အတွေးထဲက Agricultural Mobile Clinic (AMC)

Photo - အစည်းအဝေးတစ်ခု

ရေဆင်း မောင်နှမများ ခင်ဗျား။
စာကတော့နည်းနည်းရှည်ပါမယ်။ စာမရေးတာလည်းကြာ ခံစားမှုကလည်း မြင့်လာတော့ သီးခံပြီးဖတ်ပေးပါ ခင်ဗျား။ ပြီးတော့ အကြံဉာဏ်တွေလည်း လိုချင်ပါတယ်။
တကယ်ကတော့ ဒီအတွေးလေးကို ကျွန်တော် တွေးနေခဲ့တာ ကြာပါပြီ။ ကြာဆို လွန်ခဲ့တဲ့ ၃ နှစ်က ရေဆင်းမှာ ကျောင်းတက်နေရင်းနဲ့ သီးစစ်ရေးနေတဲ့ ကာလပေါ့။ ကျောင်းစရိတ်အတွက် နာဂစ်ဒဏ်ခံစားရတဲ့ ဧရာဝတီတိုင်းမှာ INGO မှာ အလုပ်လုပ်ကတည်းက စခဲ့တယ်ဆိုပါတော့။ ဒါပေမယ့် အတွေးသာရှိပြီး သေချာ အစီအစဉ်မဆွဲဖြစ်ဘူး။

ဘယ်ကနေရခဲ့တာလည်း ဆိုတော့ ဆရာဝန်တွေ လုပ်နေတဲ့ Mobile Clinic ဆိုတာကနေ စခဲ့တာပါ။လူနာတွေအတွက် Mobile Clinic လေးတွေနဲ့ လျှောက်သွားပြီး ပြုစုပေးနေတာမြင်တော့ ငါတို့ စိုက်ပျိုးရေး ကျောင်းဆင်းတွေကော ဒီလိုလုပ်လို့ရတာပဲလို့ စိတ်ကူးလေး ရှိခဲ့တယ်။ နောက်ပိုင်းကျတော့ ကျောင်းစာတစ်ဖက်နဲ့ ဖြစ်ပြန်တော့ မေ့သွားပြန်ရောပေါ့။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဝန်ထမ်းဘဝလေ။

ကျောင်းပြီးပြန်တော့ ကျောင်းဆက်တက်ဖို့ ဖြစ်လာပြန်ရော သတိမေ့နေပြန်တယ်။ ဖေဖော်ဝါရီလကမြန်မာပြည်ပြန်ပြီး သုတေသန အတွက် ကွင်းဆင်းတော့ ရွာတစ်ရွာမှာ Mobile Clinic လေးနဲ့ ရွာသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးနေတာ တွေ့တော့ပြန်သတိရလာခဲ့တယ်။ အခုတော့ အရင်ကလို ဝန်ထမ်းဘဝ မဟုတ်တော့ဘူး။ စိတ်သွားတိုင်း ကိုယ်ပါတဲ့ဘဝလေ။ ဒီတော့ စိတ်ကူးနယ်ချဲ့ပြီး အတွေး ကျယ်ကျယ်လေး တွေးမိတယ် ဆိုပါတော့။

ဒီတော့ တောင်သူတွေရဲ့ဘဝကို စတွေးမိတယ်။ တောင်သူတွေ ဆိုတာ တကယ့် အနှိမ်ခံဘဝ၊ တစ်နေ့ နဲ့ တစ်နေ့စားဝတ်နေရေး အဆင်ပြေဖို့သာ ရုန်းကန်နေကြရသူတွေ။ သူတို့ခမျာ စိုက်ပျိုးသာစားနေရတာ ရင်ထဲမှာ နွမ်းလျပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျလို့ပေါ့။ သူတို့တစ်တွေရဲ့ ရင်ထဲက ကျမျက်ရည်တွေ ဘယ်လိုရပ်တန့်စေနိုင်မလဲ။ ဗဟုသုတအတွက် စာဖတ်ရမယ် ဆိုတာလည်း အသိရှိသူက နည်းလှတယ်။ရာသီဥတု မကောင်းတာက တစ်မျိုး၊ သီးနှံ စျေးကွက် မကောင်းတာက တစ်ဖုံ၊စိုက်ပျိုးစရိတ် မြင့်တာလာတာ တစ်သွယ်၊ ကုန်စျေးနှုန်း မြင့်လာတာက တစ်ကြောင်းဆိုတော့ ဘယ်ကနေ လူလုံးပြောင်တော့မလဲ။

