တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဖေဖေါ်ဝါရီလ၊ ၂၀၂၀)

03/02/2020 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မိုးကြိုစပါးနှင့် မိုးကြိုယာသီးနှံများနှင့်ပတ်သက်လို့ နှိုးဆော်လိုသည်များကို ဖေါ်ပြလို ပါသည်။ ရာသီဥတုမှာ ဖေဖေါ်၀ါရီလတွင် အအေးစတင်လျော့တော့သည်။ မိုးကြိုသီးနှံများ အထူးသဖြင့် ပဲတီစိမ်း၊ နှမ်းလျင်နှင့် အခြားမိုးကြိုယာသီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ 

   မိုးကြိုရာသီစိုက် ယာသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ စသည့်သီးနှံများ ပါဝင်သည်။ မိုးရာသီချိန်မဟုတ်သဖြင့် မိုးကိုမျှော်ကိုးလို့မရပါ။ မိုးကြိုသီးနှံများ စိုက်ပျိုး အောင်မြင်ရန် လိုအပ်သော ရေအစိုဓာတ်အတွက် သွင်းရေကိုသာ အားကိုးရမည်။ ဆည်ရေ၊ မြစ်ချောင်းရေ စသည်တို့ သေချာသည့်နေရာတွင် သီးနှံများကို စိုက်ပျိုးရန်ဖြစ်ပါသည်။ 

   ယာသီးနှံများသည် စပါးသီးနှံနှင့်အကြိုက်မတူပါ။ အပင်ခြေရေဝပ်ခြင်းကို လုံးဝမကြိုက်သည့် သီးနှံများဖြစ်သည်။ သို့သော် အဆိုပါသီးနှံများကို စိုက်ပျိုးရန် မြေအစိုဓာတ်လိုသည်။ ထွန်ရေးပြုပြင်ဖို့ ရေသွင်းရန်လိုသည်။ သီးပွင့်ရန် အစိုဓာတ်လိုချိန် ရေသွင်းပေးရန်လိုသည်။ အနည်းဆုံး ထိုနှစ်ချိန်တွင် မြေတွင်းအစိုဓာတ်တည်ရှိနေရေး ချိန်ဆပြီး ရေသွင်းပေးရန် လိုပါသည်။

ချဉ်ပေါင်လျှော်သီးနှံ

   မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် တစ်ချိန်က ထင်ရှားသည့် မိုးကြိုသီးနှံရှိခဲ့သည်။ ယခုမူ ပျောက်ကွယ်သလောက်ရှိကြောင်း သိရသည်။ ဂုန်လျော်သီးနှံဖြစ်သည်။ ဂုန်လျော်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးသည်။ ဇွန်လတွင် ရိတ်သိမ်းသည်။ ပြီး မိုးစပါးကို ဆက်လက်စိုက်ပျိုးသည်။ မိုးကြိုနှင့် မိုးရာသီကိုအသုံးချပြီး ဂုန်လျော်-စပါးသီးနှံပုံစံကို တစ်ချိန်က စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါသည်။

   ယခုအခါ ဂုန်လျှော်သီးနှံကဲ့သို့ ချဉ်ပေါင်လျှော်သီးနှံသည် မိုးကြိုရာသီတွင် စိုက်ပျိုးသင့် သည့် သီးနှံတစ်မျိုးဖြစ်လာကြောင်း သိရသည်။ ချဉ်ပေါင်လျှော်သီးနှံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ မျိုးနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက် သုတေသနပြုနေကြောင်း သိရသည်။ နွေစပါးမစိုက်ပျိုးသည့် နေရာများတွင် စမ်းသပ်စိုက်ပျိုး အောင်မြင်စေလိုပါသည်။

နှမ်းလျင်သီးနှံ

   မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံများစွာရှိသည်။ ပထမဦးဆုံး နှမ်းလျင်သီးနှံကို ဖေါ်ပြလိုသည်။ နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့်ဇွန်လတွင် မိုးစပါးကို ပုံမှန် စိုက်ပျိုးနိုင်သည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူး ကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြိုနှမ်းလျင်သီးနှံပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်ပါသည်။

ပဲတီစိမ်းသီးနှံ

   ဒုတိယဖေါ်ပြလိုသည်မှာ ပဲတီစိမ်းသီးနှံဖြစ်သည်။ ပဲတီစိမ်းသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

