စပျစ်စိုက်ကြရအောင်…

28/02/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အလုံးလှလှ၊ အနံ့မွှေးမွှေး စပျစ်ခိုင်ကြီးတွေကို မြင်တာနဲ့၊ မနှစ်သက်တဲ့သူ မရှိသလောက်ရှားပါးတာမို့၊ ပြည်တွင်းပြည်ပဈေးကွက်မှာတော့ စပျစ်သီးက မရှိမဖြစ် သီးနှံတစ်ခုပါ။ စပျစ်ပင်က နွယ်တက်နှစ်ရှည်သီးတဲ့  “ဝလံ”အုပ်စုအမျိုးအစား သီးပင်မျိုးဖြစ်ပါတယ်။

ဘယ်အချိန်မှာ စပျစ်စတင်စိုက်ပျိုးကြမလဲ?

စပျစ်ပင်စိုက်ပျိုးရေးကို ဒီဇင်ဘာလကနေ မတ်လအတွင်း အဓိကထားစိုက်ကြပါတယ်။ စပျစ်ပင်ဟာ အပင်ငယ်စဉ်ကာလမှာ မိုးရေစိုစွတ်မှု များပါက မှိုရောဂါကျလွယ်သောကြောင့် ဆောင်းအကုန် နွေအကူးကာလကို အဓိကထား စိုက်ပျိုးရခြင်းဖြစ်ပါတယ်။

ဘယ်လိုစိုက်ပျိုးရမလဲ? ဘာတွေဘယ်လို ပြုစုစောင့်ရှောက်ရမှာလဲ?

စပျစ်ပင်စိုက်ပျိုးရာမှာ စင်တင်စနစ်၊ ကြိုးတန်းတိုင်ထောင်စနစ်၊ Y -Shape စနစ်၊ ခြုံပုတ်သဏ္ဌာန် စိုက်နည်းစ နစ် စသဖြင့်၊ မိမိတို့ဒေသနဲ့ သင့်လျော်ကိုက်ညီတဲ့ စိုက်နည်းစနစ်ကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ ပင်ကြား (၄) ပေ၊ တန်းကြား (၈) ပေ ထားပြီး စိုက်ပျိုးမယ်ဆိုပါက၊ တစ်ဧကကို (၁၂၅၀) ပင် စိုက်ပျိုးနိုင်ပါတယ်။ စပျစ်စိုက်ပျိုးရန် မြေဆီလွှာပြုပြင်မှုကို မစိုက်ပျိုးမီ (၃)လခန့်အလိုက ကြိုတင်ပြင်ဆင်နိုင်ပါက ပိုမိုကောင်းမွန်ပါတယ်။ မြေပြင်ချိန်ကတည်းက စိုက်ပျိုးမည့်မြေကို စနစ်တစ်ကျပြုပြင်ပေးသင့်တာကြောင့်၊ စပျစ်ပင်စိုက်ပျိုးမည့်မြေကို ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ထွန်ပေးပြီး၊ နွားချေးနဲ့သဘာဝသစ်ဆွေးမြေသြဇာတွေကို တစ်ဧကလျှင် တင်း(၅၀၀) အထိ ထည့်ပေးနိုင်ပါတယ်။

