၂၀၁၈ ခုနှစ် သီးနှံစျေးကွက်အတွင်း ထူးထူးခြားခြားလှုပ်ခတ်ခဲ့သော သီးနှံများ

02/01/2019 10:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီတစ်ပတ်မှာတော့ ၂၀၁၈ ခုနှစ်အတွင်း သီးနှံဈေးကွက်အတွင်း ထူးထူးခြားခြား လှုပ်ခတ်ခဲ့တဲ့ သီးနှံဈေးကွက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်၊စပါး

၂၀၁၈ ခုနှစ်ကတော့ ဆန်ဈေးတွေက အမြင့်ဆုံးကို တက်လာတဲ့ နှစ်ဖြစ်ပြီးတော့ တောင်သူတွေ အကျိုးအမြတ် အများဆုံးရတဲ့ နှစ်လို့လည်း သုံးသပ်ထားကြပါတယ်။ စပါးဈေးတွေလည်းတက်လာခဲ့သလို ဆန်ဈေး တွေကလည်း တက်လာခဲ့ပါတယ်။

ပြည်တွင်းစားသုံးမှုများပြီး ဆန်ထွက်ရှိမှု နည်းတဲ့အတွက် ဆန်ဈေးတွေ အဆမတန် မြင့်တက်ခဲ့လို ဆယ်စုနှစ်အတွင်း ပထမဆုံးမြင့်တက်ခဲ့တဲ့ ငွေလဲလှယ်နှုန်းကြောင့်လည်း ဆန်ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။

ထိုသို့ ဆန်စပါးဈေးတက်တာက တောင်သူတွေအတွက်ကတော့ အဆင်ပြေခဲ့ပေမယ့် အခြေခံလူတန်းစား စားသုံးသူတွေကြား ဂယက်ထခဲ့ပါတယ်။ ဆန်စပါးလုပ်ငန်းရှင်တွေကတော့ အဆိုပါအခြေအနေနဲ့ပတ်သတ်ပြီး သိသာထင်ရှားတဲ့ ဆောင်ရွက်ပေးမှု မရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ စပါးအသစ် ဆန်အသစ်တွေပေါ်တော့မှာဖြစ်လို့ မကြာခင်ဈေးကျမယ်ဆိုတဲ့ အချက်သာ ဦးတည်ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာ စပါးဈေးက အနိမ့်ဆုံးဈေး ၇ သိန်းကနေ အမြင့်ဆုံးဈေး ၉ သိန်းအထိ ပေါက်ဈေးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အနိမ့်ဆုံးဈေး က ၈ သိန်းကနေ အမြင့်ဆုံး ၁၃ သိန်းအထိ ဈေးမြင့်တက်သွားခဲ့ပါတယ်။

ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် တစ်သောင်းခွဲ နီးပါးဈေးတက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းကတည်းက ဈေးတက်လာခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ အသစ်တွေ ပြန်လည်ဝင်ရောက်လာတဲ့ ဈေးကတော့ ပြန်ကျဆင်းသွားပါတယ်။ 

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ပေါ်ဆန်းသစ် ((နယ်စုံ၊ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြ၊ပုသိမ်) က တစ်အိတ်ကို ၂၆၀၀၀ ကနေ ၃၂၀၀၀  ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ တစ်အိတ်ကို ၂၇၀၀၀ ကနေ ၃၄၀၀၀ ပေါက်ဈေးရှိခဲ့တာ တွေ့ရပါတယ်။ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဈေးတက်လာခဲ့ပါတယ်။ ဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထဆန်၊ ငစိန်ဆန် နဲ့ မြီးဒုံဆန်တို့ကလည်း တစ်အိတ်ကို အနိမ့်ဆုံး ၅၀၀၀ ကနေ အမြင့်ဆုံးဈေး ၁၀၀၀၀ အထိ တက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဆန်ကြမ်းထဲမှာအမြင့်ဆုံးဈေးတက်ခဲ့တာကတော့ မြီးဒုံ ဆန် ဖြစ်ပြီး တစ်အိတ်ကို ၄၅၀၀၀ အထိ ဈေးရရှိခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ယှဉ်လိုက်ရင်တော့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက မတ်ပဲစိုက်တောင်သူတွေအတွက် ဖြေသာတဲ့ နှစ်တစ်နှစ်လို့ ဆိုလို့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်အစဇန်နဝါရီလမှာ မတ်ပဲ တစ်တန်ကို ၁၂ သိန်းအထိ ဈေးရရှိခဲ့ပေမယ့် နှစ်ကုန်ပိုင်းမှာတော့ တစ်တန်ကို ၅ သိန်း အထိသာ ဈေးရရှိခဲ့ပြီး တောင်သူတွေ နလံမထူနိုင်အောင် ဖြစ်သွားခဲ့တဲ့ နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။