   တတိယဖေါ်ပြလိုသည်မှာ ချည်မျှင်ရှည်ဝါသီးနှံဖြစ်သည်။ မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လဖြစ်သည်။ ဇူလိုင်လဆိုလျှင်လည်း မိုးစပါးအတွက် စိုက်ချိန်နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ- မိုးစပါးသီးနှံပုံစံကို ချမှတ်ဆောင်ရွက်နိုင်ပါသည်။

အခြားယာသီးနှံများ

   ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငြုပ် စသည့်သီးနှံများဖြစ်သည်။ စပါးသီးနှံနှင့်နှိုင်းစာလျှင် ယာသီးနှံက ရေလိုအပ်မှုနည်းသည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝ မပေးနိုင်သည့် ဒေသများတွင်  ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။ 

   မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် ယာသီးနှံတစ်မျိုးမျိုးကို ချိန်ဆစိုက်ပျိုးစေလိုပါသည်။

   စိုက်ပျိုးသမျှသီးနှံတိုင်းက ပုံမှန်အထွက်ကိုပေးနိုင်ဖို့ သီးနှံအလိုက် စိုက်ချိန်တွေ မှန်ဖို့လို သည်။ မျိုးရွေးချယ်မှု မှန်ဖို့လိုသည်။ သက်တမ်းတို အထွက်ကောင်းမျိုးများကိုသာ အသုံးပြုစိုက်ပျိုးသင့်သည်။ မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ဖို့ မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ကြောင်း အသိပေးလိုပါသည်။

   ထို့ပြင် မျိုးကောင်းမျိုးသန့်ကို အသုံးပြုသင့်သည်။ မစိုက်ပျိုးမီ အပင်ပေါက်ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ အပင်ငယ်သန်စွမ်းမှု စွမ်းအင်ကောင်းသောမျိုး ဖြစ်သင့်သည်။ မျိုးစေ့ဆောင်ရောဂါများ ကပ်ငြိပါမလာသောမျိုး ဖြစ်သင့်သည်။ ဤအချက်များသည် အမြဲတမ်းသိရှိရွေးချယ် လိုက်နာသင့်သည့်အချက်များပင်ဖြစ်ပါသည်။ 

စပါးသီးနှံ 

   မိုးကြိုသီးနှံများတွင် စပါးသီးနှံကိုလည်း ထည့်သွင်းလိုသည်။ မိုးကြိုစပါးဟု ခေါ်ဝေါ်လျှင် သိချင်မှသိကြမည်။ နွေစပါးဆိုလျှင် လူတိုင်းသိသည်။ နွေစပါးသာဆိုသည် ရေကျနောက်စိုက်၊ မုရင်း၊ သွင်းရေအမျိုးမျိုးဖြင့် စိုက်ပျိုးသည့်စပါးမှန်သမျှ နွေစပါးဟုခေါ်ဝေါ်နေခြင်းဖြစ်သည်။ မိုးစပါးမဟုတ်လျှင် နွေစပါးဟု ခေါ်ဝေါ်သည့်အလေ့အထက ကြာခဲ့ပေပြီ။ နွေစပါးအမျိုးအစားထဲတွင် မိုးကြိုစပါးလည်း ပါဝင်နေသည်ဟု ပြောလိုပါသည်။

   ဖေဖေါ်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးတာဖြစ်လို့ မိုးကြို စပါးလို့ ခေါ်ဝေါ် ခြင်းဖြစ်သည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်းဖြစ်သည်။ သို့သော် မတ်လနှင့် ဧပြီလတို့တွင်မှ အများစုကစိုက်ပျိုးတာတွေ့ရသည်။ အထက်တွင်ဖေါ်ပြခဲ့သကဲ့သို့ မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက် နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖေါ်ဝါရီလမှာ စပါးစတင်စိုက်ပျိုးပါလို့ ပြောရခြင်းဖြစ်ပါသည်။

   ဖေဖေါ်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကိုချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှုနည်းသည်။ အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့်ခြောက် တစ်ခါရေသွင်းစနစ်(Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ခြင်းဖြင့် သွင်းရေကိုလည်း ချွေတာနိုင်ပါသည်။ 

   မိုးကြိုစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျှော့နည်းနိုင်သည်ကို သတိမူသင့်သည်။ ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေသည်။ စတင်စိုက်ပျိုးစဉ်ကပင် ထွန်ရေးတမန်းကောင်းအောင် ပြုပြင်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆင်းသီဟ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်