စပျစ်အရည်အသွေးနဲ့ အထွက်နှုန်းကို ကောင်းမွန်ချင်တယ်ဆိုရင်တော့ စိုက်ပျိုးပြီးလို့ အပင်သက်တမ်း (၇)လသား အရွယ်အထိ၊ အထူးဂရုစိုက်ပြုစုပေးရန် လိုအပ်ပါတယ်။ မိုးဦးရာသီချိန်၊ မိုးတွေဖြိုင်ဖြိုင် ကျလာချိန်မှာ မိမိတို့စိုက် ပျိုးထားတဲ့ စပျစ်ပင်က သီးကိုင်းအောင်မြင်နေတဲ့ အနေအထားကို ရောက်ရှိနေစေဖို့၊ စိုက်ပျိုးချိန်ကနေ အပင်သက်တမ်း (၄) လသားအတွင်း အဓိကကိုင်းခွဲ၊ သီးကိုင်းမွေးတဲ့ အနေအထားအထိ ရောက်ရှိလာဖို့ ဂရုစိုက်ပေးရပါမယ်။ စိုက်ပျိုးစ ပထမနှစ်မှာ စပျစ်တစ်ပင်ကို သီးကိုင်း(၁၅) ကိုင်းမှ ကိုင်း(၃၀) အတွင်း ရရှိစေရန် ရည်မှန်းချက်ထား စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ သီးကိုင်းတွေ အချိန်မီအောင်မြင်နိုင်စေဖို့၊ စပျစ်ပင်အတွက် လိုအပ်သည့် အဟာရဓာတ်တွေကို အလုံအလောက်ဖြည့်တင်းပေးဖို့တော့ လိုပါမယ်။

“မြေသြဇာကျွေးမွေးပုံ”

စပျစ်ပင်စိုက်ပျိုးပြီး နှစ်ပတ်သားအရွယ်က စပြီး၊ (၁၅)ပတ်လည်မြေသြဇာကို နိုက်ထရိုဂျင်၊ ပုလဲမြေသြဇာ ဆတူရောပြီး၊ တစ်ပင်ကို (၅) ဇွန်းခန့်၊ အပင်၏ (၆) လက္မပတ်လည်အတွင်း ကျွေးမွေးပေးသင့်ပါတယ်။ တစ်လ (၄) ကြိမ် မှ (၅) ကြိမ်ခန့် ရေသွင်းတိုင်း ထိုကဲ့သို့ ကျွေးမွေးပေးနိုင်ပါတယ်။ မိန်းကိုင်းခွဲချိန် (အဓိကကိုင်း) မှာ ဖော့စဖားရပ်မြေသြဇာကို တစ်ဧကလျှင် (၂) အိတ်နှုန်း ထည့်သွင်း ကျွေးမွေးပေးရသင့်ပါတယ်။ မိန်းကိုင်းခွဲပြီးလို့ သီးကိုင်းမွေးချိန်မှာတော့ မြေသြဇာကို ပုံမှန်နှုန်းထားထက် တဖြည်းဖြည်းတိုး၍ ကျွေးမွေးပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အထူးဂရုစိုက်ပြုစုမှသာ အပင်အဟာရအပြည့်အဝရရှိပြီး၊ သီးကိုင်းတွေ အချိန်မီအောင်မြင်နိုင်မှာ ဖြစ်လို့ပါ။ အခုလို အပင်မြေသြဇာ အဟာရပုံမှန်ကျွေးခြင်း လုပ်ငန်းစဉ်ကို အပင်သက်တမ်း (၇) လသား အရွယ်အထိ ကျွေးပေးဖို့ လိုအပ်ပါတယ်။ (၇)လသားကျော်လွန်သွားတဲ့ စပျစ်ပင်တွေကိုတော့ အစာကျွေး စနစ်ကိုပါ ပြောင်းလဲပေးလို့ ရသွားပါပြီ။ အပင်သက်တမ်း (၇)လသားကျော်ပါက သီးကိုင်းတွေလည်း အတော်အသင့် အောင်မြင်လာပြီဖြစ်တဲ့အတွက် သီးကိုင်းဖြတ်အသီးယူချိန်နဲ့ သီးကင်းဝင်စအချိန်တွေမှာတော့ တစ်ဧကလျှင် မြေသြဇာ (၂)အိတ်နှုန်း ကျွေးမွေးပေးမယ်ဆိုရင် အဟာရအတွက် လုံလောက်အဆင်ပြေပါပြီ။

