တီလားပီးယားငါး သားဖောက်နည်း

03/02/2022 18:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

တီလားပီးယားငါးဟာ စျေးကွက်ရှိတဲ့ငါးဖြစ်ပြီး သားဖောက်မွေးမြူလို့ရတဲ့ငါးမျိုးဖြစ်တာကြောင့် စီးပွား ဖြစ်မွေးမြူလိုတဲ့သူတွေအတွက် သားဖောက်နည်းကို ပြောပြပေးသွားပါ့မယ်..။

(က) အရွယ်ရောက်ခြင်း

            တီလားပီးယားငါးဟာ အသက် ၅ လကနေ ၆ လအတွင်း အရွယ်ရောက်ပါတယ်..။ မျိုးပွား မိတ်လိုက်ဖြစ်စဉ်မှာ အထီးဟာ ကန်အောက်ခြေမြေပြင်မှာ ကျင်းခပ်(အသိုက်လုပ်) တဲ့ အလေ့အထ ရှိပါတယ်..။ အမကတော့ အသိုက်မှာ ဥချပြီး အထီးက မျိုးရည်ဖြန်းကာ သန္ဓေအောင်စေပါတယ်..။ အမကတော့ သန္ဓေ အောင်ဥတွေကို ငုံထားပြီး သားထိန်းစောင့်ရှောက်ပေးပါတယ်..။

(ခ)သားဖောက်ခြင်း

         တီလားပီးယားငါးသားဖောက်ဖို့ မြေကန်၊ ကွန်ကရစ်ကန်နဲ့ ပိုက်လှောင်အိမ် (Hapa)များကို အသုံးပြုနိုင်ပါတယ်..။ အမ ၂ ကောင် ၊ အထီး ၁ ကောင်အချိုးဖြင့် ထည့်သွင်းသားဖောက်နိုင်ပါတယ်..။ 

မြေကန်   - ၆ ပေ x ၄ ပေ x ၄ ပေ (တစ်ပိုင်တစ်နိုင်)

                        - ၅၀ ပေ x ၂၅ ပေ x ၄ ပေ(တစ်ပိုင်တစ်နိုင်)

                        - ၁၂၀ ပေ x ၆၀ ပေ x ၄ ပေ (စီးပွားဖြစ်)

ကွန်ကရိကန်      - ၃၀ ပေ x ၂၇ ပေ x ၃ ပေ

ပိုက်လှောင်အိမ်(Hapa)  - ၆ ပေ x ၃ပေ x ၃ပေ တို့ ရှိရပါမယ်..။ 

မျိုးငါးများထည့်သွင်းပြီး ၁၀ ရက်ကနေ ၁၅ ရက်အကြာမှာ သားပေါက်ပြီး မျိုးစတင်စုဆောင်းနိုင်ပါတယ်..။ စတင်သားပေါက်ပြီး ၂ ပတ်ကနေ ၄ ပတ်ကြာရင် နောက်တစ်ကြိမ် ပြန်လည်သားဖောက်နိုင် ပါတယ်..။

၁၀၀ ဂရမ် (၆ ကျပ်သား) အလေးချိန်ရှိတဲ့ တီလားပီးယားမျိုးငါးအမတစ်ကောင်ဟာ  တစ်ကြိမ်ကို ဥလုံးရေ (၁၀၀)ခန့် ဥချတတ်ပါတယ်..။

အုတ်ကန်နဲ့ သားဖောက်မယ်ဆိုရင် ရေဟောင်းထုတ်ပြီး ရေသစ်လဲပေးခြင်း ပြုလုပ်ရပါမယ်..။ ပိုက်လှောင်အိမ်နဲ့ သားဖောက်ရာမှာ ၅ ရက်တစ်ကြိမ် မျိုးငါးများမှ ဥများစုဆောင်းယူနိုင်ပြီး သားပေါက် ထုတ်လုပ်မှု ပိုမိုကောင်းမွန်ပါတယ်..။

