လျှော်ဖြူစိုက်ဖို့ မြေပြုပြင်မယ်ဆိုလျှင်ဖြင့်....

08/05/2018 14:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လျော်ဖြူ စိုက်ပျိုးသူများအတွက် အဓိက လိုအပ်ချက်အဖြစ် မြင်ပါတယ်။ စိုက်ပျိုးသင့်သော မြေအမျိုးအစား အနေဖြင့် ပြောရပါလျှင် ရေမဝပ်သောမြေဟု ပဏာမ ဆိုပါရစေ။ ရေမဝပ်သောမြေတွေမှာ စိုက်လို့ရတယ်ပြောလျှင် အခြားမြေတွေ မှာ စိုက်လို့မရဘူးလားလို့  မေးစရာဖြစ်လာပါတယ်။ ထိုမြေတွေမှာလည်း စိုက်လို့ရပါတယ်။ လျော်ဖြူပင် နှစ်သက်သော အခြေအနေ၊ သင့်တော်သောအခြေအနေ ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရပါမယ်။ ရေဝင်ကွင်းများ၊ ရေမြုပ်ကွင်းများ တွင်လည်း အပင်ခြေရေမဝပ်လျှင်၊ ရေဝင်ပါသော်လည်း ရေစိမ့်ဖမ်းနေသော မြေမျိုးမဟုတ်ဘဲ လျော်ဖြူပင်၏ အမြစ် ဥ ပင်စည်အား ဒုက္ခမပေးသောမြေဆိုလျှင် စိုက်၍ရပါတယ်။

ဆားပေါက်မြေ၊ ဒုံပေါက်မြေ၊ စမ်းပေါက်မြေများတွင်မူ လုံးဝ (လုံးဝ) မစိုက်သင့်ပါ။ စမ်းပေါက်မြေတွင် စိုက်မည်ဆိုပါ လျှင် စမ်းကြောဖြတ်ခြင်းအား ဂရုတစိုက်ပြုလုပ်ပြီးမှ စိုက်ပျိုးရန်လိုပါသည်။ စိုက်ပျိုးသင့်သော မြေအမျိုးအစား ရွေး ချယ်ရာတွင် ရာသီဥတု၊ နေရာအနေအထားတို့နှင့်လည်း သွယ်ဝိုက်သက်ရောက်နေ၍ ပုံသေမသတ်မှတ်ဘဲ ချင့်ချိန် တွက်ဆရန် လိုအပ်ပေသည်။ မိုးများခြင်း၊ မများခြင်း၊ ပူခြင်း၊ အေးခြင်း၊ မြေပြန့်၊ ချိုမ့်ဝှမ်း၊ ကုန်းဆောင်း တို့အပေါ် လိုက်၍ ရွေးချယ်ရန်လိုအပ်ပါသည်။

လျော်ဖြူအတွက် သင့်လျော်သော မြေအချဉ်အငန်မှာ (5.5 pH – 7 pH) ဖြစ်ပါတယ်။ အနည်းငယ် အနိမ့်အမြင့်ရှိပါက ထုံး၊ ကျောက်မှုန့် (gypsum) တို့အား လိုအပ်သလို ထည့်သွင်းပြင်ဆင်ခြင်း ပြုနိုင်ပါတယ်။

အချို့ လျော်ဖြူစိုက်ပျိုးသူများသည် တနယ်မြေစေး၊ မြေစေးမြေကျစ်၊ ရွံ့စေးမြေ တို့မှာ စိုက်၍မရဘူးဟု ဆိုတတ်ကြပါတယ်။

ပြောကြတဲ့ အကြောင်းရင်းကတော့ ထိုမြေမျိုးတွင်စိုက်မိပါက ရေခမ်းခြောက်ရန် အချိန်ကြာမြင့်ပြီး မြေအစိုဓာတ် များ နေခြင်းက လျော်ဖြူပင်၏ ဥနှင့် အမြစ်ကို ဒုက္ခပေးခြင်းကြောင့် အမြစ်နှင့် ဥပုပ်ရာကတဆင့် အပင်သေဆုံးခြင်းပါ။

