပင်ကိုညင်သာစွာမြုပ်၍ စိုက်ပေးရသည်။ အမြစ်သည် အယ်လ်ပြောင်းပြန် လှည့်နေသည်ပုံစံမျိုးဖြစ်နေမည်။ အမြစ်ကိုပုံမှန်အတိုင်း တမန်းသားထဲသို့ ထိုး ထည့်လိုက်ပါက အမြစ်သည် ဂျေပုံသဏ္ဍာန်(J) ဝင်သွားပေမည်။ အမြစ်ထိပ်သည် အပေါ်သို့လန်နေမည်ဖြစ်၍ အောက်ဖက်သို့ ပြန်ဆင်းရန် အချိန်ကြာပေတော့မည်။ လက်တွေ့စိုက်ကြည့်ပါက အခက်အခဲမရှိသည်ကို နားလည် သဘောပေါက်လာမည်။

(၄) မြေသြဇာထည့်ခြင်း

စပါးအစွမ်းရှိစိုက်နည်းစနစ်တွင် သဘာဝမြေသြဇာများဖြစ်သည့် သစ်ဆွေးမြေသြဇာ၊ ဆွေးမြေ့ပြီး တိရစ္ဆာန်ချေး များ၊ တီမြေဆွေးနှင့် အခြားအော်ဂဲနစ်မြေဩဇာများ ထည့်ပေးလျှင် လုံလောက်သည်။ အင်အော်ဂဲနစ် ဓာတ်မြေသြဇာများ မထည့်လျှင်လည်း ဖြစ်ပါသည်။ သို့ရာတွင် အော်ဂဲနစ်မြေသြဇာ ရရန်ခက်ခဲပါက အင်အောဂဲ နစ် ဓာတ်မြေသြဇာများ (ပုလဲ၊ စူပါ၊ ပိုတက်၊ ကွန်ပေါင်း) တို့ကိုလည်း သင့်တင့်မျှတစွာ ထည့်သွင်းနိင်သည်။ စပါး အစွမ်းရှိစိုက်နည်းစနစ်ကို ထိုအကွက်တွင် နှစ်စဉ်နှစ်တိုင်း ဆက်လက်ကျင့်သုံးမည်ဆိုပါက တဖြည်းဖြည်းနှင့် ဓာတ်မြေသြဇာများ သုံးစွဲရရှိမှု လျော့နည်းလာမည်။ အော်ဂဲနစ်မြေသြဇာများကို ထွန်ရေးမပြင်မီ စိုက်ကွက်ထဲ ချထားပေးပြီး ထယ်ထိုးထွန်မွှေချိန်တွင် ရောနယ်ပေးပါက အကောင်းဆုံးဖြစ်သည်။ စပါးမစိုက်မီ ပိုက်ဆံလျှော်ပင် ကဲ့သို့ ပဲတစ်မျိုးမျိုးကို ကြိုတင်စိုက်ပျိုးပြီး သစ်စိမ်းမြေသြဇာထည့်ပေးနိုင်လျှင် ပိုမိုကောင်းမွန်သည်။

(၅) ရေသွင်းရထုတ်ပြုလုပ်ခြင်း

စပါးအစွမ်းရှိ စိုက်နည်းစနစ်တွင် စပါးခင်းကို ရေဖြင့် အမြဲတမ်း ဖုံးလွှမ်းမထားရပါ။ စပါးခင်းမြေကို စွတ်စို နေရုံမျှသာ အစိုဓာတ်ရှိနေရမည်။ မိုးရာသီဆိုလျှင် မိုးရေနှင့်ပင် ထိုအစိုဓာတ်ကိုရရှိနေရမည်။ ကောက်စိုက်ပြီးချိန် တွင် အစိုဓာတ်သာ ရှိနေမည်ဆိုပါက အပေါ်ယံမြေများ အက်ကွဲလာသည်အထိ ရေမသွင်းဘဲ ထားနိုင်သည်။ ထိုအချိန်တွင် ရေစပ်စပ် တစ်ကြိမ်သွင်း ပေးလိုက်သည်။ တစ်ကွင်းလုံး ရေလွှမ်းပြီးသွားပါက ရေကိုပြန်ထုတ်ပစ်ရသည်။ အပင်များရေမနစ်စေရပါ။ စိုက်ခင်းအတွင်း ရေမလွှမ်းနေသဖြင့် အမြစ်ရှင်သန်ကြီး ထွားမှုကောင်းကာ နက်နက်ဆင်းမှုနှင့် ဘေးထွက်ဖြာမှု အလွန်များပြားသည်။ တစ်ပင်နှင့်တစ်ပင် ခပ်ကျဲကျဲ စိုက်ပျိုးထားသည့်အတွက်လည်း အမြစ်ပွားအား သန်စွမ်းခြင်းဖြစ်သည်။ ရေအသွင်းအထုတ်ကို ပြတ်တောင်း ပြတ်တောင်း ပြုလုပ်ပေးသဖြင့် မြေတွင်း မိုက်ခရုပ်သက်ရှိတို့ လှုပ်ရှားပွားများမှု အလွန်များကာ အပင်အတွက် အဟာရများကို ပိုမိုရရှိစေသည်။ ဤစနစ်သည် အမြစ်ကြီးထွားမှုနှင့် ပွားများမှု၊ ဘေးဖြာထွက်မှုကို အလွန် အားပေးသည်။ မြေအမျိုးအစားနှင့် ပတ်ဝန်းကျင် ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ရေအထုတ်အသွင်းကို ပြုလုပ်ပေးရသည်။ ပေါင်းလိုက် တမန်းနိုး ပြုလုပ်ချိန်တွင် စိုက်ခင်းကို ရေ ၁လက်မ ၁.၅ လက်မခန့် သွင်းပေး ရမည်။ စပါးပင် သန္ဓေတည်ချိန်မှ ရင့်မှည့်သည်အထိ ရေကို ၁လက်မခန့် ထည့်ပေးထားရမည်။ စပါးနှံမှ ၇၀% သော စပါးသီးများရင့်လာလျှင် သို့မဟုတ် စပါးမရိတ်မီ နှစ်ပတ်ခန့်အလိုတွင် စပါးခင်းထဲမှရေကို ပြောင်စင်အောင် ထုတ်ပေးရမည်။