စိုက်ပျိုးလုပ်ကိုင်နေတာတွေကလည်း တကယ့် အရင်တုန်းက နည်းပညာ။သူတို့တွေ နည်းပညာ အသစ်တွေ သိချင်စိတ်ပြင်းထန်တယ်။ ဟုတ်တယ် ဘယ်မှာ ရှာဖွေ မေးမြန်းမလဲ။ နံပါတ်တစ်အထိ အတွေ့များတာက စိုက်ပျိုးရေး ကုမ္ပဏီတွေက ရေဆင်းကျောင်းဆင်း ဝန်ထမ်းလေးတွေ။ သူတို့တွေကရွာထဲအထိ အရောက်လာတယ်။ သေချာတာက သူတို့ ဆေးကောင်းကြောင်း ကြော်ညာရင်း ဆေးဆိုင်တွေကနေတစ်ဆင့် ဆေးတွေ အကြွေး ရောင်းတယ်။ တောင်သူကလည်းရောဂါ နဲ့ ပိုးမွှား မခွဲခြားတတ်။ ဆေးဆိုင်က ရောင်းပေးတာကိုပဲ လွယ်လွယ်သုံးကြတယ်။ စိုက်တက္ကသိုလ် ကျောင်းဆင်းတွေ ဖွင့်ထားတဲ့ဆိုင်ဆိုရင်တော့ မဆိုးပါဘူးပေါ့။ တကယ် စီးပွားရေးအတွက်ပဲ လုပ်တဲ့ဆိုင်တွေဆိုရင်တော့ မစားသာပါဘူး။ ဒီတော့ အကြွေးယူ ဆေးဖြန်း၊ ပြန်ဆပ် ၊ပြန်ယူသံသရာမှာ လည်ရင်း စနစ်မှားယွင်းစွာ သုံးစွဲမှုတွေကြောင့် တောင်သူတွေမှာ အဆိပ်သင့်လို့ သင့်မှန်းမသိ။ အကျိုးဆက်အဖြစ် သေချာတာကတော့ မြေကြီး နဲ့ပတ်ဝန်းကျင်ကတော့ အရင် ဆယ်စုနှစ် ၃ ခု လောက်က အပျိုစင် တစ်ယောက်လိုမဟုတ်ခဲ့ပြီ။ လူတွေလည်း အသက်တိုစေခဲ့ပြီ။

ဒီတော့ဝန်ထမ်း မဟုတ်တော့လို့ ပြောတာမဟုတ်ပါ။ နံပါတ်နှစ် အားကိုးရာဖြစ်တဲ့ကျွန်တော်တို့ရဲ့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း အကြောင်း ပြောရတာ့မယ်။တောင်သူတွေရဲ့ အမြင်ကိုပေါ့။ သူတို့အမြင်မှာ မြန်မာစိုက်ပျိုးရေးကရုံးတွေကို မချဉ်းကပ်ရဲဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ရှိနေတာတွေက ရုံးထဲဝင်သွားပြီး ဝန်ထမ်းတွေဆီကို သွားရင် ရှိသူတွေက အားလုံး စတယ်ကြီးတွေကိုယ်စီနဲ့။ စကားပြောချင်စိတ် မရှိသလိုလို။ မေးရမှာ ခပ်ကြောက်ကြောက်။ဆူလွတ်မှာလည်း ခပ်လန့်လန့်။ ကြာတော့ စိုက်ပျိုးရေး ရုံးဆိုတာ တောင်သူပညာပေးဌာန မဟုတ်တော့ပဲ တောင်သူတွေနဲ့ ဝေးနေတာ ဆယ်စုနှစ်ဘယ်နှစ်ခုတောင် ရှိပြီလဲမသိ.....။