ထိုဖြစ်ရပ်မျိုးမှတဆင့် အထက်ပါမြေများမှာ စိုက်မရဘူး ဖြစ်လာတာပါ။ နောက်ပြဿနာက ခြောက်သွေ့ သွားလျှင် လည်း ပက်ကြားအက်များ အက်ကွဲပြီး အမြစ်များပြတ်တောက်ခြင်း၊ မြေအစိုဓာတ် မထိမ်းနိုင်တော့ခြင်းက ရေမပေး သွင်းနိုင်သော ဒေသတွင် ပြဿနာပါ။

ထိုမြေမျိုးမှာ စိုက်ရသည့်သူတို့ရဲ့ ဒုက္ခပါ။ ဒီတော့ ထိုမြေမျိုးအားဖွဲ့စည်းပုံ ပြောင်းသွားရန် လုပ်ဆောင်ရန်မှတပါး အခြားမရှိပါ သို့သော် ငွေကုန်ကြေးကျ အများကြီးမသုံးစွဲဘဲ အပင်ငယ်စဉ် အမြစ်စွဲသွားရန်အတွက်သာ အပင်ခြေ လုပ် ဆောင်သွားရန် လိုအပ်ပေသည်။ အပင်အနေဖြင့် အောက်မြေလွှာသို့ မရောက်မှီအထိ အခက်အခဲရှိနေတတ်ပါသည်။ စနယ်မြေလွှာသည် (၁၀၀လက်မ) အထိ ထူ၍ဖြစ်ပါသည်။

အဓိကကတော့ မိမိစိုက်ပျိုးသော မြေမျိုးသည် အပေါ်ယံမြေသားအထူ ဘယ်မျှရှိသလဲ? ထိုမြေလွာ၏အောက်တွင် မည်ကဲ့သို့သောမြေမျိုး ရှိသလဲ? မြေစေး၊ မြေစေးသမ၊ နူန်းသမ၊ ကျောက်ထု၊ သဲထု ရှိနေလားဆိုတာကို ကနဦး လေ့လာရန် လိုအပ်ပါတယ်။

အချို့ လျော်ဖြူစိုက်ပျိုးနေသောသူတို့သည် (မိရိုးဖလာစိုက်ပျိုးသူမဟုတ်) ကိုယ်တိုင်လည်း စနယ်မြေ၊ ဝါညိုတော၊ နီညိုတော၊ မြေနီမြေဝါ၊ မြေထူမြေနု၊ နူန်းမြေ၊ လယ်မြေ၊ တောခြောက်မြေ၊ အင်တိုင်းမြေ တို့ကိုလည်း မတွေ့ဘူး၊ မမြင်ဘူး၊ မလေ့လာဘူး၊ မြေတို့၏ ဖွဲစည်းပုံ ပေါင်းစပ်ပုံ အာဟာရပါဝင်မှု ပြင်ဆင်ရန် လိုအပ်ချက်တို့ဆိုလျှင် သိရန်ဝေးပ၊ လက်တွေ့လည်း ထိုမြေမျိုးတွေမှာ မစိုက်ဘူးပါဘဲနှင့် တကယ်ဘဲ နှစ်ပေါင်းများစွာ သုတေသနပြုခဲ့ဘူးသလိုလို စိုက်နေသလိုလို ပြောဆိုရေးသားမှုများက စတင်လေ့လာသူ စိတ်ဝင်စားသူ စိုက်ပျိုးနေသူများအတွက် ဗဟုသုတရစရာ မှီငြင်းကိုးကားစရာမဟုတ်ဘဲ အဆိပ်အတောက် ဖြစ်နေသည်ကို သတိပြုရန်လိုအပ်ပေသည်။

