ကုန်းတွင်းပိုင်းဆား၊ ဆပ်ပြာပေါက်မြေများအတွက် သင့်လျော်သော စပါးစိုက်ပျိုးနည်းစနစ်များ

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

၁။ သင့်လျော်သော စပါးမျိုးရွေးချယ်ခြင်းစားသုံးမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆားငန်ဒဏ်ခံ စပါးမျိုးသန့်များကို စိုက်ပျိုးပါ။ (အထူးသဖြင့် ကုန်းတွင်းပိုင်းဆား၊ ဆပ်ပြာပေါက်မြေများအတွက် အသင့်တော်ဆုံးစပါးမျိုးများကို ရွေးချယ်ပါ)

၂။ ပျိုးဘောင်ပြင်ဆင်ခြင်း

ပျိုးခင်းနေရာကို ဆားပေါက်သောမြေနေရာကို ရှောင်ကြဉ်ပါ။ မြေနေရာရွေးချယ်ရာတွင် သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့် နီးသော၊ လမ်းမီးရောင်နှင့်ဝေးသော၊ ရောဂါနှင့်ပေါင်းမြက်တို့ ကင်းစင်သော၊ မြေဆီသြဇာ ထက်သန်သော မြေနေရာကို ရွေးချယ်ပါ။ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီး သန့်စင်၍ ဆားရည်စိမ်ရွေးချယ်ပြီးမှ အသုံးပြုပါ။ မျိုးစေ့အား ၁ ရက်ရေစိမ်ပြီးမှ ၁ ရက် (သို့) ၂ ရက် စာပါးစပ် ပြူချိန်တွင် မျိုးအုပ်ပါ။

မျိုးစေ့မချမီ၂ - ၃ ရက်အလိုတွင် ပျိုးဘောင် ပြင်ဆင်ပါ။ တစ်ဧက စိုက်ခင်းအတွက် မျိုးစေ့တစ်တင်းခွဲနှင့် ပျိုးဘောင်ဧရိယာ သီးသန့် ၀.၁၅ ဧက(စိမ့်မြောင်းမြေ ဧရိယာမပါ) လိုအပ် ပါသည်။ မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁၅ ဧက အတွက်မြေဆွေး (သို့) နွားချေးဆွေး လှည်းတစ်စီးခွဲ ညီညာစွာထည့်ပါ။ ၃ ပေခြားတိုင်း ၁ ပေ (သို့) ၁ ပေခွဲ အကျယ် စိမ့်မြောင်းတစ်ကြောင်းဖော်ပါ။

ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင် ညှိပါ။ ပျိုးဘောင်ဧရိယာ ၀.၁၅ ဧက အတွက် ၁၅ ပတ်လည် (N (နိုက်ထရိုဂျင်)15 : P (ဖော့စဖောရပ်) 15: K (ပိုတက်စ်စီယမ်) 15 ) ကွန်ပေါင်းမြေသြဇာ ၂ ပြည်၊ နို့ဆီဘူး ၂ ဘူး ညီညာစွာ ထည့်ပါ။ အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (၃ ပေ ပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့နို့ဆီဘူး ၁ ဘူးခွဲနှုန်း) ကြဲပက်ပြီးမြေဆွေး၊ နွားချေးဆွေး၊ စပါးခွံဖွဲပြာခပ်ပါးပါး ဖုံးအုပ်ပါ။

ပျိုးဘောင်ကို အမြဲစိုအောင်ရေထိန်းထားပါ။ ပျိုးကြဲပြီး၂ - ၃ ရက် မှစ၍ ပျိုးပင်သက်တမ်းတစ်လျှောက် အပင်အမြင့်ပေါ် မူတည်၍ ရေခပ်ပါးပါးထားပြီး ရေသွင်းရေထုတ် ပြုလုပ်ပါ။ ဆားငန်ရေ မဟုတ်သောရေချိုသွင်းပေးရန်သာ ဖြစ်ပါသည်။ လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ် နှိမ်နင်းပါ။

