စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ- ဦးဘဟိန်း) (၃)

Photo - စပါးစိုက်ပျိုးခြင်း

အခန်း (၃)
ပျိုးထောင်ခြင်း

၃.၁ ပျိုးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။

·         တို တုတ် သန်မာတယ်၊ အမြစ်ဖွာတယ်။

·         အရွယ်အစား ညီညာတယ်။

·         ရောဂါကင်းတယ်။

၃.၂ ပျိုးကောင်းရအောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်။

·         ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်ပါ။

·         မျိုးကောင်း မျိုးသန့်ကိုသုံးပါ။

·         အစေ့အဆံပြည့်ဖြိုးပြီး အရွယ်ညီညာတဲ့မျိုးစေ့တွေရရှိအောင် လုပ်ဆောင်ပါ။ (ဆန်ကောဆန်ခါနဲ့ သုံးကြိမ်ခန့် ပြာတီးသန့်စင်ရမယ်။)

·         အစေ့ ၁၀၀ မှာ အနည်းဆုံး အစေ့ ၈၀ အပင်ပေါက်/မပေါက်သိအောင် အပင်ပေါက်နှုန်းစမ်းသပ်ပါ။

·         စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။

·         ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။

၃.၃ ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်နည်း။

ဘာကြောင့်ဒီနည်းကို အသုံးပြုတာလဲ ...

·         တိုတုတ်သန်မာပြီး အမြစ်ဖွာတဲ့ပျိုး၊ အရွယ်ညီတဲ့ပျိုး၊ ရောဂါကင်းတဲ့ပျိုးတွေရတယ်။

·         ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးအမြင့် ၈ လက်မခန့်ရှိတယ်။ ဒါကြောင့် ပျိုးသက်ငယ်ငယ်နဲ့ ကောက်စိုက်နိုင်တယ်။

·         ကောက်စိုက်အပြီး ၃ ရက်မြောက်မှာ ကောက်ပင်လှန်တယ်။

·         ကျင်းပျောက်/ပင်ပျောက်နည်းလို့ ကောက်ပင်ဖာထေးရ သက်သာတယ်။

·         အပင်ငယ်စဉ်မှာ ကြီးထွားမြန်လို့ ပေါင်းမြက်ကိုစီးနိုင်တယ်။

ပျိုးဘောင်အရွယ်အစား ဘယ်လောက်ရှိရမလဲ ...

·         စိုက်ခင်းတစ်ခုလုံးရဲ့ အပုံ ၁၀၀ မှာ ၁ ပုံ အရွယ်အစားဟာ လုံလောက်တဲ့ပျိုးခင်း အကျယ်အဝန်းဖြစ်တယ်။ (ဥပမာ - စိုက်ခင်း ၁ ဧကအတွက် ပျိုးဘောင်အရွယ်အစားဟာ အနံ ၃ ပေ အလျား ၁၅၀ ပေ အကျယ်အဝန်းသာလိုအပ်တယ်။)

မျိုးစေ့ပမာဏ ဘယ်လောက်လိုသလဲ ...

·         မျိုးစေ့အရွယ်အစားနဲ့ အစေ့ ၁၀၀၀ အလေးချိန်၊ ပင်ကြားတန်းကြား အကွာအဝေးနဲ့ လက်ဆအပေါ်မူတည်ပြီး မျိုးစေ့လိုအပ်ချက် ပမာဏကွဲပြားတယ်။ ဥပမာ - အစေ့ ၁၀၀၀ မှာ အလေးချိန် ၁၉ ဂရမ်မှ ၂၀ ဂရမ်အထိလေးတဲ့ မနောသုခနဲ့ သီးထပ်ရင်ကို ကောက်ကွက် ၈ လက်မ ၆ လက်မထားပြီး တစ်ကျင်း ၃ ပင်နှုန်း လက်ဆနဲ့စိုက်မယ်ဆိုရင် မျိုးစေ့ ၈ ပြည်လိုအပ်ပြီး အစေ့ ၁၀၀၀ မှာ ၂၄ ဂရမ်မှ ၂၆ ဂရမ်လေးတဲ့ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စပါးမျိုးကို အလားတူကောက်ကွက်/လက်ဆနဲ့ စိုက်ရင် ၁၀ ပြည်သာလိုအပ်တယ်။ (သတိပြုရမှာက အစေ့ ၁၀၀ မှာ ၈၀ စေ့အပင်ပေါက်ရမယ်။ ပြာတီးသန့်စင်ထားတဲ့ မျိုးစေ့ကောင်းတွေဖြစ်ရမယ်။)

ပျိုးဘောင်ကို ဘယ်လိုဖော်မလဲ ...

