လုံးဝတွဲဖက်မစိုက်ပျိုးသင့်သော အပင်များ

07/07/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အဖော်ပင်စိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားများကို သဘာဝအတိုင်း ထိန်းချုပ်ဖို့နဲ့ သီးနှံပင်တွေကြီးထွားမှုကို မြှင့်တင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ အဖော်ပင်စိုက်ပျိုးခြင်း အလေ့အကျင့်ဟာ အကျိုးရှိပြီး အသုံးဝင်သလိုပဲ တစ်ဖက်မှာလည်း အတူတကွမစိုက်ပျိုးသင့်တဲ့ အပင်အချို့လည်း ရှိပါတယ်။ သင့်တော်မှုမရှိတဲ့ အဖော်ပင်တွေကို တွဲဖက်စိုက်ပျိုးခြင်းဟာ အနီးနားမှာရှိတဲ့ အပင်တွေရဲ့ ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး အလင်းရောင်နဲ့ အာဟာရအတွက် အချင်းချင်းယှဉ်ပြိုင်ကာ အဖျက်ပိုးမွှားများကိုပင် ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုဆောင်းပါးမှာ တွဲဖက်စိုက်ပျိုးခြင်းကို ရှောင်ရှားရမယ့် အဖော်ပင်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

၁။ စမုန်နက်နှင့် ဟင်းသီးဟင်းရွက်အပင်များ (Fennel and vegetables)

အဖော်ပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်လာပါက စမုန်နက်ဟာ အပင်အများစုနဲ့  ကောင်းစွာ အတူယှဥ်တွဲမပေါက်ရောက်နိုင်တာကြောင့် တွဲဖက်စိုက်ပျိုးဖို့ရာ အခက်ခဲဆုံး အပင်များထဲမှ တစ်ခုဖြစ်ပါတယ်။ စမုန်နက်ဟာ ကြီးထွားလာတာနဲ့အမျှ အနီးဝန်းကျင်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ ဒြပ်ပေါင်းတွေကို မြေဆီလွှာထဲ ထုတ်လွှတ်တာဖြစ်ပါတယ်။ ထို့အပြင် စမုန်နက်ဟာ စမုန်စပါးကဲ့သို့ မျိုးရင်းတူတဲ့အပင်တွေနဲ့ တွဲဖက်စိုက်ပျိုးမယ်ဆိုရင် ပင်ခြား၀တ်မှုန်ကူးခြင်း (cross pollination) ဖြစ်နိုင်ပြီး အစေ့တွေရဲ့ အရသာနဲ့ အရည်အသွေးကို လျော့ကျသွားစေနိုင်တာ ဖြစ်ပါတယ်။

စမုန်နက်ဟာ အနီးဝန်းကျင်မှာရှိတဲ့ အပင်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေမဲ့ အိုးနဲ့စိုက်ပျိုးမယ်ဆိုရင်တော့ လှပစွာကြီးထွားလာမှာ ဖြစ်ပါတယ်။ စမုန်နက်ကို အိုးနဲ့စိုက်ပျိုးခြင်းဖြင့် အခြားသောအပင်တွေရဲ့ ကြီးထွားမှုကို မထိခိုက်စေဘဲ ၎င်းရဲ့ပန်းပွင့်တွေဟာ ဝတ်မှုန်ကူးအင်းဆက်တွေနဲ့ အခြားအကျိုးပြု အင်းဆက်တွေကို စိုက်ခင်းအတွင်း လာရောက်အောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဂေါ်ဖီမျိုးရင်းဝင်အပင်များနှင့် စတော်ဘယ်ရီပင် (Brassicas with Strawberries)

Brassicas မျိုးရင်းဝင်အပင်တွေဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီထုပ်အသေး (Brussel sprout) တို့မှာဆိုရင် ဂေါ်ဖီပိုးစိမ်းကောင် (cabbage looper) ကဲ့သို့ အဖျက်ပိုးတွေ ကျရောက်တတ်ပြီး အရွက်တွေမှာ အပေါက်တွေနဲ့ ဖုံးအုပ်သွားနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဆိုပါအဖျက်ပိုးတွေဟာ သီးနှံတစ်မျိုးတည်းမှာသာ ကျရောက်တာမဟုတ်ဘဲ အခြားသောအသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်ပင်တွေမှာလည်း ကျရောက်ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။

