လူသားနှင့်တိရစ္ဆာန်များအတွက်အရေးပါတဲ့အန္တရာယ် - ပဋိဇီဝဆေးယဉ်ပါးမှု

30/03/2023 16:35 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ပြီးခဲ့တဲ့ မတ်လအစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ VIV Asia 2023 မွေးမြူရေးပြပွဲကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပြီး၊ အဲဒီပြပွဲအတွင်းမှာ တွဲဖက်ကျင်းပတဲ့ အာရှတိရစ္ဆာန် ဆေးကုဆရာဝန်အသင်းများအဖွဲ့ချုပ် (Federation of Asian Veterinary Associations - FAVA) ရဲ့ ဟောပြောပွဲတစ်ခုကိုပါ တက်ရောက်ဖြစ်ခဲ့ပါတယ်။

ဟောပြောပွဲခေါင်းစဉ်က “Veterinarians as Game-changers in AMR Surveillance in Priority Bacterial Pathogens in the Asia-Pacific Region” ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသက နိုင်ငံတွေမှာ ဦးစားပေးအဆင့် အရေးကြီးတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေရဲ့ ပဋိဇီဝဆေးဝါးတွေအပေါ် ယဉ်ပါးလာမှုကို စောင့်ကြည့်လေ့လာရာမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုပါဝင်ရမယ်၊ ဘယ်လိုပါဝင်နိုင်မယ်ဆိုတာကို ဦးစားပေးပြီး ဒေသတွင်းက ပညာရှင်တွေက သုံးသပ်ဆွေးနွေးဟောပြောခဲ့တာပါ။ 

ပဋိဇီဝဆေးဝါးဆိုတာ

ပဋိဇီဝဆေးဝါးဆိုတာကတော့ လူနဲ့တိရစ္ဆာန်တွေမှာ ဗက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကိုကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေကို နာမကျန်းတဲ့ လူနဲ့တိရစ္ဆာန်တွေမှာ အသုံးပြုတဲ့အခါ၊ အဲဒီဆေးတွေက ဗက်တီးရီးယားပိုးမွှားတွေကို ဆေးအုပ်စုတစ်မျိုးချင်းစီ၊ ဆေးတစ်မျိုးချင်းစီအလိုက် ကွဲပြားခြားနားတဲ့ နည်းလမ်းတွေနဲ့ ချေမှုန်းသုတ်သင်ကြတာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို ပဋိဇီဝဆေးဝါးတွေက သုတ်သင်ချေမှုန်းလိုက်တဲ့အခါ ရောဂါလက္ခဏာတွေ လျော့ပါးသက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ 

ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ

ပြဿနာက ဗက်တီးရီးယားပိုးမွှားတွေဟာ သူတို့ကို တိုက်ခိုက်တဲ့ ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတော့ဘဲ ဖြစ်လာနိုင်တဲ့ကိစ္စပါ။ အဲဒီလို ဖြစ်လာရင် ရောဂါပိုးတွေကို မချေမှုန်းနိုင်တော့ဘဲ လူနဲ့ တိရစ္ဆာန်တွေ အလွယ်တကူ သေဆုံးလာတော့မှာ ဖြစ်ပါတယ်။

ရောဂါပိုးမွှားက ပဋိဇီဝဆေးဝါးတွေကို ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့တဲ့ ဖြစ်စဉ်ကို “ပဋိဇီဝဆေးယဉ်ပါးမှု” လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ အဲဒီဆေးယဉ်ပါးမှု ပြဿနာဟာ လူသားထုတစ်ရပ်လုံးအတွက် အန္တရာယ်ရှိတဲ့ကိစ္စဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ပဋိဇီဝဆေးယဉ်ပါးမှု အခြေ အနေတွေကို မပြတ်စောင့်ကြည့်လေ့လာပြီး လိုအပ်တဲ့ပြုပြင်မှုတွေ ကြိုတင်ပြင်ဆင်မှုတွေကို မဖြစ်မနေလုပ်ဆောင်ကြဖို့ လိုအပ်လာပါတယ်။ 

ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံ

FAVA ရဲ့ နည်းပညာဟောပြောပွဲမှာ လေ့လာသိရှိခဲ့ရတဲ့ အချက်အလက်တွေထဲက မြန်မာ့မွေးမြူရေး ကဏ္ဍနဲ့ မွေးမြူသူတွေအတွက် အသုံးလည်းတည့်ပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အချက်အလက်တွေကို အလျဉ်းသင့်သလို ပြန်လည်မျှဝေတင်ပြပေးလိုပါတယ်။ ပထမဆုံးတင်ပြပေးလိုတာကတော့ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါ။ 

