လက်ဖက်ထွက်နှုန်းကောင်းဖို့ ကိုင်းဖြတ်ပေးခြင်းနည်းလမ်းများ

18/11/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ဖက်ပင်ကို မိရိုးဖလာစိုက်တောင်သူများအနေဖြင့် ကိုင်းဖြတ်ပေးခြင်းပြုလုပ်ပေးသင့်သည်ဆိုခြင်း ကို နားလည်မှုအားနည်းကြသည်။ အမှန်တကယ်တွင်မူ လက်ဖက်ပင် အထွက်နှုန်းကောင်းရန်၊ အရည် အသွေးကောင်းအညွန့်များ ပိုမိုရရှိရန်ဆိုပါက ကိုင်းဖြတ်ပေးခြင်းသည်မဖြစ်မနေလိုအပ်ပါသည်။

လက်ရှိအချိန်မှာလည်း လက်ဖက်ခူးရာသီနားချိန်ဖြစ်ပြီး အပင်ကိုကိုင်းဖြတ်ပြုပြင်ခြင်းများ ပြုလုပ်ပေးသင့်သည့်အချိန် ဖြစ်နေသည့်အတွက် Myanseed Agribusiness Consultancy မှ ထုတ်ဝေထားသည့် ' လက်ဖက်စိုက်ပျိုးမှုဆိုင်ရာနည်းလမ်းကောင်းများ' စာအုပ်ထဲမှ ' လက်ဖက်ပင်ကိုင်းဖြတ်ပေးခြင်းနည်းလမ်းများ' ကို ဖော်ပြပေးလိုက်ပါသည်။

လက်ဖက်ပင်ကို လက်ဖက်ညွန့်ရရန်အတွက်စိုက်ပျိုးသောကြောင့် အညွန့်ကောင်းများ ထွက်လာစေရန် ကိုင်းဖြတ်ပေးရန် လိုအပ်သည်။ ကိုင်းဖြတ်ခြင်းသည် ပင်မကိုင်းများ ပုံပေါ်စေရန် ၊  သင့်တင့်သော အမြင့်ဖြင့် အကောင်းဆုံး ခူးသားမျက်နှာပြင်ရစေရန်နှင့် အထွက်နှုန်းတိုးရန်အတွက်လည်း ကူညီပေးသည်။ ထို့ကြောင့် အပင်ကိုင်းဖြတ်ခြင်းကို သတ်မှတ်အချိန်အပိုင်းအခြားများ၌ ကြိုတင်သတ်မှတ်ထားသော အမြင့်ရောက်ပါက ပြုလုပ်ပေးရမည်။ လက်ဖက်ပင်အုံများကို ကိုင်းဖြတ်ခြင်းအားဖြင့် ပုံမှန်အားဖြင့် ပထမတစ်နှစ် (သို့) နှစ်နှစ်တွင် အရွက်ထုတ်လုပ်မှုနည်းသော်လည်း နောက်ပိုင်းတွင် ပုံမှန်အရွက်များပြန်ထွက်လာပြီး အထွက်နှုန်းများလာသည်။ 

ကိုင်းဖြတ်ခြင်းမပြုလုပ်မီတွင် အာဟာရချို့တဲ့မှုပြင်းထန်စွာဖြစ်ပေါ်ပါက မြေဩဇာထည့်ပေးသင့်သည်။ ကိုင်းဖြတ်ခြင်းမပြုမီ မြေဩဇာထည့်သည့်အချိန်အပိုင်းအခြားသည် မြေဩဇာအာနိသင်များကို အပြည့် အဝပြနိုင်ရန် လများစွာ (၆ လအထက်) ကြာသင့်ပါသည်။ 

