အပင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ် ၁၇ မျိုးနဲ့ တိရစ္ဆာန်အညစ်အကြေးများတွင် ပါသော အာဟာရဓာတ်များ

28/11/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (100)  The Fertilizers (Part - 3)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၀) မြေဩဇာများ အကြောင်း (အပိုင်း - ၃)

တောင်သူကြီးများ၊ လက်တွေ့လုပ်ကိုင်နေသူများ တိုက်ရိုက်အသုံးပြုနိုင်မည့် မြေဩဇာများအကြောင်း ယခုတစ်ပတ် ဆွေးနွေးပါမည်။ အခြေခံမြေဆီလွှာသိပ္ပံနှင့်မြေဩဇာများ အကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၈) နှင့် (၂၉) တွင် မိတ်ဆက်တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ သို့သော် တောင်သူကြီးများ လက်တွေ့အသုံးချနိုင်ရန် အသေးစိတ် ထပ်မံဆွေးနွေးကြည့်ရအောင်ပါ။ 

မြေဩဇာဆိုသည်မှာ အပင်များအတွက် မြေဆီလွှာအာဟာရဓာတ် တိုးတက်လာစေရန် မြေကြီးအတွင်းသို့ ထည့်သွင်းပေးရသော ပစ္စည်း (Substances which are to be added to the soil to increase its fertility) ကိုခေါ်ဆိုပါသည်။

တစ်နည်းအားဖြင့် အပင်ကြီးထွားမှုနှင့် အထွက်နှုန်းတိုးတက်စေရန် အပင်၏ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များကို မြေကြီး (သို့) အပင်ထဲသို့ ထည့်သွင်းပေးရသော ပစ္စည်းများ/ရောစပ်ထားသောအရာများ/အရည်များ (Substances or mixtures that are applied to soil or plants to provide essential nutrients that promote plant growth and increase crop yield) ဖြစ်ပါသည်။

မြေဩဇာများကို နှစ်ပိုင်းခွဲနိုင်ပါသည်။

(က) သဘာဝမြေဩဇာ/ဩဂဲနစ်မြေဩဇာ (Natural Fertilizer/Organic Fertilizer) နှင့်

ပုံ - ၁ သဘာဝ/ဩဂဲနစ်မြေဩဇာများ

(ခ) ဓာတ်မြေဩဇာ/လူကပြုလုပ်ဖန်တီးသောမြေဩဇာ/အင်အော်ဂဲနစ်မြေဩဇာ (Chemical Fertilizer/Artificial or Synthetic Fertilizers/Inorganic Fertilizer) ဟူ၍ဖြစ်ပါသည်။

ပုံ - ၂ ဓာတ်မြေဩဇာ/အင်ဩဂဲနစ်မြေဩဇာများ

ပထမဦးစွာ အပင်များသည် မည်သည့် အဟာရဓာတ်များလိုအပ်နေသည်ကို သိရှိရပါမည်။

အပင်များအတွက် အဟာရဓာတ် ၁၇-မျိုးလိုအပ်ပါသည်။ ၎င်းတို့မှာ -

(၁) ဟိုက်ဒြိုဂျင် (Hydrogen – H2) 

(၂) အောက်ဆီဂျင် (Oxygen – O2)

(၃) ကာဗွန် (Carbon - C) ဤ သုံးမျိုးမှာ ရေနှင့်လေတွင် လုံလောက်စွာရှိပါသည်။ အပင်အစာချက်လုပ်ရန် (Photosynthesis)၊ ပြီးမှ ကာဗိုဟိုက်ဒြိတ် (Carbohydrate) စသည်တို့ တည်ဆောက်ရန်လိုအပ်ပါသည်။ 

ပုံ - ၃ အပင်အခြောက် အလေးချိန်/ကာဘိုဟိုက်ဒြိတ်ကိုပေးသောအဟာရဓာတ် (၃) မျိုး

(၄) နိုက်တြိုဂျင် (Nitrogen – N) အမိုင်နိုအက်ဆစ်ဖြစ်ပေါ်မှု၊ ပရိုတင်းနှင့် အပင်အစိမ်းရောင်ခြယ် ကလိုရိုဖီးလ်များဖြစ်ပေါ်မှုအတွက် လိုအပ်ပါသည်။ (Essential for the formation of Amino Acids, Protein and Chlorophyll)

