တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း - ၁
စာရေးသူအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်၊ တရုတ်နိုင်ငံ Shaanxi ပြည်နယ်၊ Yangling Agricultural Hi-tech Demonstration Zone တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၂၂ ရက်အထိကျင်းပပြုလုပ်သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသားစားနွားမွေးမြူရေး နှင့်၊ နို့စားနွားမွေးမြူရေး ဘက်စုံနည်းပညာဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ တာဝန်ပေး ချက်အရ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။
ဆွေးနွေးပွဲအတွင်း ရန်းလင် သက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ် (Yangling Vocational and Technical College) တိရစ္ဆာန်ဆေးသိပ္ပံကျောင်းမှ ပါမောက္ခ ဒေါက်တာရှန်းဝမ်ကျန်း (Shen Wen Zheng) က တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဆိုင်ရာ သင်ခန်းစာများကို ဆွေးနွေးပို့ချပေးခဲ့ပါသည်။ ထိုသို့ပို့ချရာတွင် တရုတ်နိုင်ငံ၌ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန် မွေးမြူရေးတိရစ္ဆာန်အာမခံစနစ် (Livestock Insurance System) ကို ဖော်ဆောင်ကျင့်သုံးကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
ပါမောက္ခရှန်းက ဥပမာပေးဆွေးနွေးရာတွင် စီချွမ်းပြည်နယ်တွင် နွားတစ်ကောင်အတွက် အာမခံအကာအကွယ် (ပေါ်လစီ/Insurance Policy) ဝယ်ယူထားမည်ဆိုပါက အာမခံကြေး (ပရီမီယမ်/Premium) မှာ ယွမ် ၂၅၀ ကျသင့်ပြီး Inner Mongolia ပြည်နယ်တွင် ယွမ် ၄၀၀ ကျသင့်ကြောင်း၊ ယင်းသို့ အာမခံအကာအကွယ် ဝယ်ယူထားသော နွားတစ်ကောင်အား တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး လိုအပ်ချက်များအရ ဖျက်စီးပစ်ရမည် (ဥပမာ တီဘီ ရောဂါပိုး၊ ဘရူဆဲလားသားလျှောရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယင်းတိရစ္ဆာန်ကိုသုတ် သင်ရှင်းလင်းဖျက်ဆီးခြင်း) ဆိုပါကလည်းကောင်း၊ သို့မဟုတ် မွေးမြူသူ၏ တာဝန်ရှိမှုမပါဘဲ အခြားအကြောင်း တစ်ခုခု (ဥပမာ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း) ကြောင့် သေကြေ ပျက်စီးသွားလျှင်သော်လည်းကောင်း၊ အာမခံလျော်ကြေး(indemnity) အဖြစ် ယွမ် ၅၀၀၀ ရရှိနိုင်မည်ကြောင်း သိရှိခဲ့ရပါသည်။
တရုတ်နိုင်ငံ၏ မွေးမြူရေးအာမခံစနစ်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး ဆက်လက်လေ့လာသင့်သည့် အကြောင်းအရာ တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ ပါမောက္ခရှန်းနှင့် စာရေးသူတွေ့ဆုံခွင့် ရရှိခဲ့သည့် အခြားသော ပညာရှင်များအား ဆွေးနွေးမေးမြန်းချက်အရ တရုတ်နိုင်ငံတွင် မွေးမြူရေးအာမခံစနစ်အပြင် သီးနှံအာမခံစနစ်၊ ရေလုပ်ငန်း အာမခံစနစ်တို့ပါ အကျုံးဝင်သည့် ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေးအာမခံစနစ် (Sustainable Agricultural Insurance System) တစ်ရပ်ကို အချိန်ယူ တည်ဆောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပြီ ဖြစ်ပြီး၊ လက်ရှိတွင်လည်း အဆင့်ဆင့်ထပ်မံဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်သုတေသနပြု တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။
မြန်မာနိုင်ငံအပါအဝင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ် တည်ထောင်ဆောင်ရွက်မှု အတွေ့အကြုံများကို လေ့လာခြင်းဖြင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော အာမခံစနစ်များကို ဖော်ဆောင်ရာတွင် အထောက်အကူပြုမည်ဟု ယူဆမိပါသည်။ အထူးသဖြင့် စာရေးသူတို့ မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍသစ်ကို ဖွင့် လှစ်ဆောင်ရွက်သည့်အခါ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်လည်း လိုအပ်ကောင်းလိုအပ်လာမည် ဖြစ်ပါသည်။ လတ်တလော မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေသော ရေကြီးနစ်မြုပ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးနေကြရပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလည်း များစွာ ထိခိုက်ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် အနာဂတ်မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍအာမခံစနစ် လိုအပ်လိမ့်မည်ဟူသော ယူဆချက်မှာ ပိုမိုခိုင်မာလာပါသည်။
သို့ဖြစ်ရာ လက်ငင်းအသုံးချ၍ မရသည့်တိုင်၊ အနာဂတ်အတွက် ကြိုတင်စဉ်းစားကာ စိတ်ကူးသစ်များ ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်အကြောင်းကို စာရေးသူ လေ့လာမိသမျှ စုစည်း၍ တင်ပြသွားလိုပါသည်။
စိုက်ပျိုးမွေးမြူရေး အာမခံစနစ်လိုအပ်ရခြင်း အကြောင်းအရင်း