တောင်သူနဲ့ကုန်သည်တွေကြား  ဈေးကစားရိုက်ခတ်မှုတွေ အငြင်းပွားမှုတွေလည်း ဆက်တိုက်ကို ဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရအနေနဲ့လည်းအတော်ကို ဗျာများခဲ့ရတဲ့ နှစ်ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ မတည်ငြိမ်တဲ့မူဝါဒတွေအကြား တောင်သူတွေက မြေဇာပင်ဖြစ်ခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာလည်း တောက်လျှောက်ဈေးကွက်မတည်ငြိမ်မှုတွေဖြစ်ပေါ်လာခဲ့ပြီး မတ်ပဲ အစားထိုး သီးနှံစိုက်ပျိုးမှုကို ပြောင်းလဲလုပ်ဖို့အထိ ပဲလုပ်ငန်းရှင်များက တောင်သူတွေကို တိုက်တွန်းခဲ့ရပါတယ်။ အဆိုပါ တိုက်တွန်းမှုတွေကြောင့် တောင်သူအတော်များများ  မတ်ပဲအစားထိုးစိုက်ပျိုးဖို့ကို ကြိုးပမ်းခဲ့ပြီး အချို့တောင်သူတွေကတော့ မယုံရဲတဲ့အခြေအနေနဲ့ ဆက်လက်စိုက်ပျိုးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာတော့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုဆိုးရွာမှုကြောင့်ပဲလိုအပ်ချက် မြင့်မားခဲ့ပြီး ပြည်တွင်းငွေဈေးအခြေအနေ ရုတ်တရက်မြင့်တက်ခဲ့တဲ့အတွက်ကြောင့် မတ်ပဲဈေးက ရုတ်တရက် ပြန်လည်မြင့်တက်ခဲ့ပါတယ်။

တစ်တန်ကို ၄ သိန်းကျော် ပတ်ချာလည် ရှိနေတဲ့ ပဲက ရုတ်တရက် ၇ သိန်းအထိ ဈေးမြင့်လာခဲ့ပြီး အမြင့်ဆုံး ၉ သိန်းအထိ ဈေးပြန်လည်မြင့်တက်ခဲ့တဲ့အတွက် ပုံမှန်အခြေအနေများရောက်လာမလား တောင်သူတွေအနေနဲ့ မျှော်လင့်ခဲ့ပါတယ်။ ပဲလုပ်ငန်းရှင်များအသင်းကလည်း အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို လိုသုံးသဘောမျိုးမဖြစ်ရအောင် ကိုတာစနစ်နဲ့ သွားရန် ညှိုနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုတာစနစ်နဲ့သွားဖို့ကို ပြီးခဲ့တဲ့နှစ်တွေက အိန္ဒိယကကမ်းလှမ်းခဲ့ပေမယ့် ဈေးကောင်းရနေတဲ့အတွက် မြန်မာကုန်သည်တွေက ကမ်းလှမ်းမှုကိုပယ်ချခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ မြန်မာဘက်က ပြန်လည်စတင်ခဲ့ပါတယ်။ သို့ပေမယ့် မြန်မာတောင်သူတွေ မနစ်နာအောင် တောင်းဆိုမှုတွေရှိတဲ့အတွက် လက်ရှိအချိန်မှာတော့ ကြန့်ကြာမှုတွေ ရှိနေပါတယ်။

