Green Way

Green Way app

Get answers and alerts, faster.

Get Get
စီးပွားဖြစ် ရေငန်ပုစွန်အသားတိုးမွေးမြူနည်းစနစ်များ(၁)

စီးပွားဖြစ် ရေငန်ပုစွန်အသားတိုးမွေးမြူနည်းစနစ်များ(၁)

 ရေငန်ပုစွန်အသားတိုးမွေးမြူခြင်းလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပထမဦးစွာ မွေးမြူထုတ်လုပ်မည့် နည်းစနစ် (Culture System)ကို အခြေခံ၍ စဉ်းစားရပါမည်။

မွေးမြူထုတ်လုပ်မည့်နည်းစနစ်ကို နည်းပညာနှင့် ငွေကြေး မတည်ရင်းနှီးနိုင်မှုတို့အပေါ်တွင် အခြေခံပြီး စဉ်းစားရပါသည်။ ထိုမှတစ်ဆင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်၊ နောင်တွင် တိုးချဲ့ဆောင် ရွက်နိုင်မည့် အစီအစဉ်၊ လုပ်ငန်းဆိုင်ရာ ထုတ်လုပ်မှုစီမံချက်တို့ကို ယေဘုယျအားဖြင့် လျာထားသတ်မှတ်ပြီး အစီအစဉ်ရေးဆွဲရပါသည်။

ထိုစီမံချက်များကိုအဆင့်ဆင့် အစီအစဉ်တကျစီမံခန့်ခွဲ၍ ဆောင်ရွက်သွားမှသာ ရေရှည်တွင် အောင်မြင်နိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပေမည်။

ယနေ့လက်ရှိ အာရှနှင့်ပစိဖိတ်ဒေသတွင် လုပ်ကိုင်လျက်ရှိသော ပုစွန်မွေးမြူရေးနည်းစနစ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • (၁) သမားရိုးကျမွေးမြူနည်းစနစ် (Traditional System or Trap and Hold)
  • (၂) ကန်ကျယ်မွေးမြူနည်းစနစ် (Extensive System)
  • (၃) သမရိုးကျဖြည့်စွက်ကျွေးမွေးစနစ် (Improved Extensive or Extensive plus System)
  • (၄) သိပ္ပံနည်းကျ ဂရုတစိုက်မွေးနည်းစနစ် (Semi-intensive System)
  • (၅) အထူးဂရုစိုက်မွေးနည်းစနစ် (Intensive System)
  • (၆) အဆင့်မြင့် အထူးဂရုစိုက် မွေးနည်းစနစ်(Super Intensive System) တို့ ဖြစ်ကြသည်။

ရေငန်ပုစွန်မွေးမြူရေး၏ အခြေခံအချက်များ

၁။ မြေနေရာရွေးချယ်ခြင်း

ပင်လယ်ရေငန်ပုစွန် စီးပွားဖြစ်အသားတိုးမွေးမြူရေးလုပ်ငန်းတွင် အသားတိုးမွေးမြူရေးကန်များ တည် ဆောက်ရန် မြေနေရာရွေးချယ်ခြင်းသည် အဓိကအရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။

ပင်လယ်ရေငန်ပုစွန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို ရေချိုရေငန်စပ်ဒေသများ၊ ပင်လယ်ရေငန်ဝင်ရောက်ရာ ကမ်းခြေဒေသ၊ ကမ်းစပ်ကုန်းတွင်း ဒေသများ၊ ရေငန်ဝင်ရောက်နိုင်သည့် မြစ်၊ ချောင်းလက်တက် ဒေသများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

အဆိုပါနေရာဒေသများတွင် လုပ်ကိုင်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့်လည်း ကြုံတွေ့နိုင်ပါသည်။ မြေနေရာရွေးချယ်အသုံးပြုမှု မှန်ကန်မှသာ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပင်လယ်ရေငန်နှုန်းမှီသည့် ပင်လယ်ဒေသများ၊ ရေငန်အလုံအလောက်ရရှိနိုင်မည့်နေရာများကို အဓိကထားပြီး ရွေးချယ်ရန် လိုအပ်ပါသည်။

မြေနေရာရွေးချယ်ရာတွင် အမြဲတမ်းဒီရေအတက်အကျရှိသည့်နေရာ(Intertidal Zone) များကို အဓိကထား၍ ရွေးချယ်ရပါမည်။ မွေးမြူရေးကန်များအတွက် လုံလောက်သော မြေနေရာရရှိမှု၊ မြေနေရာပိုင်ဆိုင်မှု ရရှိရေးနှင့် တည်ငြိမ်မှုရှိရန် လိုအပ်ပါသည်။

ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းမှာ ကာလတိုလုပ်ကိုင်ရသည့် လုပ်ငန်းမဟုတ်ဘဲ ရေရှည်လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သဖြင့် မြေနေရာရရှိရုံနှင့် လုံလောက်မှုမရှိဘဲ ရေသွင်း/ရေထုတ် အမြဲတမ်းရရှိရေးမှာလည်းအရေးကြီးပေသည်။