အထူးသဖြင့် brassica မျိုးရင်းဝင် အပင်တွေရဲ့အနီးမှာ စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီပင်တွေဆိုရင် ဂေါ်ဖီပိုးစိမ်းကောင် ကျရောက်ဖျက်ဆီးခြင်းကို ပိုမိုခံရနိုင်ချေများပါတယ်။ ဒါကြောင့် စတော်ဘယ်ရီပင်တွေကို စိုက်ပျိုးဖို့ နေရာရှာနေတဲ့အခါ brassica ဟင်းသီးဟင်းရွက်တွေရဲ့ အနီးမှာစိုက်ပျိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။

၃။ ကလျာဏီနဲ့ သခွားပင် (Sage with Cucumber)

စမုန်စပါးနဲ့ တောရှုံးပင်ကဲ့သို့ မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ ဆေးဖက်ဝင် ဟင်းခတ်အပင်များစွာဟာ သခွားပင်နွယ်ပင်တွေအတွက် အဖျက်ပိုးမွှား ကာကွယ်မှုများစွာကို ပေးစွမ်းနိုင်ပေမဲ့လည်း ဆေးဖက်ဝင်အပင်အားလုံးကတော့ သခွားပင်တွေအတွက် အဖော်ကောင်းမဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့် ကလျာဏီပင်တွေဟာဆိုရင် အနီးနားမှာရှိတဲ့ သခွားနွယ်ပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး သခွားသီးထွက်ရှိမှုကိုလည်း လျော့ကျစေနိုင်တာဖြစ်ပါတယ်။ ထို့အပြင် သခွားပင်နဲ့ ကလျာဏီပင်တွေဟာ ရေလိုအပ်ချက် မတူညီတာကြောင့် ၎င်းတို့ကို အတူယှဥ်တွဲ စိုက်ပျိုးထားမယ်ဆိုရင် မကြာခဏဆိုသလို ရေလောင်းများခြင်း/ နည်းခြင်း ပြဿနာတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

၄။ ကြက်သွန်မျိုးရင်းဝင်အပင်များနှင့် ကညွတ် (Alliums with Asparagus)

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အခြားသော Allium မျိုးရင်းဝင် အပင်တွေဟာဆိုရင် ပြင်းထန်တဲ့ရနံ့ရှိပြီး အဖျက်ပိုးမွှားများစွာကို သဘာဝအတိုင်း တွန်းလှန်ပေးနိုင်တာ ဖြစ်ပါတယ်။ ကြက်သွန်မျိုးရင်းဝင် အပင်တွေဟာ ဟင်းသီးဟင်းရွက် အပင်တွေအပါအဝင် ဆေးဖက်ဝင်အပင်အများစုနဲ့ တွဲဖက်စိုက်ပျိုးဖို့ သင့်တော်တဲ့အပင်တွေဖြစ်ပေမဲ့ ကညွတ်ပင်တွေနဲ့ တွဲဖက်စိုက်ပျိုးတာကိုတော့ ရှောင်ရှားသင့်ပါတယ်။ Allium ပင်တွေဟာ ကညွတ်ရဲ့ကြီးထွားမှုကို ဟန့်တားနိုင်ပြီး ၎င်းတို့ရဲ့ကြီးမားတဲ့ ဥ (bulb) တွေဟာ ကညွတ်ပင်ရဲ့ အမြစ်အုံ (Crown) ကို အနှောင့်အယှက် ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ပိုဆိုးတာက Alliums တွေကို တူးယူရိတ်သိမ်းတဲ့အခါ နှစ်ရှည်ပင် ကညွတ်တွေအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

၅။ ပဲမျိုးရင်းဝင်အပင်များနှင့် ကြက်သွန်မျိုးရင်းဝင်အပင်များ (Legumes and Alliums)

ကညွှတ်အပြင် ပဲပင်တွေဟာလည်း ကြက်သွန်မျိုးရင်းဝင် အပင်တွေနဲ့ တွဲဖက်မစိုက်ပျိုးသင့်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ၎င်းတို့ကို ပေါင်းစပ်စိုက်ပျိုးတဲ့အခါ ပဲပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အထွက်နှုန်းကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ကြက်သွန်နီနဲ့ အခြားသော Allium အပင်တွေဟာဆိုရင် ပဲပင်တွေရဲ့ အမြစ်ပေါ်မှာရှိတဲ့ နိုက်ထရိုဂျင်ဖမ်းယူပေးသော ဘက်တီးရီးယားတွေကို ဟန့်တားနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေတာလည်း ဖြစ်ပါတယ်။

၆။ ခရမ်းချဥ်နှင့် ပြောင်းပင် (Tomatoes and Corn)