စပျစ်ပင် အပင်သက်တမ်း တစ်နှစ်သားကျော်လာရင်၊ တစ်နှစ်ပတ်လည်လုံးအတွက်ကိုမှ မြေသြဇာ (၄)ကြိမ်ခန့် သာ ကျွေးမွေးပေးရတော့မှာ ဖြစ်ပါတယ်။ အပင်ငယ်စဉ်ကနေ မိန်းကိုင်းခွဲချိန်အထိ စပျစ်ပင်ကို ပင်စည် တစ်ခုတည်းသာ ယူ၍ ဘေးတက်တွေကို စနစ်တစ်ကျဖြုတ်ပေးသင့်ပါတယ်။ မိန်းကိုင်းခွဲချိန်မှာတော့ မိမိရွေးချယ်စိုက်ပျိုးထားတဲ့ စိုက်နည်းစနစ်အလိုက် မိန်းကိုင်း (၂)ကိုင်းကနေ (၄)ကိုင်းအထိ ခွဲပေးနိုင်ပါတယ်။ မိန်းကိုင်းတွေရဲ့ အရွယ်အစား တစ်ပေခွဲကနေ (၂)ပေအတွင်း ရောက်ရှိတဲ့ ကာလမှာ (မိမိစိုက်ပျိုးတဲ့ စနစ်အလိုက်) ခေါင်ညွန့်နှိမ်ပြီး၊ သီးကိုင်းတွေ မွေးပေးရပါမယ်။ အပင်သက် တစ်နှစ်သားကျော်တဲ့ စပျစ်ပင်တိုင်းကို တစ်နှစ်တစ်ကြိမ် သီးကိုင်းမွေးခြင်း၊ သီးကိုင်းဖြတ်ခြင်းများကို ပြုလုပ်ပေးမယ်ဆိုရင်တော့ အစစ အဆင်ပြေအောင်မြင်တဲ့ စပျစ်ခြံကောင်းတစ်ခုကို ရရှိလာမှာပဲ ဖြစ်ပါတယ်။

ရေဘယ်လိုသွင်းပေးသင့်လဲ ?

စိုက်ပျိုးမယ့်မြေအနေအထားအလိုက် ရေပေးစနစ်တိုင်းကို အဆင်ပြေလွယ်ကူစေရန် အဓိက ပြုလုပ်ထားသင့်တာက တော့ မြေမျက်နာပြင်ကို အပင် မစိုက်ပျိုးမီကတည်းက (အတတ်နိုင်ဆုံး) ညီညာအောင် ပြုပြင်ပေးထားရမှာပဲ ဖြစ်ပါတယ်။ စပျစ်ပင်စိုက်ပျိုးချိန်ဟာ ဆောင်းအကုန်၊ နွေအကူးကာလဖြစ်တာကြောင့် အပူချိန်ကလည်း တဖြည်းဖြည်းမြင့်လာနေတဲ့ ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးချိန်ကစပြီး၊ ရေကို အလုံအလောက် သွင်းပေးနိုင်ရပါမယ်။ စိုက်ခါစ စပျစ်ပင်တွေအတွက် ရေကို (၃)ရက်ခြား (၃) ကြိမ်ခန့် သွင်းပေးသင့်ပြီး၊ နောက်ပိုင်းကာလတွေမှာတော့ (၅)ရက်ကနေ (၇)ရက်အတွင်း တစ်ကြိမ်နှုန်း၊ မြေအနေအထားအလိုက် လိုအပ်ရင်လိုအပ်သလို ရေသွင်းပေးရပါတယ်။

အချုပ်အားဖြင့်ပြောရရင် စပျစ်ပင် အသီးထွက်နှုန်း ကောင်းမွန်စေရန် သီးကိုင်းတွေ ညီညာကောင်းမွန်စေရေးနဲ့ အပင်အဟာရပြည့်ဝမှု ရှိဖို့က အဓိကအရေးပါပါတယ်။ အဲ့ဒါကြောင့် စပျစ်စိုက်ပျိုးမယ့် ဝါသနာရှင်တွေ အနေနဲ့ အပင်စိုက်ချိန်ကနေ အပင်သက်တမ်း (၇)လသားအတွင်း လစ်ဟာမှုမရှိစေရန် အထက်ပါအချက်တို့ကို ဖတ်ရှု့ပြီး၊ အထူးဂရုစိုက်ပြုစုပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

GHT (ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်