လျော်ဖြူကို စတင်လူသိစပြုချိန်မှစ၍ လျော်ဖြူစိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့် ပါတ်သက်၍ လေ့လာစရာ အားထား စရာ နည်းပါးသော အချိန်ကာလတွင် တင်ပြနေခဲ့သော၊ တင်ပြနေကြသော ဆောင်းပါးများ၊ မှတ်တမ်းများ၊ စာအုပ်စာ တမ်းများ၊ Video မှတ်တမ်းများကြောင့် အယူမှား အလုပ်မှား အတွေးမှားများ များစွာရှိခဲ့ရှိနေသည်ကို သတိပြု သုံးသပ်ရန် လိုအပ်ပေသည်။ ထိုအမှားများအား လက်ခံကျင့်သုံးခဲ့၍ မည်သူတွေ ဘယ်လောက်ဆုံးရှုံခဲ့ပြီးပြီလဲ? အကျိုးအမြတ်ရပြီးပြီလဲ? အကျိုးအမြတ်ရနေသည်တိုင် နှစ်ကာလဘယ်လောက်အထိ အကျိုးအမြတ် ရနေအုံးမှာလဲ? မိမိတို့ ဘယ်လောက်မှားခဲ့သလဲ ဆုံးရှုံးခဲ့သလဲဆို့သည့် အကောင်းများထက် အဆိုးများအား အခြားသူများ မခံစားရအောင် ပြန်လည်မျှဝေသင့်သည်ဟု မြင်ပါသည်။

လျော်ဖြူ စိုက်ပျိုးသူများ အနေဖြင့် စနယ် ရွံစေး မြေမာ မြေကျစ်စသော ရေအလွယ်တကူ ခမ်းခြောက်ခြင်း စိမ့်ဝင်ခြင်း မပြုနိုင်သောမြေများတွင် စိုက်ပျိုးမည်ဆိုပါလျှင်

၁.ထိုက်သင့်သော မြေပြုပြင်မှု 

၂.သင့်တော်သောကျင်းတူးစနစ် 

၃.သင့်တော်သော ကျင်းအတွင်းအစားထိုးမြေ ထည့်သွင်းခြင်း စသည်တို့ပြုလုပ်ရန်လိုပါတယ်။

ဆိုလိုသည်မှာ မိမိမြေများသည် ရေစုပ်ယူမှုနှေးသော မြေများအား ရေစုပ်ယူမှုကောင်းမွန်အောင် သဲ၊ ဖွဲပြာ၊ စပါးခွံ ရောဂါပိုးမွားကင်းစင်၍ ခြောက်သွေ့နေသော မြေဆွေးများအား မိမိနိုင်သလောက် နှစ်အလိုက် ထည့်သွင်း ပြင်ဆင်ရန် လိုအပ်ပါသည်။ ပထမနှစ်အတွင်း ပြင်ဆင်ရန်မှာ စိုက်ကျင်းနှင့် အနီးပါတ်ဝန်းကျင် ဖြစ်ပါသည်။

ဒီတော့ ထိုမြေမျိုးတွင် စိုက်ကျင်းတူးရာတွင် အကျယ်၊ အနက် ဘယ်လောက်တူးရမယ် မြေဆွေး၊ နောက်ချေးဆွေး ဘယ်လောက်ထည့်ရမည်ဆိုတဲ့ ပုံသေနည်းနှင့် မထည့်ဘို့တော့ လိုအပ်ပါတယ်။

မြေက ရေလွယ်ကူစွာ မစိမ့်မစုပ်နိုင်တဲ့ မြေမှာလည်းစိုက်သေး၊ စိုက်ကျင်းက ၂ ပေ ပါတ်လည်မှ ၄ ပေ ပါတ်လည်မှ ဆိုပြီး တူးသေး၊ နောက်ချေးဆွေးတွေ မြေဆွေး ဘိုကာချီ လုပ်ပြီး အားရပါးရထည့်လို့ကတော့ စိုက်တဲ့အပင် သေဘို့သာ ပြင်တော့။