ပုံ - ၄ စပါးပင်တွင် နိုက်တြိုဂျင်ဓာတ်ချို့တဲ့မှုကိုနှိုင်းယှဉ်ပြပုံ 

(၅) ဖော့စဖောရပ် (Phosphorus - P) စွမ်းအင်ပြောင်းလဲမှုနှင့် အရေးပါသော ဓာတ်သိုလှောင်ထားမှုအတွက် အရေးကြီးသောဓာတ်ဖြစ်ပြီး အမြစ်ကြီးထွားမှုနှင့် ပန်းပွင့်စေပါသည်။  (Important for energy transfer and storage (adenosine tryphosphate – ATP, Root Development and Flowering)

ပုံ - ၅ ပြောင်းဖူးပင်တွင် ဖော့စဖောရပ်ဓာတ်ချို့တဲ့မှု  

(၆) ပိုတက်ဆီယမ် (Potassium - K) အင်ဇိုင်းလှုပ်ရှားမှု၊ အပင်မှရေကိုစုပ်ယူမှု၊ အပင်ကြီးထွားမှုဖြစ်စဉ်များအတွက် အရေးပါသောဓာတ်ဖြစ်သည်။ (Plays a crucial role in enzyme activation, water uptake, and overall plant metabolism)

ပုံ - ၆ မြေပဲပင်တွင် ပိုတက်ဆီယမ်ဓာတ်ချို့တဲ့မှု  

ဤ သုံးမျိုး (N,P,K) မှာ အပင်အတွက် အများလို အာဟာရဓာတ် (Macro Nutrient Elements) ဖြစ်ပါသည်။

(၇) ကယ်လ်ဆီယမ် (Calcium - Ca) ဆဲလ်နံရံကြံ့ခိုင်မှု၊ အမြှေးပါးလှုပ်ရှားမှု၊ အပင်ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းများတွင် ပါဝင်သောဓာတ်ဖြစ်ပါသည်။ (Involved in cell wall structure, membrane integrity, and various metabolic processes)

(၈) မဂ္ဂနီဆီယမ် (Magnesium - Mg) ကလိုရိုဖီးလ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အစာချက်လုပ်မှုအတွက်အရေးပါသည်။ အင်ဇိုင်းလှုပ်ရှားမှုအတွက်လည်း အရေးပါသောဓာတ်ဖြစ်သည်။ (A component of chlorophyll, essential for photosynthesis, and involved in enzyme activation)

(၉) ဆာလဖာ (Sulphur - S) အမိုင်နိုအက်ဆစ်၊ ပရိုတင်း၊ ဗိုက်တာမင် ဖြစ်ပေါ်ရန် အရေးပါသော ဓာတ်တစ်ခုဖြစ်သည်။ (An essential component of amino acids, proteins, and vitamins)

ဤ သုံးမျိုး (Ca, Mg, S) မှာ အသင့်အတင့်သာ လိုသောအာဟာရဓာတ်များ(Mid-Macro Nutrient Elements) ဖြစ်ပါသည်။

(၁၀) အိုင်းရွန်း (Iron - Fe) ကလိုရိုဖီးလ်ဖြစ်ပေါ်မှုနှင့် အစာချက်လုပ်ခြင်းအတွက် အဓိကလိုအပ်သောဓာတ်ဖြစ်သည်။ (Essential for chlorophyll synthesis and electron transport in photosynthesis)

(၁၁) ကော့ပါး (Copper - Cu) အပင်များတွင် အီလက်ထရွန်သယ်ယူပို့ဆောင်မှုနှင့် အင်ဇိုင်းအချို့လှုပ်ရှားရန် အရေးပါသောဓာတ်ဖြစ်သည်။(Important for electron transport and the activation of certain enzymes)

(၁၂) မင်းဂနီးစ် (Manganese - Mn) အစာချက်လုပ်မှု၊ အပင်များအသက်ရှုမှုနှင့် နိုက်တြိုဂျင်ဇီဝဖြစ်စဉ်လုပ်ငန်းများအတွက် အရေးပါသောဓာတ်ဖြစ်သည်။ (Involved in photosynthesis, respiration, and nitrogen metabolism)

(၁၃) ဇင့် (Zinc - Zn) အင်ဇိုင်းလှုပ်ရှားမှုနှင့် အပင်ဟော်မုန်း အောက်ဇင်ဓာတ်ရရှိရန် လိုအပ်သောဓာတ်ဖြစ်သည်။ (Necessary for enzyme activation and the synthesis of auxins (plant hormones)