ကိုင်းဖြတ်ရာတွင်လည်း မိမိကိုယ်ကိုနှင့် လက်ဖက်ပင်အုံများကို မထိခိုက်အောင် သတိထားရမည်။ ဥယျာဉ်ခြံသုံး ကတ်ကြေးကိုသုံးလျှင် ပိုသင့်လျော်ပြီး ကိုင်းဖြတ်ကိရိယာများသည် သန့်ရှင်းနေရမည်။ မိုးရွာလျှင် မိုးရေသည် ကိုင်းဖြတ်ရာမှ လျှောကျပြီး ကပ်ပါးမှိုတွယ်ကပ်ခြင်း၊ ကိုင်းကွဲထွက်ခြင်းနှင့် အခေါက်ခွံထိခိုက်ခြင်းတို့ အနည်းဆုံးဖြစ်စေရန် ၄၅ ဒီဂရီစွေစောင်းပြီး ကိုင်းဖြတ်ပေးရမည်။

ကိုင်းဖြတ်ပြီးပါက မှိုရောဂါများမဝင်ရောက်စေရန် မှိုသတ်ဆေး၊ သုတ်ဆေးအနှစ် (သို့) ကတ္တရာတို့ကို သုတ်လိမ်းပေးနိုင်သည်။ ကိုင်းဖြတ်ပြီးပါက အဖူးများ ညီမျှစွာစောစောထွက်လာရန်၊ အပင်ပေါ်ရှိ ရေညှိ နှင့် ကပ်ပါးပင်တို့ကို နှိမ်နင်းရန်နှင့် ပင်မဖရိန်ကိုင်းများ နေပူလောင်ခြင်းကို လျှော့ချပေးရန် လက်ဖက် ပင်အုံ တစ်ဧကလျှင် သံပုရာ ၅၂ ကီလိုဂရမ်နှင့် ရေ ၅၂၀ ကီလိုဂရမ်ဖျော်ထားသော သံပုရာရည်ကို ပက်ဖြန်းနိုင်သည်။ ပင်စည်ပေါ်ရှိ ရေညှိနှင့် ကပ်ပါးပင်တို့ကို လက်ဖြင့် (သို့) အဝတ်ဂုံနီအိတ်စိုတို့ဖြင့်လည်း ဖယ်ရှားနိုင်သည်။

ကိုင်းဖြတ်ရမည့်အချိန်

ရှမ်းပြည်နယ်တွင် အကြီးစားကိုင်းဖြတ်နည်းနှင့် အလယ်အလတ်ကိုင်းဖြတ်နည်းကို နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ပြုလုပ်နိုင်ပြီး ခပ်ပါးပါးကိုင်းတိခြင်းကို ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ပြုလုပ်နိုင်သည်။ ကိုင်းဖြတ်ချိန်တွင် လက်ဖက်ပင်အုံ၏ အမြစ်တွင် အာဟာရဓါတ်များ လုံလောက်စွာရှိနေရမည်။ မြေအစိုဓါတ်ရှိနေချိန်နှင့် လက်ဖက်ပင်နားနေချိန်တွင် ကိုင်းဖြတ်နိုင်သည်။ ခြောက်သွေ့သောအချိန်ဖြစ် သည့် မေ၊ ဩဂုတ်၊ စက်တင်ဘာလများကဲ့သို့ ခြောက်သွေ့သောအချိန်များတွင် ကိုင်းဖြတ်မည်ဆိုပါက လေရှူကိုင်း (အစာချက်ကိုင်း) များကို ချန်၍ ခုတ်ရမည်။ 

ကိုင်းဖြတ်ခြင်းနည်းလမ်းများ

ကိုင်းဖြတ်ခြင်းနည်းလမ်းများသည် စိုက်ပျိုးသော ဒေသ၊ မျိုး၊ ရေမြေရာသီတုအပေါ်မူတည်၍ ကွဲပြားသည်။ ကိုင်းဖြတ်သည့်စက်ဝန်းသည် အညွန့်ခူးဆွတ်သောစနစ်နှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ကဲ့သို့ အခြားအချက်အလက်များပေါ်တွင် မူတည်သည်။ ကိုင်းဖြတ်ခြင်းစက်ဝန်းသည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၀၀၀ တွင်ရှိသော ဒေသများတွင် ငါးနှစ်ကြာနိုင်ပြီး ပေ ၄၀၀၀ အောက် ရောက်သော ဒေသများတွင် ၃နှစ်မှ ၄ နှစ်အတွင်းပြီးစီးနိုင်သည်။