ရေမြုံပြီး ရေမစိမ့်နိုင်လို့ အပင်တဖြည်းဖြည်းသေတော့မှာ။ စိုက်စကတော့ စိမ်းလန်းဆိုပြေနေမှာ။ နောက်မှ တဖြည်း ဖြည်း အမြစ်တွေ၊ ဥတွေ ပုပ်ပြီးသေမှာလေ။ ဒီတော့မှ မြေကျင်းပြန်ဖော်ပြီး မြေဆွေးတွေထုတ်ပြစ်ရ အပင်ပြန်စိုက်ရနဲ့ အလုပ်က ရှုပ်ပြီး ရှေ့မရောက်နိုင်။

နောက်တစ်ခုက ထည့်တဲ့နွားချေး မြေဆွေးထဲမှာပါလာတဲ့ ပိုးတွေ၊ ရောဂါတွေက လျော်ဖြူပင်ကို ဒုက္ခပေးပြန်ပါလေ ရော။

ဒီတော့ ထိုကဲ့သို့သောမြေမျိုးမှာ မြေဖွဲ့စည်းပုံ ပြောင်းရန်သာ အလေးထား ဆောင်ရွက်စေလိုပါတယ်။ ဒါကတော့ သဲကြမ်း၊  ဖွဲပြာ၊ စပါးခွံ တို့ပါဘဲ။ မြေအဟာရအတွက်ကတော့ အပင်အန္တရယ်မဖြစ်ဘဲ ထိရောက်ပြီးသက်သာမှု ရှိသော ပစ္စည်းကိုသုံးပါလို့ အကြံပြုလိုပါတယ်။

အခြားမြေအမျိုးအစားကတော့ မိမိတို့ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသလို စိုက်ကျင်းတူးခြင်း မြေထည့်ခြင်း လုပ်ဆောင် သင့်ပါတယ်။

အဓိက ရေးလိုတာကတော့ သစ်ပင်စတင်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ချိန်မှစ၍ pH တိုင်းတားခြင်း၊ မြေအာဟာရ အခြေအနေ စစ်ဆေးခြင်းတို့အား မြေအသုံးချရေးသို့ ပေးပို့စမ်းသပ်စေလိုပါတယ်။ နှစ်ရှည်ပင်ဖြစ်ခြင်းကြောင့် စိုက်ပျိုး မြေတွင် လိုအပ်သော အဟာရများထည်သွင်းခြင်း၊ လျော့ချခြင်းများ ပြုလုပ်နိုင်ရန်ဖြစ်ပါသည်။ အချို့မှာ မိမိစိတ်ထင် ရာ၊ သူများပြောရာ၊ ကျင်းတူးစနစ် မြေခံထည့်သွင်းခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ ကြားသိနေရခြင်းပါ။ အပင်အတွက် မလိုအပ်ချိန်တွင် မြေဩဇာများ ထည့်သွင်းကျွေးမွေးနေခြင်းသည် အစားမစားတတ်သေးသော ကလေး ငယ်အား အတင်းအကျပ် ကျွေးမွေးနေသလိုပင် အကျိုးရှိ/မရှိ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပေသည်။

အလျင်းသင့်လို့ပြောပါရစေ။ ဘိုကာချီသမား သဘာဝမြေဩဇာ အသုံးပြုသူများ ခြံသန်ရှင်းရေး အလေးမထားသူများ ဆင်ခြင်ရန်ပါ။ မိမိလျော်ဖြူခြံအတွင်း ခုတ်ထွင်ရှင်းလင်းထားသော အပင်များ၊ ကိုင်းများ၊ ငုတ်များ၊ အမှိုက်များအား ခြံအတွင်းမထားဘဲ တူးဆွဖယ်ထုတ်ခြင်း မီးရှို့ခြင်း ပြုလုပ်ရန်ပါ။