(၆) ပေါင်းနှိမ်နင်းခြင်း

စပါးခင်းထဲတွင် ရေအမြဲရှိမနေသဖြင့် ပေါင်းပေါက်ပွားမှု အလွန်များပြားနိုင်သည်။  ပေါင်းနှိမ်ရမည့်အချိန်တွင် စပါးခင်းထဲသို့ ရေ ၁ လက်မမှ ၁.၅ လက်မခန့် သွင်းပေးရမည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ထားသည့် တမန်းနှိုး ပေါင်းထိုးကိရိယာ (Rotary weeder) ဖြင့် ပေါင်းနှိမ်နင်းခြင်းနှင့် တမန်းနှိုးခြင်းကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်။ ပေါင်းမြက်များကို နှုတ်ဖြတ်ချေဖျက်ပြီး တမန်းသားထဲသို့ ထိုးနှစ်ပစ်လိုက်၍ သစ်စိမ်းမြေသြဇာ အဖြစ် ရောက်ရှိသွားသည်။ တမန်းသားကို အထက်အောက် လှန်ပေးသဖြင့် မြေကြီးအတွင်း လေဝင်လေထွက် ရသွားစေကာ အမြစ်များအထိ လေတိုးဝင်သွားပြီး အမြစ်ကြီးထွားသန်မာမှု အားကောင်းစေသည်။ ကောက်စိုက် ပြီး ၁၀ရက်မှ ၂၀ရက်အတွင်း ပေါင်းပေါက်ရောက်မှု အခြေအနေပေါ်မူတည်၍ ပထမဆုံးအကြိမ် ပေါင်းနှိမ်နင်းမှု ကို ပြုလုပ်ပေးရသည်။ တမန်းနှိုးပေါင်းနှိုးပြီးက စပါးခင်းထဲမှ ရေကိုထုတ်မပစ်ရပါ။ သူ့အလိုလိုခမ်းသွားအောင် ထားရှိရသည်။ ပေါင်းပေါက်မှုကို မျက်ခြေပြတ်မခံဘဲ ပထမဆုံးပေါင်းထိုးမှုကို အချိန်မီ ပြုလုပ်ပေးရသည်။ သို့မဟုတ်ခဲ့လျှင် ပေါင်းပြဿနာ ကြီးထွားလားနိုင်သည်။ တမန်းနှိုး ပေါင်းထိုးကိရိယာဖြင့် ပေါင်းနှိမ်နင်းပြီးလျှင် အပင်ခြေတွင် ကပ်ကျန်ရစ်တတ်သည့် ပေါင်းများကို လက်ပေါင်းလိုက်ပြီး နှိမ်နင်းပေးရသည်။ ပေါင်းပေါက်မှု အပေါ်မူတည်၍ ဒုတိယနှင့် တတိယအကြိမ် ပေါင်းလိုက်ပေးရသည်။

(၇) အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းများကို ပုံမှန်စပါးခင်းအတိုင်း ပြုစုစောင့် ရှောက်ပေးရသည်။ ပင်ပွားစုံ၍ သန္ဓေသားစတင်ဖြစ်ပေါ်ချိန် ရောက်ခါနီးလျှင် စပါးခင်းထဲသို့ ရေးကိုခပ်ပါးပါး (တစ်လက်မခန့်) ထည့်သွင့်ပေးရမည်။ စပါးရင့်မည့်ချိန်ရောက်လျှင် မရိတ်သိမ်းမီ နှစ်ပတ်ခန့် ကြိုတင်၍ ရေကို ထုတ်ထားရမည်။

သိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)

စပါးအစွမ်းရှိစိုက်ပျိုးနည်းစနစ်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်