(၁၄) မော်လစ်ဒီနမ် (Molybdenum - Mo) နိုက်တြိုဂျင်ကိုလေထဲမှဖမ်းယူမှုနှင့် အမိုင်နိုအက်ဆစ် ရရှိရန်လိုအပ်သောဓာတ်ဖြစ်သည်။ (Required for nitrogen fixation and the synthesis of amino acids)

(၁၅) ဘိုရွန် (Boron - B) ဆဲလ်နံရံတည်ဆောက်မှု၊ ဝတ်မှုံကြီးထွားမှုနှင့် ကာဘိုဟိုက်ဒြိတ် သယ်ယူပို့ဆောင်မှုအတွက် လိုအပ်သောဓာတ်ဖြစ်သည်။ (Involved in cell wall formation, pollen tube growth, and carbohydrate transport)

(၁၆) ကလိုရင်း (Chlorine - Cl) ရေနှင့်အဟာရဓာတ်သယ်ယူပို့ဆောင်မှုအတွက် အရေးပါသောဓာတ်ဖြစ်သည်။  (Plays a role in water and nutrient uptake)

အမှတ်စဉ် (၁၀) မှ (၁၆) တို့သည် အနည်းလိုသော အဟာရဓာတ် (Micro Nutrient Elements) ဖြစ်ပါသည်။

(၁၇) နစ်ကယ် (Nickel - Ni) အလွန့်အလွန် အနည်းငယ်သာလိုသော်လည်း အချို့အပင်များ၏ နိုက်တြိုဂျင်ဇီဝဖြစ်စည်တွက် အရေးပါသောဓာတ်ဖြစ်သည်။ (Essential for certain plant species, particularly in Nitrogen Metabolism) အပင်များသည် အလွန့်အလွန် အနည်းငယ်သာလိုသော အာဟာရဓာတ် (Trace Element) အပါအဝင် (၁၇) မျိုး လိုအပ်သည်။

ပထမဦးစွာ ကျွန်တော်တို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စရိတ်နည်းသည့် သဘာဝမြေဩဇာများအကြောင်း အရင်ဆွေးနွေးကာ၊ ကုန်ကျစရိတ်များပြီး ဈေးကြီးလွန်းသည့် ဓာတ်မြေဩဇာများ အကြောင်းနောက်တစ်ပိုင်းဆွေးနွေးပါမည်။

သဘာဝမြေဩဇာ၏ အဓိပ္ပာယ်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၈) တွင်ဖော်ပြခဲ့သည်မှာ - အပင်နှင့် ကျေးငှက်တိရစ္ဆာန်တို့မှရသော မြေဩဇာကို ဆိုလိုသည်။ သဘာဝမြေဩဇာ၏ ထူးခြားချက်မှာ မြေလုံးသဏ္ဌာန်ကို မပျောက်ပျက်စေသည့်အပြင် ပိုမိုကောင်းမွန်လာရန် ဖန်တီးပေးသဖြင့် လေဝင်လေထွက်ကောင်းစေခြင်း၊ ရေကိုပိုမိုစုပ်နိုင်ရန် ပြောင်းလဲစေခြင်းအပြင် ဤမြေဩဇာများထည့်ရာတွင် များလွန်းသောကြောင့် အပင်ကိုမသေစေနိုင်ပါ။ သို့သော် မြေဩဇာ ကောင်းကျိုးကို ဓာတ်မြေဩဇာကဲ့သို့ ချက်ချင်း မသိသာနိုင်ဘဲ တဖြည်းဖြည်းသာ တွေ့မြင်နိုင်သည်။

ထိုသဘာဝမြေဩဇာများမှာ-

  • ၁။ သစ်စိမ်းမြေဩဇာ (Green Manure)
  • ၂။ သီးနှံဘေးထွက်ပစ္စည်း/အကျွင်းအကျန်များ (Crop Residues)
  • ၃။ မြေဆွေး (Compost)
  • ၄။ တိရစ္ဆာန်ချေး (Farm Yard Manure)
  • ၅။ လင်းနို့ချေး၊ ဌက်ချေး (Guano)
  • ၆။ အရိုးမှုန့် (Bone Meal)၊
  • ၇။ လူ၏မစင် (Night Soil ယခင်ကတရုပ်ပြည်တွင်များစွာသုံးပါသည်) 
  • ၈။ တီကျစ်စာ၊ တီမြေဩဇာ (Vermi-Compost)
  •         ၉။ ထို့အပြင် နောက်ပိုင်းတွင်ခေတ်စားလာသော ဇီဝမြေဩဇာများ (Biofertilizer) အကြောင်း စသည်တို့ကို အသေးစိတ်ဆွေးနွေးပါမည်။ 