ထို့အတူ လျော်ဖြူခြံအတွင်းနှင့် အနီးပါတ်ဝန်းကျင်တွင် ကျင်းများတူး၍ အမှိုက်ဆွေး မြေဆွေးများ တိရိစ္ဆာန် အညစ် အကြေးများ စုဆောင်းခြင်း၊ ဘိုကာချီမြေဩဇာပုံ ပြုလုပ်ခြင်း၊ အပင်ခြေအမှိုက်အုံခြင်းများ၊ စိုက်ကျင်းအတွင်း နောက်ချေးဆွေး၊ တိရိစ္ဆာန် အညစ်အကြေး မြေဆွေးများအား နေပြင်းပြင်းတွင် အခြောက်လှမ်းခြင်း၊ ပိုးမွားရောဂါ သတ်ဆေး ပက်ဖြန်းခြင်း၊ အမှုန့်အဖြစ် မဟုတ်ဘဲ အတုံးအခဲအဖြစ် ထည့်သွင်းခြင်းအား ရှောင်ရှားရန်လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ မှိုရောဂါများနှင့် လျော်ဖြူပင်၏ ဥမှစ၍ ပင်စည်သို့တိုင် ဒုက္ခပေးသည့် ဒေသအခေါ် ပိုးကြီး (ဖိုးလမင်းကျိုင်း လောက်ကောင်) ရဲ့ဖျက်စီးမှုပါ။ ထို ဖိုးလမင်းကျိုင်း လောက်ကောင်များက နောက်ချေး မြေဆွေးနှင့် အစိုဓာတ်များသော မြေများတွင် နေထိုင်ကျက်စားတတ်၍ မြေဆွေးများအဖြစ် အသုံးပြုလိုလျှင် ဇကာများဖြင့် စစ်ချပြီးမှ သုံးစွဲသင့်ပါတယ်။ ဖိုးလမင်းကျိုင်းဘဝတွင် အရွက်များကိုက်ဖြတ်ဖျက်ဆီးပြီး လောက်ကောင်များသည် မြေကြီး အတွင်းနေထိုင်၍ အပင်၏ အစိတ်အပိုင်းများအား စားသောက်ဖျက်ဆီးခြင်းပါ။

ထိုပိုး၏ ဘဝစက်ဝန်းအတွင်း ဖျက်ဆီးမှုဆိုးဝါး၍ ကျိုင်းများ၊ လောက်ကောင်များ ခိုအောင်းနိုင်သော အခြေအနေများ အား ရှောင်ကျဉ်ရန် လိုအပ်ပါသည်။ ထိုပိုးနှင့်အလားတူ ဖျက်ဆီးမှုပြင်းထန်သော ပင်စည်ထိုးပိုးသည်လည်း ဖိုးလမင်း ကျိုင်းကဲ့သို့ နေထိုင်စားသောက်ဖျက်ဆီး၍ ခြံသန့်ရှင်းရေးနှင့် မြေဆွေးပုံ အမှိုက်ပုံ သစ်တုံးသစ်မြစ် သစ်ကိုင်းဆွေးများ အား အစဉ်တစိုက် ရှင်းလင်းဖယ်ရှားရန်ပါ။ သဘာဝမြေဆွေးကို အားထားသူများအတွက် သတိပြုရန်ပါ။

လျော်ဖြူပင်သည် စိုက်ပျိုးသူများအတွက် အခက်အခဲ စိတ်ညစ်ညူးမှု မပေးဆုံးအပင်ဖြစ်ပြီး လက်ရှိအချိန်တွင် အကျိုး အမြတ် များစွားပေးနိုင်သော ထားသလိုနေသော ထူပေဒါဏ်ပေခံနိုင်သည့် အပင်မျိုးဆိုတာ စောစီးစွာစိုက်ထားသူများ ထံ သွားရောက်လေ့လာ မြေမြန်းစေလိုပါသည်။