နံပါတ်သုံး တောင်သူတွေအားကိုးရာက NGO & INGO က စိုက်ပျိုးရေးသမားတွေ။ သူတို့လာရင်မေးချင်တာတွေ လွတ်လွတ်လပ်လပ် အားပါးတရ မေးချင်တယ်။ ဝန်ထမ်းတွေကလည်း သူတို့ဆွဲထားတဲ့ ပရောဂျက်ဆိုတာကိုပဲ ပြီးအောင် အကောင်အထည်ဖော်ရတယ်။ အချိန်ပေးပြီးတော့ ရှင်းပြသူများလည်း ရှိပါရဲ့။ အတိုလေး ပြောပြသူလည်းရှိပါရဲ့။ ရှင်းပြနိုင်သူတွေကလည်း ထုတ်လုပ်ရေး အပိုင်းမှာ အထွက်တိုးလာအောင် ကူညီပေးနိုင်ခဲ့ကြပါတယ်။ စျေးကောင်းရဖို့ကျတော့ သူတို့နဲ့ မဆိုင်သလိုပဲ။

မြန်မာပြည်ရဲ့စျေးကွက်ကို လွမ်းမိုးချုပ်ကိုင်ထားတာကလည်း စီးပွားရေး လုပ်ငန်းလုပ်တဲ့ငွေရှှုင်တွေ။ ဒီတော့ အထွက်သာကောင်းလာပါရဲ့။ တောင်သူဘဝက သီးနှံစျေးကောင်းမရတော့ ဆေးဆိုင်က အကြွေးကျေဖို့ နဲ့ မနက်ဖြန်တွေစားဖို့အတွက် မြေထိုးဆပ်၊ ခြံမြေရောင်းထုတ်ရတဲ့ ဘဝ။ နောက်ဆုံးဘာဖြစ်လည်း။ မိမိလယ်ကိုပဲ အငှါးပြန်လုပ်စားရတယ်။ တစ်ချို့ဆို သူရင်းငှါး ပြန်လုပ်ရတယ်။ နေရာရွေ့ပြီး မြို့ပေါ်တက် လက်လုပ်လက်စား ဘဝ ရောက်ရတယ်။ အခြားနိုင်ငံမှာကျွန်ခံဖို့ ထွက်ကြရတယ်။ နောက်ဆက်တွဲ သူတို့တွေရဲ့ မျိုးဆက်သစ်လေးတွေ ဘဝမလှပတော့ဘူး။ စိတ်မကောင်းစွာနဲ့ပဲ မိဘအလုပ်ကို ကူခိုင်းရတော့တယ်။ ရင်နာနာနဲပဲ သားသမီး ငယ်ငယ်ရွယ်ရွယ်ကို ခိုင်းစားရတော့တယ်။ ကလေးတွေရဲ့ပညာတတ်မြောက်မှုက နည်းလာတော့တာပေါ့။

ကျွန်တော့်ရင်ထဲမှာ စိတ်မကောင်းစွာနဲ့ ကြည့်နေခဲ့ရတာ ကြာပါပြီ။ ဒီတော့ ဘယ်ကနေစမလဲ။ကျွန်တော်တို့တတ်နိုင်တာက သေချာတာ တစ်ခုက ကျွန်တော်တို့ကိုယ်စီကို အမိစိုက်ပျိုးရေးတက္ကသိုလ်က သင်ပေးလိုက်တဲ့ အတတ်ပညာတွေ ကိုယ်စီနဲ့။ကျွန်တော်တို့ သိတာတွေကို သူတို့ကို ပြန်လည်ဝေမျှမယ်။ ဘယ်လိုနည်းလမ်းနဲ့လဲ။ ကျွန်တော်တို့ ကိုယ်စီမှာလည်း စားဝတ်နေရေးအတွက် အလုပ်ကိုယ်စီ ရှိကြမှာပဲ။ ဒီတော့ အားလပ်ချိန် စနေ၊ တနင်္ဂနွေနေ့တွေကို အသုံးချမယ်။ ကျွန်တော်တို့အားတဲ့ အချိန်လေးကို ဖဲ့ပြီး စိုက်ပျိုးရေး အသိပညာတွေ လိုအပ်နေတဲ့တောင်သူတွေကို ဝေမျှကြမယ် ဆိုရင်ကော...............????????