(၁) အသင့်အတင့် ကိုင်းဖြတ်ခြင်း (အလယ်အလတ်ကိုင်းဖြတ်ခြင်း)

 

ပုံ- အသင့်အတင့် ကိုင်းဖြတ်ခြင်း

ကျန်းမာသန်စွမ်းသော လက်ဖက်ပင် အုံများကို မြေပြင်မှ ၂၆ လက်မ အထက်တွင်ရှိသော ကိုင်းများအားလုံးကိုဖြတ်ခြင်းဖြစ်သည်။ ကိုင်းအသင့်အတင့်ဖြတ်ခြင်း ပြုလုပ်ပြီးနောက် ပထမနှစ်တွင် အထွက်နှုန်းသည် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ပုံမှန်အထွက်နှုန်းပြန်လည်ရရှိမည်။ 

(၂) အပေါ်ယံကိုင်းဖြတ်ခြင်း (အပေါ့စားကိုင်းဖြတ်ခြင်း)

ကိုင်းအသင့်အတင့်ဖြတ်ပြီး ၃-၄ နှစ်ကြာပြီးနောက် ဖြတ်ရာ၏အထက် ၂ လက်မတွင် အပင်များ အညွန့်သစ်ထွက်စေရန်၊ အထွက်နှုန်းညီမျှစေရန်နှင့် ခူးသား မျက်နှာပြင်ကိုပုံဖော်ရန် ထပ်မံ၍ ကိုင်းဖြတ်ပေးရမည်။ ၎င်းကို မေလတွင် ရွှေဖီချိန်ပြီးနောက် ဆောင်ရွက်သင့်ပါသည်။ 

(၃) ကိုင်းလျှပ်၍ဖြတ်ခြင်း(ခပ်ပါးပါးကိုင်းတိခြင်း)

အပေါ့စားကိုင်းဖြတ်နည်းဖြင့် ဖြတ်ထားသောနေရာမှ ၄ လက်မအထက်ရှိကိုင်းများကို ဖြတ်ခြင်းဖြစ်သည်။ ရှုပ်ထွေးလိမ်ယှက်လာပြီး ကြက်ခြေထောက်ပုံစံဖြစ်နေသော ကိုင်းများကို ခူးသားမျက်နှာပြင်နှိမ့်ချရန်၊ အရည်အသွေးပြည့်မီသော လက်ဖက်အညွန့်များ စောစောထွက်လာရန် ဤနည်းကိုပြုလုပ်သည်။ 

(၄) လေရှူကိုင်း(အစာချက်ကိုင်း) ဖြတ်ခြင်း

လက်ဖက်ပင်အုံများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့် အညွန့်သစ်များထွက်ရန် ကိုင်းဖြတ်ခြင်းဖြစ်သည်။ လေရှူကိုင်းများသည် နေလောင်ခြင်းမှ ကကွယ်ပေးပြီး အစာချက်လုပ်ခြင်းကိုလည်း လုပ်ဆောင်ပေးသည်။ ဤနည်းတွင် အထက်တွင်ဖော်ပြထားသော နည်းလမ်းများအတိုင်းကျင့်သုံးပြီး အချို့သောကိုင်းများကို ရည်ရွယ်ချက်ဖြင့် ယခင်ကိုင်းဖြတ်ရာ အထက်တွင် မဖြတ်ဘဲထားခြင်းဖြစ်သည်။

