ဆေးဖက်ဝင်ရှားပါး ငါးကြီးအန်ဖတ်...

22/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးကြီးအန်ဖတ်(Ambergris)ဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် ငါးမန်း၊ ဝေလငါးနှင့် လင်းပိုင်ကဲ့သို့ ကြီးမားသောငါးကြီးများမှ အန်ထုတ်လိုက်သည့် ရှားပါးသဘာဝပစ္စည်းအမယ်တစ်မျိုး ဖြစ်ပါသည်။

ငါးကြီးအန်ဖတ်ကို ကြီးမားသောငါးကြီးမျိုးများမှ ရရှိသည်ဆိုသော်လည်း အမှန်အားဖြင့် တန်ဖိုးကြီးရှားပါးအန်ဖတ်ကိုတော့ Sperm Whale အမည်ရှိသော ဝေလငါးမျိုးတစ်မျိုးတည်းမှသာ ရရှိနိုင်ပါသည်။ စပန်းဝေလငါးကြီးများ၏ အစာခြေလမ်းကြောင်းကနေထုတ်လုပ်သည့် အညိုပုပ်ပုပ်အရောင်ရှိသည့် ကျိချွဲချွဲအရာတစ်မျိုးကို ငါးကြီးအန်ဖတ်ဟု ခေါ်ကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ဝေလငါးမျိုးစိတ်(၃၆)မျိုးခန့်ရှိသည့်အနက် အဆိုပါငါးကြီးအန်ဖတ်ရရှိသည့် Sperm Whale ၏ သိပ္ပံအမည်မှာ Physeter macrocephalus ဖြစ်၍ မျိုးစဉ်(Class)မှာ Mammalia ဖြစ်ပါသည်။ Sperm Whale သည် မွေးဖွားသည့်အခါ နို့တိုက်ကျွေးသောဓလေ့ရှိသည့် နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်သည်။ အရွယ်ရောက် Sperm Whale တစ်ကောင်သည် ခန္ဓာကိုယ်အလျား ပေ ၅၀ မှ ၆၀ ကျော်အထိ ရှည်လျားပြီး ကိုယ်အလေးချိန်အားဖြင့် တန် ၅၀ ကျော်ထိ ကြီးထွားနိုင်ကြသည်။၎င်းဝေလငါးမျိုး၏သက်တမ်းမှာ နှစ် ၆၀ ကျော်ခန့် ဖြစ်ပါသည်။ 

ငါးကြီးအန်ဖတ်ရရှိပုံ

Sperm whale မျိုးစိတ် ဝေလငါးများ၏ အစာစားသောက်သောအလေ့အထ(Feeding Habit) မှာ ရေဘဝဲ၊ ပင်လယ်ငါးအစရှိသည့် ရေသတ္တဝါမျိုးများဖြစ်သော်လည်း အဓိကထားစားသုံးသောအစာမှာ ကင်းမွန်ငါးမျိုးကြီး(Parrot-like beaks of Squid)ဖြစ်ပါသည်။ Sperm Whale သည် အစားကျူးသောသတ္တဝါအမျိုးအစား(Prodigious Feeder)ဖြစ်ပြီး အစာစားနှုန်းမှာ တစ်ရက်လျှင် ခန္ဓာကိုယ်အလေးချိန်၏ ၃% ခန့် စားသုံးကြောင်းသိရပါသည်။ ပင်လယ်သမုဒ္ဒရာအောက် ရေအနက်(၃၀၀ မှ ၈၀၀ မီတာ) ပေ ၃၃၀၀ မှ ၆၆၀၀ အနက်အတွင်း အစာရှာဖွေလေ့ရှိကြောင်း သိရသည်။

Sperm Whale ငါးကြီးများသည် အစာကိုလွန်ကဲစွာ စားသုံးတတ်သည်နှင့်အညီ ကိုယ်လက်မအီမသာ ဖြစ်လာသည့်အခါ အစာအိမ်အခန်းများမှ စားသုံးချေဖျက်ဆဲဖြစ်သည့် အစာကို ပြန်လည်အန်ထုတ်လိုက်ခြင်းဖြင့် ငါးကြီးအန်ဖတ်အဖြစ် ရရှိခြင်းဖြစ်ပါသည်။

ငါးကြီးအန်ဖတ်ကို ပင်လယ်သမုဒ္ဒရာများအတွင်း ပေါလောမျောလျက်နေခြင်းဖြင့် လည်းကောင်း ၊ ပင်လယ်ကမ်းခြေကမ်းစပ်များတွင်သောင်တင်လျက်ရှိသောအနေအထားမျိုးဖြင့်လည်းကောင်း တွေ့ရှိရတတ်ပါသည်။

ငါးကြီးအန်ဖတ် စစ်မစစ် စစ်ဆေးခြင်း 

ငါးကြီးအန်ဖတ်အစစ်မှာ ဖယောင်းသားကဲ့သို့ ချောပြောင်နေပြီး အလင်းပေါက်ကာ မီးစွဲလွယ်သည်ဟု ဆိုပါသည်။