လက်ရှိအခြေအနေရ ဈေးကျဆင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် တစ်တန်ကို ၇ သိန်းခွဲကျော်နဲ့ ဈေးတက်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲလိုပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီနှစ်စမှာ တစ်တန်ကို ငွေ့ကျပ် ၈ သိန်း ခွဲ ပေါက်ဈေးရှိခဲ့ပေမယ့် နှစ်ကုန် ဒီဇင်ဘာလမှာတော့ တစ်တန်ကို ငွေကျပ် ၃ သိန်းခွဲ နဲ့ တစ်နှစ်အတွင်းငွေကျပ် ၅ သိန်းဈေးကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်စ မှာလည်း အနည်းငယ်သာ ဈေးတက်လာခဲ့ပါတယ်။ 

ပဲစင်းငုံနီက တောက်လျှောက်ဈေးကျဆင်းခဲ့ပေမယ့် နှစ်ဝက်လောက်မှာ ဈေးတက်လာခဲ့တာပဲဖြစ်ပါတယ်။ အိန္ဒိယဝယ်ယူမှုအပြင် တရုတ်ကပါ ဝယ်ယူတဲ့အတွက် ဈေးက တက်လာခဲ့ပြီးတော့ မတ်ပဲဈေးကိုပါ ကျော်သွားခဲ့ပါတယ်။ ဒါကတော့ ပဲစင်းငုံနီက ၂၀၁၈ မှာ ထူးခြားတယ်လို့ ဆိုလိုရပါတယ်။ ဆက်တိုက်ကို ဈေးတက်နေခဲ့ပြီးတော့ အောက်တိုဘာလမှာတော့ ငွေဈေးအပြောင်းအလဲအပြင် အိန္ဒိယဝယ်ယူမှုကြောင့် ဈေးကထပ်ပြီး ပြန်တက်လာခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်က ပဲစင်းငုံနီ မဟုတ်တဲ့အတွက် အဝယ်က သိပ်မရှိပဲ ဈေးကလည်းအနည်းငယ်ပဲ တက်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုဆိုးရွာမှုက လွန်ခဲ့တဲ့ သုံးနှစ်အတွင်းကလို ဖြစ်မယ်ဆိုတဲ့ အိန္ဒိယ မိုးလေဝသ သုံးသပ်ချက်တွေကြောင့် မြန်မာပဲစင်းငုံနီတွေ ဈေးထပ်တက်နိုင်မယ်ဆိုတဲ့ သုံးသပ်ချက်တွေကလည်း တောင်သူတွေကြား ဆက်တိုက်ဆိုသလို တက်လာပါတယ်။ ထိုပြင် အိန္ဒိယမှာ ပဲစင်းငုံနီ သိုလှောင်မှုက လျော့နည်းလာတာဖြစ်တဲ့အတွက် သုံးသပ်ချက်တွေက မှန်ကန်နိုင်တယ်လို့ ကုန်သည်အများစုက ယူဆထားကြပါတယ်။

