"အရသာထူးခြား…...ငါးပြေမငါး"

18/06/2021 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    မြန်မာနိုင်ငံရှိ ဒေသငါးမျိုးစိတ်ဖြစ်သော ငါးပြေမငါးမှာ အရသာချိုပြီး ထူးခြားကောင်းမွန်လှသဖြင့် လူကြိုက်များသော ငါးတစ်မျိုးဖြစ်သည်။ 

     ငါးမျိုးစိတ်များတွင် ငါးပြေမငါးမှာ ရေချိုတွင်သာ တစ်သက်လုံးနေထိုင်ကြသည့် (Potamodromous) ငါးမျိုးများဖြစ်ကြသည်။ ငါးပြေမကို အင်္ဂလိပ်လို 'Climbing Perch’ ဟု ခေါ်ဆိုကြသည်။ 

     ချောင်း၊ မြောင်း၊ အင်း၊ အိုင်များတွင် ငါးပြေမငါးကို ရမိတတ်ကြပြီး ခန္ဓာကိုယ်အလျား (၈) လက်မခန့်ထိ ရှည်လျားကြသည်။ ငါးပြေမငါးမှာ ကိုယ်ထည်ပြား၍ ဦးခေါင်းကျယ်သည်။ ကျောရိုးဘေးဘက် ဆူးတောင်များ ပါရှိကြသည်။ ငါး၏အရောင်မှာ အစိမ်းပုပ်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းမှာ အရောင်ဖျော့သည်။ ပါးဟက်ဖုံးတွင်ပါရှိသော ဆူးများဖြင့် ကုန်းပေါ်တွင်လည်း တွားသွားနိုင်သည့် ငါးတစ်မျိုးဖြစ်သည်။ 

    ငါးပြေမငါးမှာ ငါးရံ့ကဲ့သို့ လေရှူငါးမျိုးများဖြစ်ကြသဖြင့် လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူနိုင်၏။ ရေမရှိဘဲ အနည်းဆုံး(၄)ရက်ခန့် အသက်ရှင်နိုင်ကြပြီး အလွန်အသက်ပြင်းသည့် ငါးတစ်မျိုးလည်းဖြစ်သည်။ 

    တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ငါးပြေမငါးကို တွေ့ရှိရပါသည်။ ငါးပြေမငါးမှာ အသားစား (carnivorous) များဖြစ်ကြပြီး ကျောရိုးမဲ့ ရေသတ္တဝါလေးများ၊ ငါးသားပေါက်လေးများကို သူတို့၏အစာအဖြစ် စားသောက်တတ်ကြသည်။ 

    ငါးပြေမငါးမှာ မွေးမြူ၍ရသောငါးဖြစ်ပြီး အကြမ်းခံခြင်း၊ အချိန်တိုအတွင်းဖြစ်တွန်းခြင်း၊ သားဖောက်ရလွယ်ကူခြင်း၊ ဆိုဒ် (size) ခွဲစရာမလိုဘဲ တစ်ကန်ထဲ မွေးမြူနိုင်ခြင်း၊ ဈေးကွက်ရှိခြင်းတို့ကြောင့် မွေးမြူသူလည်းများပြားလှပါသည်။ 

    ငါးပြေမငါးကို ဆီပြန်ဟင်း၊ ငါးပြေမငါးဆီးဖြူသီးနှပ်၊ စောင်းလျားသီးနှင့်ငါးပြေမ  ဟင်းလျာများမှာ လူကြိုက်များကြသည်။ ထို့ပြင် ငါးပြေမငါးမှာ ချိုလှသဖြင့် ငါးငါးပိ၊ ငါးပိရေကျိုအပြင် ငါးပြေမငါးပုတ်ခြောက်လည်း ပြုလုပ်စားသုံးကြပါသည်။ ထိုထဲတွင်မှ စောင်းလျာသီးနှင်ငါးပြေမဟင်းချက်နည်းကို တင်ပြပေးပါမည်။

    စောင်းလျာသီးနှင့်ချက်သည့် ငါးပြေမဟင်းမှာ အရသာထူးကဲသည့်အပြင် ဆီးကျောက်ရောဂါကိုလည်း သက်သာပျောက်ကင်းစေသဖြင့် ဆေးဖက်ဝင်ငါးလည်းဖြစ်သည်။ 