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မြေနေရာရွေးချယ်ခြင်း၌ မြေအမျိုးအစား၊ ရေရရှိမှု၊ ဒီရေအတက်အကျ၊ အနိမ့်အမြင့်၊ ရာသီဥတု၊ ဆက်သွယ်ရေးလမ်းကြောင်း၊ လျှပ်စစ်မီးရရှိနိုင်မှု၊ အစာရရှိနိုင်မှု၊ လုပ်သားများရရှိရေးနှင့် စျေးကွက်အကွာအဝေးစသည့် အချက်များပေါ်တွင် မူတည်၍ ရွေးချယ်ရန်လိုအပ်ပါသည်။

မြေနေရာရွေးချယ်ခြင်း မှားယွင်းသွားပါက ကုန်ထုတ်လုပ်မှုကိုလည်း ထိခိုက်သွားနိုင်ပါသည်။ ထို့ကြောင့် မြေနေရာရွေးချယ်မှု မှန်ကန်စေရန် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။

၄င်းအပြင် စီးပွားဖြစ် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် မွေးမြူထုတ်လုပ်ရန်အတွက် ကန်တူးဖော်ခြင်းနှင့် သက်ဆိုင်သည့် ဒေသဆိုင်ရာအချက်အလက်များနှင့်အညီ ရွေးချယ်ပြီးသည့်တိုင်အောင် ရေငန်ပုစွန်သားပေါက်များ အလုံအလောက်ရရှိစေရေးအတွက် ရေငန်ပုစွန်သားပေါက်စခန်းများ တည်ရှိရာနေရာများနှင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးမှာ အထူးလိုအပ်လှပါသည်။

ထို့ပြင် မိမိမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် အနီးအနားပတ်ဝန်းကျင်ရှိဒေသ၏ ပေါက်ရောက်နေသောအပင်များနှင့် ကန်တူးဖော်ရာတွင် ကုန်ကျမည့်စရိတ်များသည်လည်း မြေနေရာရွေးချယ်မှုအခန်းကဏ္ဍတွင် အလေးထားထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်ပေသည်။

မြေအမျိုးအစား(Soil Type)

ရေငန်ပုစွန်မွေးမြူရေးကန် တူးဖော်မည်ဆိုပါက အရေးကြီးသော အချက်တစ်ချက်မှာ မြေအမျိုးအစား ဖြစ်ပါသည်။ ပုစွန်မွေးမြူရေးကန်၏ အောင်မြင်မှု၊ ဆုံးရှုံးမှုသည် မြေအမျိုးအစားပေါ်တွင် တည်မှီပါသည်။ သဘာဝအစာများ မဖြစ်ထွန်းသောမြေ၊ ရေအလွယ်တကူ စိမ့်ထွက်နိုင်သောမြေ၊ ထုံးဓာတ်အချဉ်ဓာတ်ပါသောမြေများ မဖြစ်စေရန် လိုအပ်ပါသည်။

မြေအမျိုးအစားသိရှိနိုင်ရန် မိမိတူးဖော်မည့်ကန်နေရာ၏ နေရာအနှံ့အပြားတွင်တူးပြီး ဒေသအခြေအနေကို ပါ စစ်ဆေးကြည့်ရှုနိုင်ပါသည်။ တစ်ခါတစ်ရံတွင် (၃)ပေ၊ (၄) ပေလောက်တွင် စိတ်ကြိုက်မြေမျိုးကို ရရှိနိုင်သော်လည်း (၅) ပေ၊ (၆)ပေလောက်တွင် သဲဆန်သောမြေများဖြစ်နေတတ်ပါသည်။

မြေအမျိုးအစားတွင်ပါဝင်သော အရာဝတ္ထုများ၏ ဖွဲ့စည်းတည်ရှိမှု(Texture)အပေါ်တွင် မူတည်၍ အောက်ပါအတိုင်း(၃) မျိုး ခွဲခြားထားရှိပါသည်-

  • (၁) ရွှံ့စေးမြေ(Clay Soil)
  • (၂) သဲမြေ(Sandy Soil)
  • (၃) နုန်းမြေ(Loam Soil) ဟူ၍ ဖြစ်သည်။

ထိုအဓိကမြေအမျိုးအစား(၃)မျိုးအောက်တွင် တစ်မျိုးစီ၏ပါဝင်ဖွဲ့စည်းတည်ရှိမှု အနည်းအများ၊ အမှုန့်အရွယ်အစား၊ အကြီးအသေးပါဝင်မှုအခြေအနေများကို အခြေခံပြီး သီးခြားအမည်များကို တစ်ဖက်ပါအတိုင်း မှည့်ခေါ်ထားပါသည်-