ဆရာဝန်တွေMobile Clinic လုပ်နေသလို ကျွန်တော်တို့ကော Agricultural Mobile Clinic (AMC)လေးတွေ လုပ်ရင်ကော။ မဖြစ်နိုင်ဘူးလား......????????

ဘယ္လို စၾကမလဲ....

Agricultural Mobile Clinic (AMC) တစ်ခု စဖြစ်ဖို့ကတော့ Light Truck လို ကားတစ်စီး။ပြီးတော့ သက်ဆိုင်ရာ စိုက်ပျိုးရေး ဘာသာရပ်တွေက တစ်ဦးစီ။ ဆိုပါတော့လယ်ယာသီးနှံ အပိုင်း၊ စိုက်ပျိုးရေးရုက္ခဗေဒ အပိုင်း၊ စိုက်ပျိုးရေးဓာတုဗေဒဌာနအပိုင်း၊ အပင်ရောဂါဗေဒအပိုင်း၊ အပင် ပိုးမွှားဗေဒက တစ်ပိုင်း၊ဥယျာဥင်္ခြံသီးနှံက တစ်ပိုင်း၊ စိုက်ပျိုးစီးပွားက တစ်ပိုင်း ဆိုတော့ လူ ၇ယောက်။ ကားမောင်းသူနဲ့ဆိုတော့ လူ ၈ ယောက်နဲ့ကားတစ်စီးပဲ လိုတယ်ဆိုပါတော့။

ဒီတော့ ဥပမာ ရန်ကုန်တိုင်းမှာပဲ ဆိုပါတော့မှော်ဘီ၊ လှည်းကူးလို နေရာက လိုအပ်နေတဲ့ ရွာတစ်ရွာကို သွားတယ် ဆိုပါတော့။ရန်ကုန်တိုင်းအတွင်းက စိတ်ပါဝင်စားသူ ဘာသာရပ် တစ်ခုစီကစိုက်ပျိုးရေးကျောင်းဆင်း ၇ ယောက်နဲ့ ဒရိုင်ဘာတစ်ယောက် ကားတစ်စီး စနေနေ့ကိုရွာကို ဆင်းသွားပြီ။ ရွာကိုတော့ တစ်ပတ်ကြိုတင်ပြီး ရွာမှာ ရှိတဲ့တောင်သူများမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရှင်းပေးဖို့ စိုက်ပျိုးရေးရွေ့ပြောင်းဆေးခန်း လာမယ်။ ခင်ဗျားတို့ဆီမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့လာရင် နားထောင် ဖြေရှင်းပေးပါ့မယ်လို့ ကြိုတင်အကြောင်းကြား ထားမှာပေါ့။ ရွာရောက်တော့ တောင်သူတစ်ဦးချင်းစီကနေ ပညာရှင် ၇ဦးက သူတို့တွေဆီက ပြဿနာတွေကို ရေးမှတ်ပါ့မယ်။ ရှင်းနိုင်တာကိုချက်ခြင်းရှင်းပေးမယ်။ မနိုင်တာကို နောက်တစ်ပတ်မှာပြန်လာပြီးရှင်းပြမှာပေါ့။ ဘာလို့ဆိုတော့ ဒေသတစ်ခုနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိရင်ဒေသတစ်ခုက သီးနှံတွေ အကြောင်းချက်ခြင်းသိဖို့က ခဲယဉ်းပါတယ်။ ဒီတော့ကျွန်တော်တို့လည်း ပြဿနာတွေ သိနေတော့ ရှာဖွေဖတ်ပြီး ပြင်ဆင်ချိန်ရအောင် နောက်တစ်ပတ်ကို ထပ်သွားတာပေါ့။ ပြီးတော့ ပိုတဲ့ အချိန်တွေကိုလည်း စျေးကွက်အကြောင်း၊ ပိုးမွှား၊ ရောဂါအကြောင်း ဗဟုသုတပေးရင်း လက်တွေ့တွေလည်းပါရင်းပေါ့။ တစ်ရွာမှာ တစ်နေကုန် အချိန်ပေးဖြစ်တာပေါ့။ ရွာသေးရင်တော့ တစ်ရက် ကျေးရွာအုပ်စု တစ်ခုပေါ့ဗျာ။