    ငါးပြေမစောင်းလျားသီးဟင်းချက်ပြုတ်ရာတွင် - 

ငါးပြေမ - ၅၀ ကျပ်သား

စောင်းလျားသီး - ၃ လုံး

ကြက်သွန်နီ - ၂ လုံး

ကြက်သွန်ဖြူ - ၁၀ တက် 

ဂျင်း -  ၅ ကျပ်သား

စပါးလင် -၂ ပင်

ငရုတ်ပွခြောက်- ၅ တောင့်

ငရုတ်ကောင်းမှုန့် - လက်ဖက်စားဇွန်း တစ်ဝက်

ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

နနွင်းမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း 

ငါးငံပြာရည်- လက်ဖက်စားဇွန်း ၁ ဇွန်း 

ပဲဆီသန့် - ထမင်းစားဇွန်း ၁ ဇွန်း 

နံနံပင် - အနည်းငယ် 

ငရုတ်သီးစိမ်း - ၁၀ တောင့် 

ရေသန့် - ၀.၅ လီတာ တို့လိုအပ်ပါသည်။ 

    ငါးပြေမဟင်းချက်မည်ဆိုပါက ဘေးဆူးတောင်တွေကို နှိုက်ထုတ်နိုင်လျှင် စားရတာအရိုးရှင်းပြီး ပိုမိုကောင်းမွန်ပါသည်။  ထိုကဲ့သို့မလုပ်တတ်ပါက ဘေးဆူးတောင်တွေကို ခုတ်ဖြတ်လိုက်ပြီး ငါးကို ဓားနှင့်မွှန်းပါ။ အချွဲအကျိတွေပြောင်အောင် ဆား၊ မန်းကျည်းရည် (သို့) သံပရာသီးကို သုံးပြီး ပွတ်ဆေးပါ။ ဆူးတောင်ပါငါးမို့ သတိထားကိုင်တွယ်သင့်ပါသည်။

ချက်ပြုတ်ပုံ

     (၁) ပထမဦးစွာ ဆေးကြောသန့်စင်ထားသော ငါးပြေမငါးကို ကြက်သားမှုန့်တစ်ဇွန်း၊ နနွင်းမှုန့် ၊ ငါးငံပြာရည် အနည်းငယ်တို့ဖြင့် မိနစ်(၂၀)ခန့် နှပ်ထားရပါမည်။ 

    (၂) စောင်းလျားသီးကို ရေဆေးပြီး ပါးပါးလှီးထားရပါမည်။ နံနံပင်နှင့် ငရုတ်သီးစိမ်းကို ရေစိမ်ထားရပါမည်။

    (၃) ဆီသတ်ဖို့ ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ ငရုတ်ပွခြောက်တို့ကို ညက်အောင်ထောင်းထားရပါမည်။ 

    (၄) ဒယ်အိုးထဲ ဆီအပူပေးပြီး ဆီပူလာပါက ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ ဂျင်း တို့ကို နနွင်းမှုန့်လေးနှင့်ရောပြီး ဆီသတ်ရပါမည်။ ငါးအညှီနံ့ပျောက်ပြီး အနံ့မွှေးဖို့ရာ စပါးလင်ကိုပါ ထည့်ပြီး ဆီသတ်ပေးပါ။ 

    (၅) ကြက်သွန်နွမ်းလာပါက အရသာနှပ်ထားသည့် ငါးပြေမကို ထည့်ရပါမည်။ ပြီးနောက် ပါးပါးလှီးထားသော စောင်းလျားသီးကို ထည့်ရပါမည်။ 

    (၆) ဆီအနည်းငယ် ပြန်လာပါက ရေနည်းနည်း၊ ကြက်သားမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး အရသာစပ်ပေးရပါမည်။ 

    (၇) မိနစ်အနည်းငယ်ကြာပါက အနံ့အရသာနှင့်ပြည့်စုံသော ခံတွင်းမြိန်စရာ စောင်းလျားသီးငါးပြေမဟင်းတစ်ခွက်ကို ရရှိပေမည်။ ဟင်းအိုးချခါနီးတွင် နံနံပင်နှင့် ငရုတ်သီးစိမ်းကို အုပ်ပေးရပါမည်။ 

    ငါးပြေမငါးကို အသေးစိတ်အချက်အလက် (Scientific classification )မှာ အောက်ပါအတိုင်းဖြစ်သည်။

မျိုးပေါင်းစု (Phylum) - Chordata

အမျိုးအစား (Class) - Actinopterygii

မျိုးစဉ် (Order) - Anabantiformes

မျိုးရင်း (Family) - Anabantidae

မျိုးစု (Genus) - Anabas

မျိုးစိတ် (Species) – Anabas Testudineus ဟူ၍ ဖြစ်သည်။

 ပင်လယ်ပြာ (ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်