ပြည်တွင်း ပဲလက်ကျန်တွေများတဲ့အတွက် အိန္ဒိယတင်ပို့မှုကတော့ အနည်းငယ်သာ ရှိပြီး တင်ပို့မှုရက်ကလည်း တစ်လမှာ ရက် ၂၀ လောက်သာ အရောင်းအဝယ်ဖြစ်တာကိုလည်းတွေ့ရပါတယ်။ ရက်ခြားအရောင်းအဝယ်တွေကြား ပဲစင်းငုံနီက ဈေးပြန်လည်ကျဆင်းသွားပါတယ်။ ပဲအသစ်တွေကလည်းပေါ်လာပြီး အိန္ဒိယရဲ့ အခြေအနေကလည်း ကုန်သည်တွေ သုံးသပ်ထားသလိုမဖြစ်တော့တာကိုလည်းတွေ့ရပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေကတော့ တစ်တန်ကို ၇ သိန်း ၅ သောင်း နဲ့ ဈေးအတက်အကျအနည်းငယ် သာ ရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကလည်း ဒီနှစ်မှာ အပြောင်းအလဲများစွာ ကြုံတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဈေးတွေ တက်လာခဲ့တဲ့ ကြက်သွန်နီက ဒီနှစ်မှာတော့ ဈေးက အတက်ဈေး အနည်းငယ်သာရှိခဲ့ပြီး ဆက်တိုက်ကို ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဈေးတွေတက်တဲ့အတွက်ကြောင့် တရုတ်ကနေ ကြက်သွန်တွေ တင်သွင်းခဲ့တဲ့ အကျိုးဆက်က နောက်ပိုင်းမှာ ဈေးက ဆက်တိုက်ကို ကျဆင်းသွားခဲ့ပါတယ်။ ကြက်သွန်တွေ အဝင်နည်းခဲ့တာတောင် ဈေးက ကျဆင်းနေတာကိုလည်းတွေ့ရပါတယ်။ စားသုံးသူတွေအနေနဲ့ ရွေးချယ်စားသုံးဖို့ အခွင့်အရေးများခဲ့ပေမယ့် တောင်သူတွေအနေနဲ့ကတော့ အရှုံးပေါ်တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ထို့ပြင် အချိန်အခါမဟုတ် မိုးရွာသွန်းတာကလည်း ကြက်သွန်ခင်းတွေ ပျက်စီး ပြီးဈေးကောင်းမရရှိခဲ့သလို အရှုံးလည်းပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်အစပိုင်းမှာ ကြက်သွန်နီက တစ်ပိဿာကို ၂၂၅ ကျပ်ကနေ ၁၇၀၀ ရှိခဲ့ပေမယ့် နှစ်ကုန်ပိုင်းမှာတော့ တစ်ပိဿာကို ၃၀၅၀ အထိ ဈေးက တက်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်စမှာလည်း အတက်ဈေးနဲ့ရှိနေပေမယ့် နှစ်ကုန်မှာတော့ တစ်ပိဿာကို ၃၅၀ ကနေ ၁၄၀၀ ဈေးရရှိနေပါတယ်။

သကြား

၂၀၁၈မှာ ပြောင်းလဲတာကတော့ သကြားဖြစ်ပါတယ်။ သကြားကို တရုတ်ကနေ ဝယ်ယူမှု ရပ်တန့်ခဲ့တဲ့အတွက် ဈေးကွက်ပျက်လုနီးပါးဖြစ်ခဲ့ပြီး တင်ပို့မှုကိုပါ ရပ်နားထားခဲ့ရပါတယ်။ သကြားက လက်ရှိမှာ မှောင်ခိုဈေးကွက်သာရှိတဲ့အတွက် တရုတ်နိုင်ငံက မှောင်ခို ပစ္စည်းနဲ့ပတ်သတ်ပြီး အဖမ်းအဆီးပြုလုပ်ပါက ဈေးကွက်မှာပါ အထိနာကိုလည်းတွေ့ရပါတယ်။

သကြားဈေးကွက်ပျက်လုနီးပါးဖြစ်တာက ကြံစိုက်ပျိုးတဲ့ တောင်သူတွေကို တိုက်ရိုက်အထိနာစေတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်အစမှာ သကြားတစ်ပိဿာကို ၁၅၀၀ အထိ ပေါက်ဈေးရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ တစ်ပိဿာကို ၁၀၀၀ သာ ပေါက်ဈေးရှိတော့တာကိုလည်းတွေ့ရပါတယ်။

သကြားဈေးကွက်မှာ ကုန်သည်တွေအများအပြား အခက်ကြုံနေခဲ့ပေမယ့် နှစ်ကုန်ခါနီး ယခုလမှာ စိုက်ပျိုးရေးဝန်ကြီးနဲ့သကြားအသင်းတို့ တွေ့ဆုံခဲ့ပြီးတော့ ကြံသီးနှံနဲ့သကြားဈေးကွက် ခိုင်မာအောင်ရရှိဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် အလွန်ပင် နောက်ကျနေပြီဖြစ်ကြောင်း ကုန်သည်တွေက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြောင်း