ပျိုးမနှုတ်မီ ၇ - ၁၀ ရက်ခန့် အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁၅ ဧက အတွက် ယူရီးယား ဓာတ်မြေသြဇာ ၂ ပြည်နို့ဆီဘူး ၂ ဘူးနှင့် ဇီဖာ ၁.၅ ကီလိုဂရမ် (၉၀ ပိဿာ) ကို ရေဖျော်လောင်း (သို့) ကြဲပက်ကြွေးပါ။

ရွှေ့ပြောင်း မစိုက်မီ လက်ပေါင်းလိုက်ခြင်းဖြင့် ပျိုးဘောင်ကိုပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။ ပျိုးနှုတ်ကာနီး အချိန်တွင်ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရ လွယ်ကူစေပြီး ပျိုးပင်များ ဒဏ်ရာရမှု သက်သာစေပါသည်။ ပျိုးနှုတ်ရာတွင် အမြစ်များ မပြတ်ထွက်ရန် သတိထားရမည်။ ဒဏ်ရာရသော အမြစ်များမှတစ်ဆင့် စပါးပင်အတွင်းသို့ ဆားများအလွယ်တကူ စုပ်ယူဝင်ရောက်စေနိုင်သောကြောင့် ဖြစ်ပါသည်။

၃။ စိုက်ခင်းမြေပြင်ခြင်း

စပါးပြောင်းရွှေ့မစိုက်မီ ၁ လခန့် ကြိုတင်၍မြေပြင်ပါ။ အစိုဓာတ် လုံလောက်ချိန်တွင် ကြိုတင် စိုက်ပျိုး ထားရှိသော တစ်လ (သို့) တစ်လခွဲသားရှိ သစ်စိမ်းမြေသြဇာပင် (ဥပမာ- ညံပင် (သို့) ပိုက်ဆန်လျှော် (သို့) ပဲတီစိမ်း၊ ပဲလွန်းနှင့် အခြား ပဲမျိုးရင်းပင်များ) များကို ထယ်အနက် (၄-၅) လက်မထက်မ ပိုထိုး၍မြေမြှုပ်ပစ်ပါ။ ထယ်နက်နက် ထိုးခြင်းကိုရှေုာင်ပါ။ (သို့မဟုတ်) စက်တုံးခုတ်ပါ။

တစ်ပတ်အကြာတွင် ထွန်နှစ်စပ်မွှေ၍ ကြမ်းတုံး (ဂျမ်းတုံးဟုခေါ်) ရိုက်ပါ။ ပထမအကြိမ် ထွန်မွှေပြီး တစ်ပတ်အကြာတွင် ဒုတိယအကြိမ် ထွန်နှစ်စပ်မွှေ၍ ကြမ်းတုံးရိုက်ပါ။ ဒုတိယအကြိမ် ထွန်မွှေပြီး တစ်ပတ်ခန့် (သို့) ပြောင်းရွှေ့မစိုက်မီ (၁) ရက်အလိုတွင် တတိယအကြိမ် ထွန်နှစ်စပ်မွှေ၍ ကြမ်းတုံးရိုက်ပါ။

နောက်ဆုံးအကြိမ်ထွန်မဝင်ခင်မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။ ပထမအကြိမ်မြေပြင်ချိန်တွင် သီးနှံအကြွင်းအကျန်များ ဖြစ်သော နှမ်းရိုး၊ ပဲရိုးနှင့် သဲနုံးမြေတို့ကို ရနိုင်သလောက် ထည့်သွင်းပါ။

၄။ စိုက်စနစ်

(က) ရွှေ့ပြောင်း စိုက်ပျိုးခြင်း

သက်လျင်စပါးမျိုးများအတွက် ပျိုးသက်၂၀ - ၃၀ ရက်၊ သက်လယ်စပါးမျိုးများအတွက် ပျိုးသက်၂၅-၃၅ ရက်နှင့် သက်ကြီးစပါးမျိုးများအတွက် ပျိုးသက် ၃၀ - ၄၅ ရက်အတွင်း စိုက်ပါ။ ပျိုးနှုတ်ပြီး တစ်ရက်အတွင်းရွှေ့ပြောင်း စိုက်ပျိုးပါ။