စစ်မစစ် စမ်းသပ်ကြည့်ရန်မှာကား မီးရှို့လိုက်ပါက အရက်ပြန်သုတ်ထားသကဲ့သို့ မီးလိုက်သည်ဟု ဆိုပါသည်။ အရောင်မှာ အဖြူနှင့် အမဲရောင်ရှိပြီး အမဲရောင်အမျိုးအစားက စျေးနှုန်းပိုရကြောင်း သိရှိရသည်။

ငါးကြီးအန်ဖတ်မှာ ပင်လယ်ထဲမျောနေပြီးနောက် ကမ်းရိုးတန်းဒေသတစ်ခုခုတွင် သောင်တင်လေ့ရှိပါသည်။ အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်၊ ဘရာဇီး၊ အရှေ့အိန္ဒိယ၊ တောင်အာဖရိက၊ မာဒါဂါစကာ၊ အရှေ့တောင်အာရှ၊ မော်လ်ဒိုက်၊ တရုတ်၊ဂျပန်၊  ဩစတေးလျနှင့် နယူးဇီလန်တို့မှာ အများဆုံးတွေ့ရပါသည်။

ငါးကြီးအန်ဖတ်မှာ အရွယ်အစား အမျိုးမျိုးရှိနိုင်ပါသည်။ အလေးချိန် ၁၅ ကီလိုမှ  ၅၀ ကီလိုခန့်အထိ တွေ့ရတတ်ပါသည်။ ငါးကြီးအန်ဖတ်ထဲတွင် အဓိကပါဝင်သည့် ဒြပ်ပေါင်းများမှာ ambrein၊ ambroxan နှင့် ambrinol တို့ပဲဖြစ်ပါသည်။

ငါးကြီးအန်ဖတ်ကို အဓိကအားဖြင့် ရေမွှေးနံ့သာများထုတ်သည့်နေရာတွင် fixator (အနံ့ပေါင်းဆေး) အနေဖြင့် အသုံးပြုကြပါသည်။ အမွှေးနံ့သာနှင့် ပတ်သက်သည့် အလှကုန်ပစ္စည်းများ၊ မုန့်မျိုးစုံနှင့် ဝိုင်ကဲ့သို့သော ယမကာများ၌လည်း သုံးစွဲကြောင်းသိရပါသည်။

၄င်းအပြင် ပရဆေးအဖြစ်လည်းသုံးစွဲကြပြီး ကာမနှင့် ပတ်သက်သောအားဆေးသဖွယ်လည်း ယုံယုံကြည်ကြည် သုံးစွဲကြပါသေးသည်။ ငါးကြီးအန်ဖတ်ကို တန်ဖိုးကြီးရေမွှေးများဖော်စပ်ရာ၌ ချုပ်ဆေးအဖြစ် အဓိကထားသုံးစွဲကြသည်ဟုလည်း ဆိုပါသည်။

သို့သော်လည်း ယခုအခါ ဝေလငါးများရှားပါးလာမှုနှင့်အတူ ငါးကြီးအန်ဖတ်၏ဈေးမှာလည်း အဆမတန်ကြီးမြင့်လာမှုကြောင့် ရေမွှေးထုတ်လုပ်သူများအနေဖြင့် အစားထိုးဒြပ်ပေါင်းများကို အသုံးပြုလာနေကြပြီဟု သိရပါသည်။ 

ငါးကြီးအန်ဖတ်သည် ကျောက်သွေး၊ ငှက်သိုက်၊ ကြံ့ချို၊ ကတိုးကောင်တို့ကဲ့သို့ ရှားပါးစျေးကြီးတန်ဖိုးမြင့်မားလှသည့် သဘာဝပစ္စည်းအမယ်တစ်မျိုးဖြစ်လေရာ မိမိတို့၏ ကံဇာတာအလျောက် ကြုံကြိုက်တွေ့ရှိပါက တမဟုတ်ချင်း ကြီးပွားချမ်းသာမည့် အခွင့်အရေးမျိုး ရရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၌လည်း ရခိုင်၊ တနင်္သာရီနှင့် မွန်ပြည်နယ်ဖက်များ၌ သောင်တင်လာသော ဝေလငါးကြီးမျိုးများ တွေ့ရှိရကြောင်းမှတ်တမ်းများအရ သိရပါသည်။

သို့ဖြစ်ရကား ပင်လယ်ပိုင်းဒေသများ၊ ကမ်းခြေကမ်းစပ်များသို့ အကြောင်းအမျိုးမျိုးအားဖြင့် သင်ရောက်ရှိခဲ့ပါသော် သင်ဖတ်ရှုလေ့လာထားသည့် ဗဟုသုတများကို အသုံးချ၍ ရှာဖွေစမ်းသပ်ကြည့်နိုင်ပါကြောင်း လေ့လာရေးသားဖော်ပြအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်