မြန်မာနိုင်ငံအနေဖြင့် တရုတ်နဲ့တရားဝင်လမ်းကြောင်း မဖွင့်သရွှေ့ မြန်မာနိုင်ငံက တရားဝင်တင်ပို့ခွင့်မရသရွှေ့ အဖမ်းအဆီးများ နဲ့ ဈေးနှိမ်မှုတွေကို ခံစားနေရဦးမှာဖြစ်ပါတယ်။ တရုတ်ကို တရားဝင်တင်ပို့ခွင့်မရတဲ့ မြန်မာနိုင်ငံက သီးနှံတွေထဲက ပြောင်းကလည်း ဒီနှစ်မှာ အတော်အထိ နာခဲ့ပါတယ်။ မြန်မာအနေကလည်း တရုတ်မှမဝယ်ယူရင် အခြားရောင်းချစရာ နေရာမရှိတဲ့အတွက် ယခုလို အခြေအနေကြုံတွေ့နေရပါတယ်။

အခြား နှစ်တွေထက် ဒီနှစ်မှာ တရုတ်ဘက်က အဖမ်းအဆီးများတဲ့အတွက် ပြောင်းကားတွေ မူဆယ်ကုန်စည်ဒိုင်ဘက်မှာ ပုံနေခဲ့ပါတယ်။ အချို့ များတဲ့အတွက် ပြောင်းက အရည်အသွေးတွေ ကျဆင်းသွားပြီး ဈေးမရတဲ့အဖြစ်မျိုးတောင် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်စမှာတော့ စီပီပြောင်းက တစ်ပိဿာကို ၃၀၀ ကနေ ၃၅၀ ကြား ရှိခဲ့ပြီး နှစ်ကုန် ဒီဇင်ဘာလမှာတော့ တစ်ပိဿာကို ၄၆၀ အထိ ဈေးရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ငွေကျပ် ၆၀၀ အထိ ဈေးတက်ခဲ့ပေမယ့် အဖမ်းအဆီးများခြင်း ကုန်သွယ်မှုပိတ်ဆို့ခြင်းကြောင့် ဈေးတွေကျဆင်းခဲ့ပြီး ၂၀၁၈ နှစ်ကုန်မှာတော့ တစ်ပိဿာကို ၄၀၀ အထိ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။

စားအုန်းဆီ

စားအုန်းဆီကတော့ ၂၀၁၈ မှာ အပြောင်းအလဲ ဖြစ်တဲ့ စားသောက်ကုန်တစ်ခုပါ။ ပြည်ပကနေ ဆီမျိုးစုံတင်သွင်းမှုများလာတဲ့အပြင် စားသုံးမှုလည်းလျော့နည်းသွားတဲ့အတွက် ဈေးကလည်း လွန်ခဲ့တဲ့နှစ်တွေကလို ဈေးကောင်းမရရှိတော့ပဲ ဈေးကျဆင်းလာခဲ့ပါတယ်။ 

စားအုန်းဆီကို ပြည်ပကနေအဓိကတင်သွင်းရတဲ့အတွက် စားအုန်းဆီအဓိကတင်သွင်းနေတယ် မလေးရှားနိုင်ငံမှာလည်း စားအုန်းဆီဈေးကွက်က ကျဆင်းနေခဲ့ပါတယ်။ စားအုန်းဆီနဲ့ ဈေးတူတဲ့ ပဲပုတ်ဆီက ဈေးကွက်ထဲမှာ နေရာယူလာပြီး ပဲပုတ်ဆီက ဈေးပိုသက်သာ နေခဲ့တာလည်းဖြစ်ပါတယ်။ ထို့ပြင် ကမ္ဘာ့ငွေဈေးကလည်း ပြောင်းလဲ မှု ကြီး ရှိတဲ့အတွက် ငွေဈေးတွေ ကျဆင်းပြီး စားအုန်းဆီဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ ပြည်ပမှာ ကျဆင်းခဲ့တဲ့ စားအုန်းဆီကလည်း ပြည်တွင်းမှာပါ ကျဆင်းသွားခဲ့ပါတယ်။