ကောက်ကွက်တစ်ကွက်လျှင် ပျိုးပင် လက်ဆ ၃ - ၅ ပင်သုံး၍ သမန်းအတွင်းသို့ ၁ - ၁.၅ လက်မ ထက် ပိုမနက်စေဘဲ စိုက်ပျိုးပါ။ တန်းကြားပင်ကြားကို ၆လက်မ x ၆လက်မ (သို့) ၈လက်မ x ၆လက်မ (သို့) ၉လက်မ x ၄လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ အမြစ်ဇုံတွင် ဆားစုပုံခြင်းမှ သက်သာစေရန် ပန်းပွင့်ချိန်တွင် ရေမပြတ်အောင် ဂရုစိုက်ပါ။ စိုက်ပြီးတစ်ပတ်အတွင်းကောက်ပင် ဖာပါ။

၅။ မြေသြဇာကျွေးခြင်း

ဆားပေါက်မြေများတွင် ဆိုဒီယမ်ဓာတ်သည် အပင်မှ ပိုတက်စီယမ်ဓာတ်စုပ်ယူမှုကို တားဆီးနိုင်သောကြောင့် ပိုတက်စီယမ်ဓာတ် ရရှိနိုင်သောကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံများကိုမြေဆွေးပြုလုပ်၍ သုံးစွဲပါ။ သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကိုမြေဆွေး ပြုလုပ်၍မြေပြင်ချိန်တွင် ထည့်သွင်းခြင်းသည် အပင်၏ အနည်းလို အာဟာရဓာတ်များကို ပံ့ပိုးသည့် အပြင်မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေပါသည်။ သွပ်ဓာတ်ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄ - ၆ကီလိုဂရမ် (၂ ပိဿာခွဲ- ၃ ပိဿာခွဲ) အသုံးပြုပါ။ ဇီဖာ အသုံးပြုမှုများသွားလျှင် အပင်လောင်သွားတတ်ပါသည်။ ဉာဏ်ပင် (သို့) ပိုက်ဆန်လျှော် (သို့) ပဲတီစိမ်း၊ ပဲလွန်း ကဲ့သို့ သစ်စိမ်းမြေသြဇာပင် တစ်မျိုးမျိုးကိုဆောင်းသီးနှံရိတ်သိမ်းပြီး လက်ကျန် အစိုဓာတ် မှီရန် ချက်ချင်းစိုက်ပါ။

၆။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း

ရေသွင်းရေထုတ် လွယ်ကူစေရန် လယ်ကြားမြောင်းများ ပြုလုပ်ပါ။ စိုက်ကွင်းရှိရေသွင်းရေထုတ်ကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။ ကန်သင်းများကို ခိုင်ခန့်အောင် ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန် ဂရုစိုက်ပါ။ ဆားပေါက်မြေတွင်ရေသွင်းရေထုတ်က မကြာခဏပြုလုပ်၍ ဆား၊ ဆပ်ပြာပေါက်မြေတွင်ရေနည်းနည်းနှင့် အကြိမ်များများရေပေးသွင်းပါ။

မြေအောက်ရေနှင့် နီးသောမြေအောက်ရေ၏ အရည်အသွေးကြောင့် ဆားပေါက်သောမြေဖြစ်ပါက မြေမျက်နှာပြင်ပေါ်သို့ မြေအောက်ရေ မရောက်နိုင်သည်အထိ ရေထုတ်မြောင်းကို ကောင်းစွာပြုလုပ်ပါ။ မရိတ်မီ နှစ်ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။

