အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မှိုတက်တဲ့သီးနှံထဲက မမြင်ရတဲ့ အန္တရာယ် အဖ်လာတောင်ဇင် - Aflatoxin

မှိုတက်တဲ့သီးနှံထဲက မမြင်ရတဲ့ အန္တရာယ် အဖ်လာတောင်ဇင် - Aflatoxin

Green Way
Green Way • 08/01/2026

ကျွန်မတို့မိတ်ဆွေတွေ မှိုတက်တဲ့ ငရုတ်သီး၊ ပဲ၊ မြေပဲ မစားရဘူး ဆိုတာကိုခဏခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် မစားရတာလဲ? ဘယ်လိုအန္တရာယ်ရှိလဲ? ဆိုတာကိုတော့ မသိသေးတဲ့သူတွေ များနေသေးတာမို့ နားလည်လွယ်အောင် ပြောပြချင်ပါတယ်။  

အဖ်လာတောက်ဇင်ဆိုတာက မှိုတွေက ထုတ်လွှတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ငရုတ်သီး၊ ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်းလိုမျိုး သီးနှံတွေမှာ မှိုတက်သွားရင် အဲ့ဒီမှိုတွေကနေ အဖ်လာတောက်ဇင်ဆိုတဲ့ အဆိပ်ထွက်လာနိုင်ပါတယ်။ ဒီအဆိပ်ဟာ လူကို အသည်းကင်ဆာအထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ကြီးတဲ့ အဆိပ်ပဲဖြစ်ပါတယ်။ 

မှိုတွေ အများကြီးရှိပေမယ့် အဖ်လာတောက်ဇင်ကို အဓိက ထုတ်လွှတ်တဲ့ မှိုတွေကတော့ Aspergillus flavus နဲ့ Aspergillus parasiticus ဆိုတဲ့ မှိုအမျိုးအစားတွေပါ။ ဒီမှိုတွေဟာ မျက်စိနဲ့ မြင်ရတဲ့အချိန်လည်းရှိတယ်၊ မမြင်ရသေးတဲ့ အချိန်လည်းရှိပါတယ်။ အဲ့ဒါကြောင့် မျက်စိနဲ့မမြင်ရဘူးဆိုပြီး လုံခြုံတယ်လို့ မထင်သင့်ပါဘူး။ မှိုတွေဟာ အစောပိုင်းအဆင့်မှာ မျက်စိနဲ့ မမြင်ရသေးပေမယ့် အဆိပ်ကို ထုတ်လွှတ်နေနိုင်ပါတယ်။ တကယ်ကို သေချာစစ်ချင်ရင်တော့ ဓာတ်ခွဲခန်းမှာ မှိုကို မွေးကြည့်ပြီးမှသာ သိနိုင်ပါတယ်။ 

မှိုတွေမှာ စပေါ (spore) လို့ခေါ်တဲ့ အစေ့သဏ္ဌာန်လေးတွေရှိပါတယ်။ ဒီစပေါလေးတွေဟာ အရမ်းပေါ့ပါးတယ်။ လေထဲမှာ လွင့်ပျံနိုင်တာမို့ လေထဲ၊ ပတ်ဝန်းကျင်ထဲမှာ နေရာမရွေး ရှိနေနိုင်ပါတယ်။ ဒီစပေါလေးတွေက ထိခိုက်ပြီး နာထားတဲ့ သို့မဟုတ် ပွန်းပဲ့ထားတဲ့ အသီးအနှံ၊ အစိုဓာတ်များတဲ့ သီးနှံတွေပေါ်ကို ကျသွားရင် မှိုပေါက်ဖို့ အရမ်းလွယ်ပါတယ်။ 

အဓိကအနေနဲ့ ငရုတ်သီးတွေကို ခူးတဲ့အချိန်မှ အနာရသွားရင်၊ မခြောက်သေးဘဲ သိုလှောင်ရင်၊ စိုစွတ်တဲ့နေရာမှာထားရင် မှိုပေါက်ဖို့ အခွင့်အရေး ပိုများလာပြီး အဖ်လာတောက်ဇင်အဆိပ် ထွက်လာနိုင်ပါတယ် အဖ်လာတောက်ဇင်တွေထဲမှာ အန္တရာယ်အကြီးဆုံးက Aflatoxin B1 ဖြစ်ပြီး ဒီအဆိပ်ကို တစ်ကြိမ်ထဲမှာပဲ အများကြီးစားမိရင်ဖြစ်စေ၊ နည်းနည်းကို ထပ်ခါထပ်ခါ စားမိရင်ဖြစ်စေ၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာ ဖြစ်နိုင်ခြင်းအထိ အန္တရာယ်ရှိပါတယ်။ 

တောင်သူတွေအနေနဲ့  သီးနှံခူးတဲ့အချိန် အနာမဖြစ်အောင် သတိထားပါ၊  ခူးပြီးပြီးချင်း ကောင်းကောင်း ခြောက်အောင်လုပ်ပါ၊ စိုစွတ်တဲ့နေရာမှာ မသိုလှောင်ပါနဲ့၊ မှိုတက်နေတဲ့ သီးနှံကို မရောင်းပါနဲ့။ ကိုယ်တိုင်လည်းမစားပါနဲ့။ “နည်းနည်းပဲ မှိုတက်တာ” ဆိုပြီး ရောင်းချတာကလည်း ရေရှည်မှာ အန္တရာယ်ရှိနိုင်ပါတယ်။ သီးနှံစိုက်ပျိုးခူးဆွတ် အခြောက်လှမ်းတဲ့အချိန်တွေမှာ မှိုမပေါက်အောင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ 

နိဂုံးချုပ်အနေဖြင့် အဖ်လာတောက်ဇင်ဆိုတာ မှိုကနေ ထွက်လာတဲ့ အဆိပ်ဖြစ်ပြီး လူ့ကျန်းမာရေးကို အလွန်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သီးနှံစိုက်ပျိုးခြင်းကနေ သိုလှောင်ခြင်းအထိ အဆင့်တိုင်းမှာ သတိထားခြင်းက ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ကာကွယ်ခြင်းပဲဖြစ်ပါတယ်။

Mekong Institute  ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပုစွန်ကို ဘယ်လုပ် မမွှေးဖွားလဲ

ကိုကိုနိုင် • ဖြေကြားချက် 0 ခု

စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါမှမဟုတ် ရွေ့ပြောင်းစိုက်တဲ့အချိန်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလားဗျ (၂)ပြီးတော့ ပျိုးထောင်တဲ့နေရာမှာ ပျိုးသက်ရက်က ဥပမာ- ကျနော်တို့ဆီမှာတော့ ပျိုးသက်ကို ၁-လ လောက်ထားကြတယ် ကျနော်က အကြောင်းအမျိုးမျိုးကြောင့် ပျိုးသက် (၄၀)ရက်သား မှ စိုက်ရတယ်ဆိုပါစို့ စပါးမျိုးကလဲ ၁-မျိုးတည်းဆိုပါစို့ အဲ့လို့ဆိုရင်ရော တစ်ခြားပျိုးသက်(၃၀)ရက်သားနဲ့စိုက်တဲ့ သူတွေနဲ့ စပါးမှည့်ချိန်/ရိတ်သိမ်းချိန် အတူတူဖြစ်မှာပါလား (၃)ပြီးတော့ "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုတဲ့ စကားပုံကရော ဘာကိုပြောပါလဲခင်ဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Khing Hein • ဖြေကြားချက် 2 ခု

ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ

ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု

စပါးဈေး

MOUNG AUNG PAING • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။