လက်ရှိ လျော်ဖြူစိုက်ပျိုးနေသူများအနက် အများစု (စိုက်ဧကမဟုတ်) သည် တောင်သူလယ်သမား အသိုင်းအဝန်းမှ ဖြစ်ပြီး မိမိစိုက်ပျိုးသည့်အပင်အား မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို အကြမ်းဖျဉ်း သိထားကြပြီးပါ။ ရေမရသော နေရာဒေသတွင် မြေအစိုဓာတ်ရအောင် ထိန်းသိမ်းသော နည်းများဖြစ်တဲ့ ထယ်ရေးဝင်ခြင်း၊ ကြမ်းဖုံးခြင်းများ လုပ်ကိုင် ဆောင်ရွက်ရန် နားလည်ထားပြီးဖြစ်ရာ ရေမရနိုင်သောဒေသတွင် ရေရရှိရန် ကြိုးစားနေခြင်း ရေသွင်းရန် မလိုအပ် သော်လည်းရေ ပေးသွင်းရန် ကြိုးစားနေမှုများ ရှိနေကြရာ ရေအား မလိုအပ်ဘဲ မပေးသွင်းရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ရေအမြဲတမ်းပေးသွင်းမှု ပြုလုပ်နေမည်ဆိုပါလျှင် သာမန်မြေတွင်ပင် ဆားပေါက်မြေ ဖြစ်လာ တတ်ရာ လက်ရှိစိုက်ပျိုးသူ အများဆုံးဒေသမှာ မိုးခေါင်ရေရှားရပ်ဝန်းဒေသ မြေအောက်ရေသုံးစွဲမှုတို့သည် ဆားပေါက် မှုကို ပိုမိုဖြစ်ပေါ်စေပါသည်။ မြောင်းများ၊ ပင်ခြေဖွဲ့ရေသွင်းခြင်းထက် တစ်ကွင်းလုံးရေသွင်းခြင်းက ပိုမိုဖြစ်ပေါ်စေ ပါသည်။

ဤတွင် အညာဒေသတွင် မြစ်ချောင်းအင်းအိုင်ရေ အသုံးပြုသူနှင့် အခြားဒေသမှ မြေအောက်ရေ၊ မြစ်ချောင်း အင်းအိုင် ရေ အသုံးပြုသူများက မေးလာနိုင်ပါသည်။ ဒို့ရောမဖြစ်နိုင်ဘူးလားလို့ ဖြစ်ပါတယ်။ အနှေးနှင့် အမြန်သာလို့ ပြောပါ ရစေ။

သို့ဖြစ်၍ မိမိတို့ဒေသအလိုက် ရာသီဥတု၊ ရေ၊ မြေ နှင့်ကိုက်ညီသော စိုက်ပျိုးနည်းစနစ်အား ဆောင်ရွက်ရန်လိုပေသည်။ သူတို့က (၁၅ပေ) ပါတ်လည်မို့ သူတို့က (၂၀ပေ) မို့ (၂၅ပေ) ပါတ်လည်မို့ဟု ပြောဆိုနေခြင်းထက် သင့်တော်သော စိုက်စနစ်ကို ရွေးချယ်စိုက်ပျိုးသွားရန်လိုပြီး မိမိလုပ်ဆောင်ချက် အမှားအမှန်ဒါဏ်မှာ မိမိသာခံစားစံစားရပေလိမ့်မည်။

လျော်ဖြူစိုက်ပျိုးသူများ အသင်းအဖွဲ့များအနေဖြင့် နည်းပညာတိုးတက်မြင့်မားရေးအား အလေးထားလုပ်ဆောင်ရန် အချိန်ရောက်နေပေပြီ။ စျေးကွက်….စျေးကွက် အော်နေခြင်းနှင့်အတူ နည်းပညာနှင့်ဆိုင်သော လေ့လာမှု သုတေသနပြု ခြင်းများကိုလည်း ပြုလုပ်၍ နည်းပညာများအားUPDATE ဖြစ်အောင် လုပ်ဆောင် ဖြန့်ဖြူးနိုင်ပါစေလို့

ဆန္ဒပြုရင်း………

ဦးသက်လွင် (ထန်းညီနောင်ပျိုးဥယျာဉ်)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်