သိပ္ပံနည်းကျ လေ့လာမှုရလဒ်များအရ ကမ္ဘာတဝန်းတွင် ရာသီဥတုပြောင်းလဲမှု (climate change) နှင့် အရင်းအမြစ်များရှားပါးလာမှု(resource scarcity) ပြဿနာများကို ကြုံတွေ့ရသည့် အကြိမ်ရေ ပိုမိုမြင့်မားလာနိုင်သကဲ့သို့၊ ယင်းတို့၏ သက်ရောက်မှုမှာလည်း ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်ကို သိရှိထားကြပြီး ဖြစ်ပါသည်။ ယင်းတို့၏ အကျိုးဆက်အနေဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးကဏ္ဍတွင် မသေချာမရေရမှု (uncertainty) ကို ပိုမိုမြင့်မားလာစေပြီး အခြားသော ဘေးဒုက္ခ (risk) များပါ ဖြစ်ပေါ်လာရန် ဦးတည်လျက်ရှိပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UN FAO) က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် The impact of disasters and crises on agriculture and food security: 2021 အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုကြောင့်ဖြစ်ပေါ်သော သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်ရသည့် စီးပွားရေးဆိုင်ရာ ဆုံးရှုံး မှုများအနက် ၆၃ ရာခိုင်နှုန်းမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် မဖြစ်မနေကြုံတွေ့လာနိုင်သည့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်သကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း ယင်းဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအရ ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်ထားနိုင်မည့် အစီအမံများ ကြိုတင်စီမံ ထားရှိရန် လိုအပ်လာပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်ကို ယင်းအစီအမံများအနက်မှ ထိရောက်သည့် အစီအမံတစ်ခုအဖြစ် အသုံးချနိုင်မည် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင် တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှ စတင်ကာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုလည်း ကြီးမားစွာ ပြောင်းလဲခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးစနစ်ကို ခေတ်မီအောင်ဆောင်ရွက်ရာတွင် တိရစ္ဆာန်များနှင့် စိုက်ပျိုးသီးနှံများတွင် ရောဂါပိုးမွှားများ ကျရောက်ခြင်း၊ သဘာဝအရင်းအမြစ်များ ခမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင်ညစ်နွမ်းမှုများ ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို အဓိကကျသော စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်ခဲ့ရပါသည်။

ယင်းစိန်ခေါ်မှုများကို စိုက်ပျိုးမွေးမြူသူများ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ခံနိုင်ရည်(resilience) ကို တည်ဆောက်ပေးရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ လာလတ္တံသော ဘေးအန္တရာယ်များအတွက် ကြိုတင်စီမံထားခြင်း (plan)၊ ဘေးအန္တရာယ်ကျရောက်ခါနီးတွင် ကြိုတင်ပြင်ဆင်ခြင်း (prepare)၊ ရင်ဆိုင်ဖြတ်သန်းခြင်း (absorb)၊ ပြန်လည်ထူထောင်ခြင်း (recover) နှင့် ပြောင်းလဲလာသည့်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း (adapt) များ ဖော်ဆောင်ပေးရမည် ဖြစ်ပါသည်။
ထိရောက်သော စိုက်ပျိုးမွေးမြူရေး အာမခံစနစ် ဖော်ဆောင်ထားရှိခြင်းဖြင့် ယင်းအဆင့်အားလုံးကို စနစ်တကျ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ထိုအခြေအနေများကြောင့် နိုင်ငံများအနေဖြင့် မိမိတို့တိုင်းပြည်အလိုက် စိုက်ပျိုးမွေးမြူရေးအာမခံစနစ်များ ဖော်ဆောင်ထားရှိရန် လိုအပ်လာပါသည်။ အထူးသဖြင့် အာရှဒေသတွင် ယင်းစနစ်မျိုး ပိုမိုလိုအပ်လျက်ရှိသည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း အာရှ-ပစိဖိတ်ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးအာမခံစနစ်များ ကို အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက စတင်လုပ်ဆောင်လာကြပြီး တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာသည့်အပြင် လျင်မြန်စွာ ကျယ်ပြန့်လာသည်ကိုလည်း တွေ့ရှိရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၂၁ ခုနှစ်တွင် ထောက်ပြခဲ့ပါသည်။
ထိုသို့ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် ဖွံ့ဖြိုးပြောင်းလဲလာရာတွင် တရုတ်နိုင်ငံသည် အလွန်လျင်မြန်သည့် အရှိန်ဖြင့် ဖွံ့ဖြိုးလာနေပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းဈေးကွက်တွင် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ နောက်မှကပ်လျက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။
အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါဦးမည်..
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ညိုထွန်းနောင်
လွန်ခဲ့သော ၂ နှစ် ကCopy ကူးပြီး facebookမှာ တင်ပါရစေ
ဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 0 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 0 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 0 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Khaing Kyi Thit
အားလုံး