ပြောင်းနဲ့ ခရမ်းချဉ်ဟာလည်း စိုက်ခင်းအတွင်းမှာ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အဖော်ပင်ကောင်းတွေ မဟုတ်ပါဘူး။ ခရမ်းချဉ်နဲ့ ပြောင်းပင်ဟာဆိုရင် ပြောင်းဖူးနှံဖျက်ပိုး (corn earworm) (ခရမ်းချဉ်သီးလုံးဖောက်ပိုး ဟုလည်းခေါ်သည်) ကို ခုခံနိုင်စွမ်းမရှိတာကြောင့် အဆိုပါအပင်တွေကို  အတူတကွ တွဲဖက်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်ပျိုးရာသီတစ်လျှောက် အဖျက်ပိုးမွှားများကို ပျံ့နှံ့စေမှာ ဖြစ်ပါတယ်။ ထို့အပြင် ပြောင်းဖူးနဲ့ ခရမ်းချဉ် နှစ်မျိုးစလုံးဟာ အစာအာဟာရ စားသုံးမှုများတဲ့ အပင်တွေဖြစ်တာကြောင့် အချင်းချင်း ယှဉ်ပြိုင်နိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ 

၇။ စမုန်စပါးနှင့် မုန်လာဥနီ (Dill and Carrots)

စမုန်စပါးနဲ့ မုန်လာဥနီတို့ဟာ Umbellifer မျိုးရင်းဝင်အပင်တွေဖြစ်ကြပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် တူညီတဲ့လိုအပ်ချက်တွေ ရှိကြတာဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါအပင်တွေဟာ ပင်ခြား၀တ်မှုန်ကူးနိုင်တာကြောင့် နီးနီးကပ်ကပ် စိုက်ပျိုးထားမယ်ဆိုရင် အရည်အသွေးညံ့တဲ့ စပ်မျိုး မျိုးစေ့တွေ ရှိနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် စမုန်စပါးဟာ မုန်လာဥနီမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ carrot flies တွေကို ဆွဲဆောင်နိုင်ပြီး အမြစ် (ဥ) တွေကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။

၈။ ဂေါ်ဖီထုပ်နှင့် စပျစ် (Cabbage with Grapes) 

စပျစ်နွယ်ပင်တွေဟာ ၎င်းတို့ကြီးထွားတဲ့ နေရာအတွက် ဆွဲဆောင်မှုရှိစေပြီး ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ကောင်းစွာအလုပ်မလုပ်နိုင်တဲ့ အပင်တွေအတွက် အရိပ်ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ စပျစ်နွယ်ပင်တွေနဲ့ နီးကပ်စွာ မစိုက်ပျိုးသင့်တဲ့ အပင်တစ်မျိုးကတော့ ဂေါ်ဖီထုပ်ဖြစ်ပါတယ်။

၎င်းတို့ကို အတူတကွ စိုက်ပျိုးတဲ့အခါ အပင်အချင်းချင်း ကြီးထွားမှုကို နှောင့်နှေးစေနိုင်ပြီး ရေကို ကြိုက်နှစ်သက်တဲ့ အပင်တွေဖြစ်တာနဲ့အညီ မြေဆီလွှာအစိုဓာတ်အတွက် ယှဥ်ပြိုင်နေကြရမှာ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်ကဲ့သို့ brassica မျိုးရင်းဝင်အပင်တွေဟာလည်း စပျစ်နွယ်ပင်တွေ အနီးမှာ မစိုက်ပျိုးသင့်တဲ့ အပင်တွေဖြစ်ကြပါတယ်။

၉။ အာလူးနှင့် ခရမ်းချဥ် (Potatoes with Tomatoes)

အာလူးနဲ့ ခရမ်းချဉ် နှစ်မျိုးစလုံးဟာ nightshade မျိုးရင်းဝင်အပင်တွေ ဖြစ်ကြပြီး ခရမ်းချဉ်ဘောက်ဖက် (hornworm) နဲ့ ကော်လိုရာဒို အာလူးကျိုင်း (Colorado potato beetles) ကဲ့သို့ တူညီတဲ့ အဖျက်ပိုးမွှားများစွာကို ခံနိုင်ရည်မရှိကြတာ ဖြစ်ပါတယ်။ ၎င်းအပင်တွေကို အတူတကွ စိုက်ပျိုးခြင်းဖြင့် အဖျက်ပိုးမွှားများ တစ်ပင်မှတစ်ပင်သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့စေပြီး သီးနှံများကို ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။ အဆိုပါပိုးမွှားတွေဟာ မြေဆီလွှာထဲမှာ ခိုအောင်းနိုင်တာကြောင့် ၃ - ၅ နှစ်စက်ဝန်းတိုင်းမှာ nightshade မျိုးရင်းဝင်အပင်တွေကို သီးလှည့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ 

ဇင်ထူးနိုင်

Ref: https://www.bhg.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်