(ဂ)ငါးမှုန်ပြုစုကန်

ငါးမှုန်ပြုစုကန်ရဲ့အနက်ဟာ ၂ ပေ ကနေ ၃ ပေ အတွင်းရှိသင့်ပါတယ်..။ ပြုစုကန် ၁ ဧကလျှင် ကန် ရဲ့မြေအမျိုးအစားနဲ့  မြေသားချဉ်ဖန်နှုန်းပေါ်မူတည်ပြီး ထုံးပိဿာချိန်(၆၀-၃၀၀)ထည့် သွင်းပေးရန် လိုအပ်ပါတယ်..။

ထုံးဟာ ကန်အတွင်းရှိ သားစားငါးနဲ့ ရေပိုးများကို ရှင်းလင်းနိုင်ပြီး ကန်အောက်ခြေ အချဉ်ဓာတ် ပေါက် နေမှုကို ပျက်ပြယ်စေနိုင်ပါတယ်..။ ထုံးထည့်ပြီး ၂-၃ ရက်အကြာမှာ နွားချေး၊ ကြက်ချေး (သဘာဝ သြဇာ) များကို တစ်ဧကလျှင် တင်း ၁၅၀ နှုန်းဖြင့် ဖြန့်ဖြူးထည့်သွင်းပေးရပါမယ်..။

သဘာဝသြဇာများဟာ ကန်အတွင်းရှိ ငါးတို့ရဲ့ သဘာဝအစာ (အပင်မျှောလှေး၊အကောင်မျှောလှေး) များကို ပေါက်ပွားစေပါတယ်..။

အဲ့ဒီနောက် ကန်အတွင်းရေကိုစစ်ပြီး ထည့်သွင်းပေးမယ်ဆိုရင် တစ်ပတ်ခန့်ကြာပါက ကန်ရေစိမ်း လာပြီး သဘာဝအစာများ  ရရှိ၍ ငါးသားပေါက်များ ထည့်သွင်းနိုင်ပါတယ်..။

(ဃ)ငါးမှုန်ပြုစုခြင်း

တီလားပီးယားငါးမျိုးများဟာ အကောင်ပေါက်ပြီး အတူပါရှိလာတဲ့ ဥနှစ်(Yolk Sac) ကုန်ဆုံးချိန်မှာ အစာစတင် ကျွေးနိုင်ပါတယ်..။ ဥမှပေါက်၍ ရေစတင်ကူးခပ်စဉ် ၉ မီလီမီတာထက် ငယ်သောအရွယ်များ ဖြစ်ပါတယ်..။

ပထမဦးစွာ အသားဓါတ်(၂၅ -၂၈%)ပါဝင်တဲ့ စပ်စာမှုန့်(ဖွဲနု၊ ပဲဖတ်၊ ငါးပေါင်းမှုန့်) ‌တွေကို ကိုယ်  အလေးချိန်ရဲ့ ၂၀ - ၃၀% ကျွေးမွေးရမှာဖြစ်ပြီး ဖြည်းဖြည်းချင်း ၁၀ - ၂၀% အထိ လျော့ချ၍ ၄ ပတ်ကြာ ကျွေးမွေး ပြုစုရမှာဖြစ်ပါတယ်..။

အစာကိုတော့ တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ ခွဲကျွေးရပါမယ်..။ ကန်အနှံ့ အစာကြဲပက်ပြီး ကျွေး ဖို့ လိုအပ်ပါတယ်..။ ငါးသားပေါက်များဟာ ၄ ပတ်အကြာမှာ ၀.၄ ဂရမ်အထိ ကြီးထွားနိုင်ပါတယ်..။

သားပေါက်ငါးမှုန်တွေကို ကွန်ကရစ်ကန်(သို့) ပိုက်လှောင်အိမ်မှာ ၃ ပေပတ်လည် အကျယ်အတွင်း ကောင်ရေ (၄၀၀၀)နှုန်း ထည့်သွင်းပြုစုနိုင်ပါတယ်..။ ရေအရည်အသွေးကောင်းတဲ့ မြေကန်မှာ ၃ ပေ ပတ်လည်မှာ (၁၀၀၀ဝ -၂၀၀၀၀)အထိ ထည့်သွင်းပြုစုနိုင်ပါတယ်..။

ရေးသားသူ - ပင်လယ်ပြာ(ငါးဦးစီး)

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်