·         ပျိုးခင်းမှာ စက်ဖွဲပြာထည့်ပါ။ ပျိုးနှုတ်ရာမှာ ပျိုးပင်မနာဘူး။

·         သမန်းပြင်ညီညာအောင် သမန်းပုပ်အောင် သမန်းညက်အောင် ဦးစွာလုပ်ပါ။

·         သမန်းပြင်မှာ အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေ အရွယ်ရှိတဲ့ ပျိုးဘောင်တွေ ပေါ်လာအောင် ရေဖြည့်ထားတဲ့ သောက်ရေအိုးကို ကြိုးချည်ပြီး ဖြောင့်ဖြောင့်တန်းတန်းဆွဲပါ။

·         အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေရှိတဲ့ ပျိုးဘောင်တစ်ဘောင်ဟာ စိုက်ခင်းတစ်ဧကအတွက် လုံလောက်တဲ့ပျိုးပင်တွေ ရရှိတဲ့အပြင် ကျင်းပျောက်/ပင်ပျောက်တွေကိုပါ ဖာထေးဖို့ ပျိုးလက်ကျန်လုံလောက်ပါတယ်။

မျိုးစေ့ကို ဘယ်လိုချမလဲ ...

·         မျိုးစေ့ကို စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။

ပျိုးဘောင်အကျယ် ၃ ပေ အရှည် ၃ ပေ အကွက် ၁ ကွက်မှာ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စတဲ့စပါးမျိုးတွေဆိုရင် နို့ဆီဗူး ၁ ဗူးခွဲချပါ။ အစေ့အရေအတွက်အားဖြင့် ၈၀၀၀ ကျော်ရှိမယ်။ မနောသုခ၊ သီးထပ်ရင် စတဲ့စပါးမျိုးဆိုရင် နို့ဆီဗူး ၁ ဗူးနဲ့ သုံးပုံတစ်ပုံခန့်ချပါ။

·         မန်ကျည်းစေ့အရွယ် အကွက်တစ်ကွက်အတွင်းမှာ မျိုးစေ့တစ်စေ့နှုန်းချပါ။ မျိုးစေ့တွေ မထပ်အောင်ဂရုစိုက်ပါ။

·         မျိုးစေ့ချပြီးပါက မျိုးစေ့အပေါ်မှာ စက်ဖွဲပြာလက်မဝက်ခန့်ဖုံးပေးပါ။ (ရည်ရွယ်ချက်က မိုးသည်းရိုက်တဲ့ဒဏ် မခံရအောင်ဖြစ်ပါတယ်။ အကယ်၍ မျိုးစေ့ချအပြီး မိုးသည်းသည်းမဲမဲ ရွာမယ့်လက္ခဏာရှိရင် ပျိုးဘောင်တစ်ခုလုံးမြုပ်အောင် ရေသွင်းထားပါ။)

ပျိုးခင်းကို ဘယ်လိုစောင့်ရှောက်မလဲ ...

·         ပျိုးဘောင်မှာ အစိုဓာတ်ရှိနေသမျှ ကာလပတ်လုံး ပျိုးခင်းမှာ ရေပြောင်အောင်ထားပါ။

·         ရေပြောင်အောင်ထားခြင်းအားဖြင့် ပျိုးမြစ်တွေလေကောင်းစွာရရှိတယ်။ ဒါကြောင့် ပျိုးပင်တွေတိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတယ်။

·         ပျိုးခင်းမှာ ဓာတ်မြေသြဇာထည့်ပေးဖို့ မလိုဘူး။ ပျိုးပင်ငယ်လေးဟာ ၁၄ ရက်သားအထိ အစေ့ထဲကအစာကိုသာ စားတယ်။ မြေထဲမှာ ရှိနေတဲ့အာဟာရကို မစားဘူး။

·         ဆစ်ပိုးတွေကျလေ့ရှိရင် ပျိုးဘောင်ပေါ်မှာ ဖြူ ရာဒန် သရီးဂျီကို အညွှန်းအတိုင်း ထည့်သွင်းပေးပါ။

·         ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးနှုတ်/ကောက်စိုက်ပါ။

·         ပျိုးမနှတ်မီ မြေအခြေအနေအရ ၃ ရက်ခန့်ကြိုတင်ပြီး ပျိုးဘောင်တွေ မြုပ်အောင်ရေသွင်းထားပါ။ ဒါမှ ပျိုးနှုတ်ရတာ လွယ်ကူမယ်။

ပျိုးပင်ကို ဘယ်လိုနှုတ်မလဲ ...