၇။ ပေါင်းမြက် ကာကွယ် နှိမ်နင်းခြင်း

မြေကိုပေါင်းကင်းစင်အောင် ထယ်ထိုး ထွန်ယက်ပါ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြေပြင်ချိန်အတွင်း ပေါင်းမြက်များ စုံလင်အောင်ပေါက်ပါစေ။မြေကိုရ - ၁၀ရက်ခြား၍ထယ်ထိုးထွန်မွှေပါ။ ရွှေ့ပြောင်း မစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။ စပါး သက်တမ်း အစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက်မှုကို သက်သာစေပါသည်။ အတန်းလိုက် စိုက်ပါကရေထုတ်ပြီး သမန်းနှိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။ ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀ - ၄၅ ရက် မတိုင်မီ အပြီးဆောင်ရွက်ပါ။

တိုက်ရိုက် အစေ့ချစနစ်ကို အသုံးပြုပြီးပေါင်းမြက် ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ကျရောက်သောပေါင်းအမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသောပေါင်းသတ်ဆေးကို ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့်ထောက်ခံနှုန်းထားများ အတိုင်း စနစ်တကျ အသုံးပြုပါ။ ဥပမာ၊ အဓိကကျရောက်သောပေါင်းအမျိုးအစားသည် မြက်နှင့်မြက်မုန်ညင်းမျိုးရင်းများ ဖြစ်ပါကအောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။

၈။ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းခြင်း

ပိုးမွှားရောဂါ ကျရောက် ဖျက်ဆီးမှုရှိ၊ မရှိကို အမြဲမပြတ် ကွင်းဆင်း၊ ကင်းထောက် စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ စပါးပင်ဖြစ်ထွန်းမှု အစောပိုင်း ကာလ (၃၀ - ၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှု ဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုး ပြန်လည် ရှင်သန်နိုင်ပါသည်။ ပိုးမွှားရောဂါများ ရှင်သန် ခိုအောင်းရာနေရာ ဖြစ်သောပေါင်းပင်များနှင့် ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

ကြွက်ကြောင့်သီးနှံလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်

(က) ပတ်ဝန်းကျင် သီးနှံစိုက်ခင်းများနှင့် စိုက်ချိန်၊ ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။

(ခ) စိုက်ခင်းနှင့်ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။

(ဂ) ကြွက်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို သားမပေါက်ခင် အချိန်တွင် လက်ဦးမှု ရယူ နှိမ်နင်းနိုင်ရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ်၊ သီးနှံမပေါ်ခင် တစ်ကြိမ် မဖြစ်မနေဆောင်ရွက် သင့်ပါသည်။

(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့်ခြောက်လှန့် ဖမ်းဆီးခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ် နှိမ်နင်းခြင်း၊ ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်း လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။

၉။ ရိတ်သိမ်းချိန်နှင့်ရိတ်သိမ်းချိန်လွန်နည်းစနစ်များ

မောင်းညိုချိန် (စပါးအနံ၏ ၈၀ - ၈၅ ရင့်မှည့်ချိန်) တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။ ၂ - ၃ ရက် အထိ နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ်ခန့် ထား၍ အခြောက်ခံပါ။ ကွန်ကရစ် တလင်း (သို့) မိုးကာခင်းတွင်နေလှန်းပါက အထူ ၂ လက်မထက် မပိုဘဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။

မြင့်မားသော အပူချိန် (၅၄.၄ စင်တီဂရိတ်နှင့် အထက်) တွင် အခြောက်မခံသင့်ပါ။ စပါးစေ့ အစိုဓာတ်သည် မျိုးစေ့အတွက် ၁၂% နှင့်ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။ မျိုးစေ့များကို သန့်စင်ပြီးလေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ်စသည့် ပစ္စည်းများ (ဥပမာ-ဟာမစ်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။
ထိုနောက် လေဝင်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျ သိုလှောင်ပါ။ စပါးသိုလှောင်ရန် ပတ်ဝန်းကျင်တွင် ဖိတ်စင် ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင် ဖယ်ရှားပါ။ သိုလှောင်ရုံကိုခြောက်သွေ့ သန့်ရှင်းအောင် ထားပါ။

ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်