(၅) ပြင်းထန်သည့်ကိုင်းဖြတ်ခြင်း

အရွက် ၃၅ မှ ၄၀ ခန့်ရှိ ကိုင်း ၁-၂ ကိုင်းကို ချန်ထားပြီး ကိုင်းဖြတ်ရာအထက်မှ ထွက်လာသော ကိုင်းအသစ်များတွင် အရွက် ၂-၃ ရွက်ခန့်ရှိသည့်အခါ ကျန်ရှိသည့် လေရှူကိုင်းများကို ဖြတ်ရမည်။ ဤနည်းလမ်းကို ခေတ်မီနည်းပညာဖြင့် လက်ဖက်စိုက်ပျိုးသောနိုင်ငံများတွင် အသုံးပြုကြပြီး ပုံမှန်အားဖြင့် မေလနှင့် စက်တင်ဘာလ အကြားတွင် ဆောင်ရွက်ကြသည်။ 

သက်တမ်း နှစ် ၂၀ အထက်ရှိသောအပင်များကို ကိုင်းဖြတ်ခြင်း

သက်တမ်းနှစ် ၂၀ အထက်ရှိသောလက်ဖက်ပင်များသည် တဖြည်းဖြည်း အထွက်နှုန်းလျော့ကျလာသောကြောင့် ၎င်းတို့ကို ကိုင်းရှင်းလင်း ဖြတ်တောက်နည်း (အကြီးစားကိုင်းဖြတ်ခြင်း)ဖြင့် ကိုင်းဖြတ် ပေးရမည်။ ဤနည်းတွင် လက်ဖက်ပင်အုံ၏ အမြင့်တဝက်အထက်မှ ကိုင်းများအားလုံးကို အရင်ဖြတ်ပြီးနောက် ၆ လက်မမှ ၁၀ လက်မအထက်ရှိသော ကိုင်းများအားလုံးဖြတ်တောက်ပေးရမည်။ ကျန်ကိုင်း များရှိ အရွက်များကိုလည်း မချန်ထားရပါ။ 

နောက်တစ်ရာသီတွင် ကိုင်းတစ်ကိုင်း၌ အရွက် ၉-၁၀ ရွက်ခန့် ထွက်လာချိန်တွင် ထိပ်ပိုင်းအရွက်များကို ၆-၈ ရွက်ခန့်ချန်၍ ခူးရမည်။ ၎င်းကိုင်းမှ ထွက်လာသော ဒုတိယကိုင်းများရှိ အရွက်များကို ၅ - ၆ ရွက် ခန့် ချန်ထား၍ ဒုတိယရာသီတွင် ခူးရမည်။ တတိယအဆင့်ထွက်လာသောကိုင်းများကို ၃-၄ ရွက်ခန့်ချန်၍ ခူးရမည်။ အပင်သည် ၃ ပေကျော်လာပါက ခူးဆွတ်မျက်နှာပြင်ကိုထိန်းရန် ခပ်ပါးပါး ကိုင်းတိခြင်း လုပ်ဆောင်ပေးရမည်။ 

အပင်များသည် ကာဘိုဟိုက်ဒြိတ်ဓာတ် လုံလောက်စွာသိုလှောင်ထားပြီး အသစ်ရှင်သန်ကြီးထွားနိုင်ရန် သန်စွမ်းကြောင်း သေချာမှသာလျှင် ဤနည်းကို လုပ်ဆောင်ရမည်။ ဤနည်းလမ်းကို လုပ်ဆောင်မည်ဆိုပါက ဖြစ်ပေါ်လာမည့်အန္တရာယ်များကိုလည်း ကြိုတင်ထည့်သွင်း စဉ်းစားရမည်။ ကိုင်းဖြတ်ပြီးနောက် ပထမနှစ်တွင် အထွက်နှုန်း ၈၀ ရာခိုင်နှုန်းသို့ သိသာစွာကျသွားနိုင်သောကြောင့် ဖြစ်သည်။ 

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' လက်ဖက်စိုက်ပျိုးမှုဆိုင်ရာနည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်