·         ပျိုးပင် ၂ ပင် ၃ ပင်ကို ပျိုးပင်အခြေမှာ ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားနဲ့ နှုတ်ပါ။ ဒါမှ ပျိုးခေါင်းပြုတ် ပျိုးခါးကျိုး ပျိုးခါးကြေ သက်သာမယ်။

·         ပျိုးမြစ်တွေကို ရေထဲနှစ်ပြီး လှုပ်ခါလိုက်ရင် ပျိုးချေးတွေစင်သွားမယ်။

·         ခြေရိုက်ပျိုး လုံးဝ မလုပ်ပါနဲ့။

·         ပျိုးပင်တွေကို ဖွဖွရွရွလေး စည်းနှောင်ပါ။ ကောက်မစိုက်မီ ပျိုးစည်းတွေကို အရိပ်မှာထားပါ။

၃.၄ ပျိုးခင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာနဲ့ ဖြေရှင်းချက်များ။

ဘာကြောင့်ပျိုးပင်အရွယ်အစား မညီညာသလဲ ...

·         ပျိုးခင်း မြေမျက်နှာပြင် မညီညာဘူး။

·         မျိုးစေ့ အရွယ်အစား မညီညာဘူး။

·         မျိုးစေ့ ကြဲပက်ရာမှာ မညီညာဘူး။

·         ဓာတ်မြေသြဇာ ကြဲပက်ရာမှာ မညီညာဘူး။

ဘာကြောင့် ပျိုးလှီ ပျိုးနွဲ့ ပျိုးခါးရှည် ဖြစ်ရသလဲ ...

·         အစေ့အဆန် ပြည့်ဖြိုးပြီး အလေးချိန်စီးတဲ့ မျိုးစေ့ကိုမသုံးဘူး။

·         မျိုးစေ့နှုန်း လိုတာထက်ပိုပြီး အဆမတန်သုံးတယ်။

·         ပျိုးခင်းမျက်နှာပြင် မညီညာဘူး။

·         ပျိုးခင်းမှာ ရေနေရေထိုင်များပြီး ရေကိုအမြဲတမ်းလှောင်ထားတယ်။

ဘာကြောင့် ပျိုးမြစ်များ မသန်ရတာလဲ ...

·         ပျိုးခင်းမှာ ရေကိုပြောင်စင်အောင် ခါထုတ်လေ့မရှိဘူး။ (ဥပမာ - ကုန်းပျိုးတွေဟာ ရေပျိုးထက် အမြစ်ပိုပြီး သန်စွမ်းတယ်။)

သန်စွမ်းပြီး အရွယ်ညီတဲ့ ပျိုးတွေရအောင် ဘယ်လိုဆောင်ရွက်မလဲ ...

·         ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးပါ။

·         မျိုးစေ့ကောင်းကို အသုံးပြုပါ။

·         ပျိုးခင်းကို သမန်းပုပ် သမန်းညက် သမန်းပြင်ညီညာအောင် လုပ်ဆောင်ပါ။

·         ဧရိယာကျဉ်း အစိုပျိုးထောင်နည်းကို အသုံးပြုပါ။

ပျိုးပင်မနာအောင် ဘယ်လိုလုပ်ဆောင်မလဲ ...

·         ပျိုးမနှုတ်မီ မြေအခြေအနေအရ ပျိုးဘောင်တွေ နစ်မြုပ်အောင် ၃ ရက်ခန့် ကြိုတင်ပြီး ရေတင်သွင်းထားပါ။

·         ပျိုးပင် ၂ ပင်မှ ၃ ပင် အခြေကို ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားဖြင့် နှုတ်ပါ။

·         ပျိုးချေးတွေကို ရေထဲမှာ လှုပ်ခါဆေးပါ။

·         ပျိုးစည်းတဲ့အခါ ဖွဖွရွရွလေးစည်းပါ။

·         ကောက်မစိုက်မီ ပျိုးမြစ်တွေကို ရေထဲမှာ နစ်မြုပ်အောင်ထားပါ။

 

ဆရာဦးဘဟိန်း- စပါးစိုက်ပျိုးနည်း (တောင်သူလက်စွဲ) စာအုပ်မှ ကူးယူဖော်ပြပါသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲပွင့်တုန်း တန်ဆောင်မုန်း"