ဒီလိုလုပ်ဖို့အတွက်ကတော့ သေချာတာတစ်ခုက ကျွန်တော်တို့ ကားနဲ့ သွားဖို့ ဆီဖိုးကုန်မှာပဲ။ ဒီတော့လည်း ဒီလိုပဲ ဝေမျှကုန်ကျခံရမှပေါ့။ အလှူတစ်ခုလို့ ယူဆရင်အမောပြေပါတယ်။ ပြီးတော့ စိုက်ပျိုးရေးဆိုင်ရာတွေကို သိချင်ရင်ချက်ခြင်းလှမ်းမေးဖို့ ဖုန်းအဆက်အသွယ်တွေပေးခဲ့မယ်။ ဒီတော့ တောင်သူတွေရဲ့စိတ်ထဲမှာ နည်းပညာအရ လုံခြုံမှု အားထားမှုတွေ ရှိနေမယ်။ စိုက်ပျိုးရေးကျောင်းဆင်းတွေက အားကိုးရတယ်ဗျလို့ သူတို့ရဲ့ စိတ်မှာ နည်းပညာအတွက်ပူပင်စရာ မရှိအောင် ကျွန်တော်တို့လုပ်ပေးနိုင်မယ်။

ဒီလိုမျိုးAgricultural Mobile Clinic (AMC)လေးတွေ ပြည်နယ်နဲ့ တိုင်းက မြို့နယ်တစ်ခုစီမှာ အနည်းဆုံး တစ်ခုစီ ရှိကြရင်ကော ပိုမကောင်းဘူးလား။ ကျွန်တော်တို့အချင်းချင်း လုပ်အားပေးလိုသူ လူ ၈ ယောက်တောင် မပေါင်းစည်းနိုင်ကြဘူးလား။ ကျွန်တော်တို့ပညာတွေကို ပြန်လည် မဝေမျှလိုဘူးလား၊ အသုံးမချလိုဘူးလား။ကျွန်တော်တို့ရဲ့ မောင်နှမတွေ ပြည်နယ် နဲ့ တိုင်း အလိုက် ကွန်ယက်တွေရှိနေမယ်။ အချင်းချင်းတိုင်ပင်နိုင်မယ်။ ကိုယ့်အစွမ်းအစတွေ ပြခွင့်ရပြီးအမိ တက္ကသိုလ် အတွက် တန်ဖိုးတက်စေမယ်။

ဒီလိုအခါ နိုင်ငံတော်ကို အားတက်သရော တည်ဆောက်နေတဲ့ အချိန်မှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကျွန်တော်တို့ မောင်နှမတွေ မပါရတော့ ဘူးလား။ သူတို့တောင်သူတွေ တိုးတက်မှ ကျွန်တော်တို့ နိုင်ငံမှာ အောက်ခြေ လူတန်းစား နည်းတော့မယ်လို့ မယူဆသင့်ဘူးလား။ တောင်သူတွေအတွက် စိုက်ပျိုးရေးမောင်မယ် လို့ ပြောစရာဖြစ်အောင်၊ ပြောစမှတ် တွင်အောင် မလုပ်နိုင်ခဲ့ တော့ဘူးလား။ ကျွန်တော်တို့မှာ လုပ်ခွင့်မရှိ တော့တာလား။

အားလုံးဆီကနေအကြံပြုချက်တွေ လိုချင်ပါတယ် ခင်ဗျား။ အဆုံးထိ ဖတ်ပေးတဲ့ အတွက်မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ စာရှည်သွားတဲ့ အတွက်လည်းတောင်းပန်ပါတယ် ခင်ဗျား။

မေတ္တာဖြင့်

အောင်ကောင်းမြတ်

မေ ၃၀၊ ၁၅း၅၁၊ ဘိုလွန်ညာ၊ အီတလီ။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဖွဲထောင်းလို့ ဆန်ကောင်းမရ"