ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?

17/09/2020 17:30 PM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား

     အပင်ပြုစုစိုက်ပျိုးရာမှာ ဆားခါးကိုအသုံးပြုခြင်းက အထူးအဆန်းတော့မဟုတ်ပါဘူး။ ကျွန်ုပ်တို့ မိရိုးဖလာမှာ ဆားခါးကို ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာမှာလည်းကောင်း၊ ဥယျာဉ်စိုက်ပျိုးရာမှာ အပင်အာဟာရအဖြစ်လည်းကောင်း အသုံးဝင်ကြောင်း ကျွန်ုပ်တို့ နားယဉ်ပြီးသားဖြစ်မှာပါ။ ကဲ ဆားခါးက အပင်အတွက် တကယ်ရောအသုံးဝင်ရဲ့လား ဆိုတာ ဆက်ကြည့်လိုက်ရအောင်!!!!!!

ဆားခါးက အပင်အတွက် ကောင်းရဲ့လား?

     ဟုတ်ကဲ့။ ကောင်းပါတယ်လို့ပြောဖို့အတွက်ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်။ ဆားခါး မှာ ရေဓာတ်ပြည့်ဝပြီး မက်ဂနီဆီယမ်၊ ဆာလ်ဖာ(ကန့်)ဓာတ်တွေပါဝင်တာကြောင့် အပင်ကိုသန်စွမ်းစေ ပါတယ်။ ပန်းပွင့်နှုန်းအားကောင်းစေပြီး အပင်ရဲ့အစိမ်းရောင် ရောင်ခြယ်ဖြစ်ပေါ်မှုကိုလည်း အားပေးရုံ သာမက အပင်အုံလည်းထူလာစေပါတယ်။

ဘာကြာင့်ဆားခါးကို အပင်တွေမှာ အသုံးပြုကြတာလဲ?

     ဆားခါးမှာပါဝင်တဲ့ မက်ဂနီဆီယမ်ဓာတ်ဟာ အပင်အတွက်အရေးပါတဲ့ နှိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ် ဓာတ်တွေလို အာဟာရများကို လွယ်ကူစွာရယူစေပါတယ်။ အပင်အစာချက်ဖို့အတွက် လိုအပ်တဲ့ ကလိုရိုဖီးလ်(စိမ်းရောင်ခြယ်ဓာတ်)ဖြစ်ပေါ်မှုကိုလည်းအားပေးပြီး  အပင်ရဲ့ပန်းပွင့် ပွင့်နိုင်စွမ်း နှင့် အသီးတင်နိုင်စွမ်းကိုလည်းအားပေးပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေမှာ မက်ဂနီဆီယမ်ဓာတ် ချို့ယွင်း ခဲ့ရင်လည်း ဆားခါးကိုအသုံးပြုပေးနိုင်ပါတယ်။ ဆားခါးက ဓာတုစိုက်ပျိုးရေးဆေးတွေလို အန္တရာယ်မများ တဲ့အတွက် ဆေးနှုန်းထားအနည်းအများကို ပူစရာမလိုပါဘူး။ မိမိကိုယ်တိုင် သင့်တော်သလို ချိန်ဆအသုံး ပြုနိုင်ပြီး စိတ်ချလက်ချအသုံးပြုနိုင်တယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ အပင်တွေမှာ ဆားခါးကို အသုံးပြု ကြတာပေါ့။

ဆားခါးကို အာဟာရရည်အဖြစ် ဘယ်လိုပြုလုပ်သုံးစွဲကြမလဲ?

     ဆားခါးကို ရေနဲ့ဖျော်စပ်ပြီး အာဟာရရည်အဖြစ် ရိုးရိုးရှင်းရှင်းပြုလုပ်သုံးစွဲနိုင်ပါတယ်။ အပင်တွေကို ရေပေးတဲ့အချိန်တွေမှာ ဆားခါးကို တစ်လတစ်ကြိမ်သော်လည်းကောင်း နှစ်ကြိမ်သော် လည်းကောင်းထည့်ဖျန်းပေးနိုင်ပါတယ်။ ဆားခါးကိုဖျော်စပ်ရာမှာလည်းသီးနှံပေါ်မူတည်ပြီး ဖော်မြူလာ အမျိုးမျိုးအသုံးပြုကြပါတယ်။ မိမိအဆင်ပြေရာကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဆားခါးကို အသုံးပြုတော့ မည်ဆိုလျှင် မိမိရဲ့စိုက်ပျိုးမြေကို မက်ဂနီဆီယမ် ချို့ယွင်းမှုရှိမရှိ ဆန်းစစ်ကြည့်ရင် ပိုကောင်းတာပေါ့။ ပြီးတော့ သတိထားရမဲ့အချက်က ဆားခါးက သီးနှံတိုင်းအတွက်အသုံးမဝင်ပါဘူး။ ပဲအမျိုးမျိုး၊ အရွက်စား ဟင်းသီးဟင်းရွက်တွေက မက်ဂနီဆီယမ်ဓာတ် မရှိလည်း ကောင်းကောင်းကြီးထွားနေနိုင်တဲ့အတွက် ၎င်း သီးနှံတွေမှာ ဆားခါးကိုအသုံးပြုဖို့မလိုပါဘူး။ ဒါပေမဲ့ နှင်းဆီ။ ခရမ်းချဉ်သီး၊ နဲ့ ငရုတ်ကောင်းတို့လို သီးနှံ မျိုးမှာတော့ မက်ဂနီဆီယမ်ဓာတ်အမြောက်အမြားလိုအပ်တာကြောင့် အဲဒီအပင်တွေမှာဆိုရင်တော့ ဆားခါးအာဟာရရည်ကိုသုံးပါလိမ့်။။။။။။