သဘာဝမြေဩဇာတွင်ပါဝင်သော  အပင်အစိတ်အပိုင်းများ (Parts of Plants)၊  အပင်အကြွင်းအကျန်များ (Crop/Plant Residues)၊ အပင်ကို အဓိကထား စားသုံးသော တိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေးများ (Animal feces/ wastes ) တွင် အပင်မှလိုအပ်သောအာဟာရဓာတ်အားလုံးနီးပါး ပါဝင်နေသဖြင့် အပင်အတွက်အဆိပ်အတောက်မဖြစ်စေပါ။

(၁) သစ်စိမ်းမြေဩဇာ (Green Manures) အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၇၇) တွင် အသေးစိတ်ရေးသား၊ ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။

(၂) သီးနှံဘေးထွက်ပစ္စည်း/အကျွင်းအကျန်များ (Crop Residues) သဘာဝမြေဩဇာများ မှာ သစ်စိမ်းမြေဩဇာ၊ နွားချေး၊မြေဆွေးများ၊ သီးနှံပင်များရိတ်သိမ်းပြီးကျန်သောကောက် ရိုး၊ အပင်ခြောက်၊အသီးအခွံ၊ အတောင့်အခွံကဲ့သို့ များစွာထည့်ပြီးမှ အာဟာရဓာတ် အနည်း ငယ်သာရသည့် (Bulky Organic Manures) အမျိုးအစားများ ရှိသလို မြေပဲဖတ်၊ နှမ်းဖတ်ကဲ့သို့ အနှစ်များကိုစုစည်းထားသည့် အဟာရဓာတ်များစွာပါ ဩဂဲနစ် သဘာဝ မြေဩဇာ များ (Concentrated Organic Manures) ကိုလည်းအသုံးပြုနိုင်ပါသည်။

(၃) မြေဆွေး (Compost) ၎င်းမှာ ဩဂဲနစ်ပစ္စည်း (Organic Matters) ဖြစ်ပြီး အိမ်ခြံမြေအတွင်း၊  အထူးသဖြင့် ဥယျာဉ်ခြံ သီးနှံများစိုက်ပျိုးရာတွင် မီးဖိုချောင် အကြွင်းအကျန်များ (Kitchen Wastes)၊ သစ်ကိုင်း၊ သစ်ရွက်ခြောက်များ အစရှိသည်တို့ကို ပုပ်သိုး ဆွေးမြည့်သွားအောင်ပြုလုပ်သည့်နည်း (Decomposting Process) ဖြစ်ပါသည်။ ဩဂဲနစ်စိုက်ပျိုးခြင်းစနစ် (Organic Farming System) တွင် အဓိက ကျသော သဘာဝမြေဩဇာ တစ်မျိုးဖြစ်ပါသည်။

ပုံ - ၇ မြေဆွေး ပြုလုပ်နည်းတစ်ခု

(၄) တိရစ္ဆာန်ချေး (Farm Yard Manure) ကျွန်တော်တို့ အလွယ်သိနေသော နွားချေး မြေဩဇာ အပါအဝင် တိရစ္ဆာန်များ၏ အညစ်အကြေး၊ အဆွေးအမြည့်များကို သဘာဝ မြေဩဇာအဖြစ် အသုံးပြုခြင်းဖြစ်ပါသည်။ ဤစနစ်သည် ကမ္ဘာ့နိုင်ငံများအားလုံး ရာစုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သောနည်းစနစ်ဖြစ်ပြီး ယခုလက်ရှိတွင် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို တွဲဖက်ပြုလုပ်သည့် ပေါင်းစည်းလယ်ယာလုပ်ငန်းစနစ် (Integrated Farming System) ကို အကောင်အထည်ဖော်ဆက်လက်ဆောင်ရွက်သင့်ပါသည်၊

ဇယား - ၁ တိရစ္ဆာန်အညစ်အကြေး အသီးသီးမှရရှိသော အာဟာရဓာတ်များရာခိုင်နှုန်း

 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း (Reference Paper)

Hall, A.D. (2002) Fertilizers and manures. Biotech Books, Delhi. 333p.

Havlin, J.L.; Beaton, J.D.; Tisdale, S.L. and Nelson, W.L. (1999) Soil Fertility and Fertilizers: An Introduction to Nutrient Management. 6th Edi. Prentice Hall. 499p.

Kannaiyan, S.; Kumar, K. and Govindarajan, K. (2004) Biofertilizer Technology. Scientific Publishers (India). 450p.

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်