FAVA ရဲ့ ဟောပြောပွဲထဲမှာ ပါဝင်ဆွေးနွေးဟောပြောပေးတဲ့ ပညာရှင်တွေထဲမှာ ဂျပန်နိုင်ငံ Rakuno Gakuen တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Dr. Masaru Usui လည်း အပါအဝင် ဖြစ်ပါတယ်။ သူရဲ့ ဟောပြောပို့ချချက်တွေထဲက တစ်ခုကို အခုဆောင်းပါးမှာ တင်ပြပေးချင်တာပါ။ 

JVARM

ဂျပန်နိုင်ငံအစိုးရဟာ ပဋိဇီဝဆေးယဉ်ပါးမှုကို စောင့်ကြည့်လေ့လာနိုင်ဖို့အတွက် (Japanese Veterinary Antimicrobial Resistance Monitoring System – JVARM) ဆိုတဲ့ စနစ်တစ်ရပ်ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ထားရှိပါတယ်။ အဲဒီစနစ်က မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍမှာ ဘယ်ပဋိဇီဝဆေးဝါးတွေကို ဘယ်လိုသုံးစွဲနေတယ်၊ ဘယ်လောက်သုံးစွဲနေတယ်၊ ဘယ်ပဋိဇီဝဆေးဝါးကို ဘယ်ရောဂါပိုးတွေက ဘယ်လောက်ထိ ယဉ်ပါးနေပြီ စတာတွေကို အချိန်နဲ့တပြေးညီ သုတေသနပြု လေ့လာနေတာ ဖြစ်ပါတယ်။

တွေ့ရှိချက်တွေကိုလည်း မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေက သက်ဆိုင်သူတွေဆီ ပြန်လည်ဖြန့်ဝေပြီး အသိပေးနေတာ ဖြစ်ပါတယ်။ 

JVARM ဟာ ဆေးဝါးကုမ္ပဏီကြီးတွေနဲ့ချိတ်ဆက်ပြီး မွေးမြူရေးနဲ့ တိရစ္ဆာန် ကျန်းမာရေးနယ်ပယ်အတွက် ဘယ်ပဋိဇီဝဆေးဝါးတွေကို၊ ဘယ်လောက်ရောင်းချနေသလဲ ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းရယူပါတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ တိရစ္ဆာန်တွေဆီကနေ နမူနာပစ္စည်းတွေ ရယူပြီး တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါပိုးမွှား (zoonotic bacteria) တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှုဘယ်လောက်ရှိနေပြီလဲ ဆိုတာရယ်၊ ပဋိဇီဝဆေးယဉ်ပါးမှုကို အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ဖို့ သတ်မှတ်ထားတဲ့ ဗက်တီးရီးယားမျိုးစိတ်တွေ (indicator bacteria) တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဘယ်လောက်ရှိနေပြီလဲဆိုတာရယ်ကို ဓာတ်ခွဲစစ်ဆေးတိုင်းတာမှုတွေ ဆောင်ရွက်ပါတယ်။ 

နာမကျန်းတဲ့ တိရစ္ဆာန်တွေရှိလာတဲ့အခါ အဲဒီတိရစ္ဆာန်ကိုရောဂါဖြစ်စေတဲ့ ပိုးမွှား(Pathogens)တွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို တိုးတာစစ်ဆေးမှုတွေ လုပ်ဆောင်ပါတယ်။ 

အဲဒီလို ပုံမှန်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ရင်း နှစ်အလိုက်ရရှိလာတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုနှုန်းတွေကို နှိုင်းယှဉ်ပြီး ဘယ်ပဋိဇီဝဆေးဝါးကို အသုံးပြုသင့်တယ်၊ ဒါမှမဟုတ် အသုံးပြုတာကို ပိတ်ပင်သင့်တယ် စသည်ဖြင့် ဆုံးဖြတ်ပေးပါတယ်။ 

ဒါကတော့ JVARM ရဲ့ လုပ်ငန်းဆောင်တာတွေထဲက Dr. Masaru Usui တင်ပြခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ 

JVARM ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံ

JVARM က ရရှိတဲ့ အချက်အလက်တွေ၊ ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေထဲက Dr Masaru Usui တင်ပြခဲ့တဲ့ စိတ်ဝင်စားဖွယ် ကိစ္စလေးတစ်ခုက ဒီလိုပါ။ JVARM ဟာ အသားတိုးကြက်တွေက နမူနာရယူစမ်းသပ်တဲ့ E.coli ဗက်တီးရီးယားတွေဟာ (သက္ကရာဇ် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ) အချိန် ၁၀ နှစ်ကျော်ကာလအတွင်း ဘယ်ပဋိဇီဝဆေးဝါးတွေကို ဘယ်လောက်ယဉ်ပါးလာသလဲဆိုတာကို မှတ်တမ်းတင်ပြီး ပြန်လည်သုံးသပ်ကြည့်ခဲ့ပါတယ်။ 