     ဆားခါးကို ရေနဲ့ဖျော်လိုက်တဲ့အခါမှာ (အထူးသဖြင့် အရွက်ဖျန်းဆေးအဖြစ်အသုံးပြုတဲ့အခါ) အပင်က အလွယ်တကူအာဟာရဓာတ်ကို ပိုရရှိစေပါတယ်။ ယေဘုယျအားဖြင့် အပင်အများစုအတွက် အသုံးပြုနိုင်တဲ့အချိုးအစားကတော့ ရေ(၁)ဂါလံမှာ ထမင်းစားဇွန်း(၂)ဇွန်းစာ ရောစပ်ပြီး တစ်လတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ မကြာခဏ အသုံးပြုလိုလျှင်(ဥပမာ-တစ်ပတ်လျှင်တစ်ကြိမ်) ရေ(၁)ဂါလံမှာ ထမင်းစားဇွန်း (၁)ဇွန်းသာလျှင်ဖျော်စပ်ပါ။ 

     နှင်းဆီပန်းမှာအသုံးပြုတဲ့အခါ ရေ(၁)ဂါလံမှာ လက်ဖက်စားဇွန်း(၁)ဇွန်းစာရောစပ်ပြီး နှင်းဆီပန်းရဲ့ ဆူးကိုင်း(၁)ပေမြင့်တိုင်း အသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းအရွက်တွေထွက်တဲ့ နွေဦးအခါမှာလည်း အသုံးပြုပေးနိုင်သလို ပန်းပွင့်ပြီးနောက်ပိုင်းလည်း အသုံးပြုပေးနိုင်ပါတယ်။ 

     ခရမ်းချဉ်နဲ့ ငရုတ်ကောင်းပင်တွေမှာ သုံးမယ်ဆိုရင်တော့ ရေ(၁)ဂါလံမှာ လက်ဖက်ရည်ဇွန်း(၁)ဇွန်း ရောစပ်၍သော်လည်းကောင်း၊ ရေနဲ့မရောစပ်ဘဲ အမှုန့်အနေဖြင့်သော်လည်းကောင်း ပျိုးပင်ရွှေ့စိုက်ချိန်၊ ပထမဦးဆုံးပန်းပွင့်ချိန်၊ နဲ့ အသီးတင်ချိန်တွေမှာ အသုံးပြုပေးနိုင်ပါတယ်။

      ကဲ စာဖတ်သူတို့ရေ အခုဆိုရင် မိရိုးဖလာအရ ဆေးမှီးတိုအဖြစ်သိကြတဲ့ ဆားခါးဟာ အပင်အတွက်လည်း အကျိုးရှိပြီး အသုံးဝင်တယ်ဆိုတာ သိကြရောပေါ့။ အကယ်၍ မယုံခဲ့ရင်တောင် ဓာတုဆေးမဟုတ်တဲ့အတွက် စိတ်ချစွာလက်တွေ့အသုံးပြုကြည့်ပါ။ အကျိုးထူးတာကို တွေရပါလိမ့်မယ်။ ဆားခါးကို အပင်အတွက်အာဟာရအဖြစ်အသုံးပြုနိုင်လို့ တောင်သူတွေကြုံတွေ့ရတတ်တဲ့ စိုက်ပျိုးရေးဆေး ကုန်ကျစရိတ်ပြူနာကို တစ်ဖက်တစ်လမ်းကနေပြီး အနည်းငယ်ဖြေရှင်းပေးနိုင်တာပေါ့။

လက်တွေ့အသုံးချကြည့်ကြဖို့ တိုက်တွန်းရင်း ဆောင်းပါးကို ဒီမှာပဲ အဆုံးသတ်ပါရစေ။

နန္ဒာအိလှိုင်

https://www.gardeningknowhow.com/garden-how-to/soil-fertilizers/epsom-salt-gardening.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်