မြေအမျိုးအစား ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအမည်များ

အထက်ဖော်ပြပါ မြေအမျိုးအစားများအနက် အမှတ်စဉ်(၃)တွင် ပါရှိသော မြေအမျိုးအစားအမည်များအားလုံးမှာ မွေးမြူကန်တူးဖော်ရန် အထူးသင့်တော်သောမြေအမျိုးအစားများဖြစ်ပါသည်။

အမှတ်(၂) မြေအမျိုးအစားသည် အထိုက်အလျောက်သင့်တော်သည့် မြေအမျိုးအစားဖြစ်ပြီး အမှတ်စဉ် (၁) ပါမြေအမျိုးအစားမှာ မွေးမြူကန်တူးဖော်ရန် လုံးဝမသင့်တော်သည့် မြေအမျိုးအစားများ ဖြစ်ပါသည်။

ရွှံ့စေးမြေသည် ရေကိုနောက်ကျိစေရန် မျှောလှေး (Plankton) ကြွယ်ဝမှုကို နည်းစေသည်။ ရွှံ့သဲမြေသည် သဲအထိုက်အလျောက်ပါဝင်သဖြင့် အပူအအေးကို ထိန်းနိုင်ပြီး အောက်ခြေရှိ သဲထဲသို့ အညစ်အကြေးများပျော်ဝင်ရန် အရည်အသွေးကောင်းမွန်ပါသည်။ နုန်းမြေသည် ရွံ့၊ နုန်း၊ သဲအချိုးအစားအလိုက် ပါဝင်သောမြေဖြစ်၍ မြေသြဇာကောင်းမွန်ခြင်း (Fertile) အမျိုးအစားဖြစ်ပါသည်။ ရေငန်ပုစွန်မွေးမြူရေးကန်များတူးဖော်ရာ၌ ရေကိုထိန်းသိမ်းမှု စွမ်းအားမြင့်မားသောမြေ၊ နုန်းမြေပါဝင်မှုများသောမြေ (သို့မဟုတ်) နုန်းဆန်သည့် ရွှံ့စေးမြေ၊ သဲအနည်းငယ်ပါဝင်သောမြေ၊ ရွှံ့၊ နုန်း၊ သဲ အချိုးအစားအလိုက်ပါဝင်သောမြေ စသည့် မြေအမျိုးအစားများကိုသာ ရွေးချယ်သင့်သည်။ သဲဆန်သောမြေအမျိုးအစားကိုမူ အထူးသတိပြုရှောင်ရှားသင့်ပါသည်။

မြေအမျိုးအစားများအနက်မှ ရွှံ့စေးမြေ(Clay) သည် ရေထိန်းချုပ်နိုင်မှုရာခိုင်နှုန်း အမြင့်မားဆုံးဖြစ်ပြီး ခြောက်သွေ့ဓာတ် (၁) ပေမှ (၂) ပေအထိ ပက်ကြားအက်တတ်ပါသည်။

ရေနှင့်ရောပြီး လက်ကိုစမ်းသပ်ကြည့်ပါလျှင် သဲကြမ်းပါဝင်သည့် မြေအမျိုးအစားဖြစ်သောကြောင့် မွေးမြူကန်တူးဖော်ရန် အကောင်းဆုံးဖြစ်ပါသည်။ ရေငန်ပုစွန်မွေးမြူရေးစနစ်တွင် ရွေးချယ်ရမည့်မြေအမျိုးအစားမှာ ရွှံ့နုန်းမြေ(Clay Loam) အမျိုးအစားဖြစ်ပါသည်။ ရွှံ့နုန်းမြေအမျိုးအစားတွင် သဲ(Sand) (၁၀) မှ (၂၀) ရာခိုင်နှုန်း၊ နုန်း(Silt) (၂၀) မှ (၃၀) ရာခိုင်နှုန်း၊ ရွှံ့(Clay) (၄၀)မှ (၆၀) ရာခိုင်နှုန်း အချိုးအစား ပါရှိရပါမည်။

မှီငြမ်း- ရေငန်ပုစွန်မွေးမြူနည်းသင်တန်း၊ အပတ်စဉ်(၁/၂၀၂၃) တက်ခဲ့စဉ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။

(ကျန်ရှိသောအကြောင်းအရာများကို အပိုင်း-၂ တွင် ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

8
Lin young chi

Lin young chi

1 year ago

okk

samgshwee

samgshwee

3 years ago

ပုစွန်ကြီးထွားနှုန်းမကောင်းတာဘာတွေများလိုအပ်လဲဗျ

U Nyunt Khin

U Nyunt Khin

3 years ago

ရေငန်ပုစွန် မွေးမြူရေး သင်တန်း တက်ချင်ပါတယ်။

တင်မျိုးအောင်

တင်မျိုးအောင်

3 years ago

ရေငန်ပုဇွန်ရောဂါအကြောင်သိချင်ပါတယ်ခင်ဗျာ

sar law eh gay

sar law eh gay

3 years ago

သင်တန်းလေးမိတ်ဆက်ပေးပါ

You

Leave without posting?

What you have written has not been posted yet. If you leave this page, it will be lost.