၂၀၁၇ နှစ်စမှာ တစ်ပိဿာကို ၂၀၀၀ ကျော်ပေါက်ဈေးရှိခဲ့တဲ့ စားအုန်းဆီက  နှစ်ကုန်တဲ့ ဒီဇင်ဘာမှာတော့ တစ်ပိဿာကို ၁၇၀၀ နဲ့ ဈေးကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ ပြီး  တစ်ပိဿာကို အနိမ့်ဆုံး ၁၄၀၀ အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်တွင်းငွေဈေးအပြောင်းအလဲကြောင့် တစ်ပိဿာကို ၁၆၀၀ အနည်းငယ်ဈေးပြန်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဈေးကျဆင်းပါတယ်။

နှမ်းနက်(စမုံ)

နှမ်းမျိုးစုံရှိတဲ့အထဲက နှမ်းနက်(စမုံ)က ဒီနှစ်မှာ အတော်ကို ဈေးပြောင်းလဲခဲ့ပါတယ်။ ပုံမှန် တရုတ်က ဝယ်ယူမှုတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ဂျပန်ကပါ  စိုက်ပျိုးရေးခြံအထိ ကွင်းဆင်းဝယ်ယူမှုတွေ ရှိခဲ့တဲ့အတွက် ဈေးကမထင်မှတ်လောက်အောင် တက်ခဲ့ပါတယ်။ ထို့ပြင် နှမ်းနက်(စမုံ)ကို GAP နဲ့ စိုက်ပျိုးရောင်းချခဲ့တဲ့အတွက် ဈေးကအခြား GAP စနစ်နဲ့ မစိုက်ပျိုးတဲ့ နှမ်းတွေနဲ့ ယှဉ်ရင် ဈေးပိုရတာကတော့ အမှန်ပါ။

အခြားနှမ်းမျိုးစုံကလည်း ဈေးတက်ခဲ့ပေမယ့် နှမ်းနက်(စမုံ) ရဲ့ ဈေးကို မမှီတာတွေ့ရပါတယ်။ ဒီနှစ်ကတော့ နှမ်းစိုက်တောင်သူတွေလည်း နှစ်တစ်နှစ်လို့လည်း ဆိုလို့ရပါတယ်။ တရုတ်အပြင်အခြား အိမ်နီးချင်းနိုင်ငံ ၉ နိုင်ငံလောက်ကပါ နှမ်းကို ဝယ်ယူနေတာဖြစ်တဲ့ အတွက် အရည်အသွေးကောင်းရင် ကောင်းသလောက်ကို ဈေးကရရှိမယ့် အနေအထားဖြစ်နေပါတယ်။ 

ကုန်သည်တွေကတော့ တောင်သူတွေအနေနဲ့ အရည်အသွေးကောင်းတဲ့ နှမ်းဖြစ်ဖို့ ၊ပိုးသတ်ဆေး အလွန်အကျွံ့သုံးစွဲတဲ့ နှမ်းမဖြစ်ဖို့ တာဝန်ယူစေပြီး ဈေးကောင်းရရှိဖို့ကိုတော့ တာဝန်ယူတဲ့အကြောင်း ပြောထားပါတယ်း။ အရည်အသွေးကောင်းရင် အခြားပြည်ပနိုင်ငံတွေကို အလွယ်တကူ တင်ပို့နိုင်မှာဖြစ်ပါတယ်။

နှမ်းနက်(စမုံ)က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ၃ တင်းဝင် တစ်အိတ်ကို ၁၃၅၀၀၀ အထိသာ ဈေးရရှိခဲ့ပေမယ့် ၂၀၁၈ မှာတော့ တစ်အိတ်ကို ၂၇၀၀၀၀ အထိ အမြင့်ဆုံးဈေးရရှိခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်