အဲဒီလို ဆယ်နှစ်စာအချက်အလက်တွေကို စုစည်းကြည့်လိုက်တဲ့အခါ ထူထူးခြားခြား Cafazolin (ဆက်ဖာဇိုလင်)  ဆိုတဲ့ ပဋိဇီဝဆေးဝါးကို E.coli တွေက ယဉ်ပါးလာမှုနှုန်းထားဟာ ထူးထူးခြားခြား မြင့်မားလာနေတာကို တွေ့ခဲ့ကြရပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဂျပန်နိုင်ငံမှာ Cefazolin ပဋိဇီဝဆေးဝါးကို အသားတိုးကြက်တွေမှာ လုံးဝသုံးစွဲခွင့် မပြုထားပါဘူး။ 

အချို့ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးမှာ အသုံးမပြုဖို့ ဘာကြောင့်တားမြစ်ထားတာလဲ 

ဗက်တီးရီးယားတွေဟာ ပဋိဇီဝဆေးဝါးတစ်မျိုးကို ယဉ်ပါးလာပြီဆိုရင် တနည်းအားဖြင့် ခံနိုင် ရည်ရှိလာပြီဆိုရင် အဲဒီလို ဆေးယဉ်ပါးနိုင်တဲ့ စွမ်းရည်ရှိတဲ့ ဗီဇတွေကို အခြားဗက်တီးရီးယားတွေထံ မျှဝေပေးနိုင်ကြပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေမှာ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးဝါးတစ်မျိုးကို ယဉ်ပါးလာမယ်၊ အဲဒီဗက်တီးရီးယားက တိရစ္ဆာန်ကနေတဆင့် ပတ်ဝန်းကျင်ကို ရောက်ရှိသွားမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်မှာ လူမှာရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေနဲ့ ထိတွေ့သွားမယ်ဆိုရင်၊ ဆေးယဉ်ပါးနိုင်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်စေတဲ့ ဗီဇ တွေဟာ အဲဒီဗက်တီးရီးယားတွေ အချင်းချင်းကြားမှာ မျှဝေပေးကြတော့မှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ တိရစ္ဆာန်တွေမှာ စတင်ခဲ့တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုဟာ လူသားတွေဆီပါ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

အပြန်အလှန်အားဖြင့်လည်း လူတွေမှာရှိတဲ့ ဗက်တီးရီးယားတွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပေါ်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်တွေဆီကိုပါ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာက ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် နိုင်ငံအတော်များများဟာ လူသားတွေမှာ ရောဂါကုသဖို့ အရေးတကြီးအသုံးပြုရတဲ့ ပဋိဇီဝဆေးဝါးတွေကို စာရင်းပြုစုပြီး အဲဒီပဋိဇီဝဆေးဝါးတွေကို တိရစ္ဆာန်တွေမှာ အတတ်နိုင်ဆုံး အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ထားကြရပါတယ်။ 

Cefazolin ဆိုတာ လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အင်မတန်အသုံးဝင်ပြီး အင်မတန် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ တကယ်လို့ အဲဒီဆေးဝါးကို တိရစ္ဆာန်မွေးမြူရေးမှာ အသုံးပြုလို့ ဆေးယဉ်ပါးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ဆိုရင် လူသားတွေရဲ့ ရောဂါတွေကို အဲဒီဆေးဝါးနဲ့ ကုသတဲ့အခါ ထိရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအခါ လူသားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက Cefazolin ကို မွေးမြူရေးတိရစ္ဆာန်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ 

ပေါ်ထွက်လာတဲ့ အရေးကြီးမေးခွန်း

အသားတိုးကြက်မွေးမြူရေးမှာ Cefazolin ကို အသုံးမပြုဖို့ တားမြစ်ထားပါလျက် အသားတိုးကြက်တွေဆီက နမူနာရယူထားတဲ့ E.coli ဗက်တီးရီးယားတွေဟာ အဲဒီ Cefazolin ဆေးဝါးကို ဘာကြောင့် ယဉ်ပါးလာကြရသလဲဆိုတာကတော့ JVARM က ပညာရှင်တွေအကြား ပေါ်ထွက်လာတဲ့ အရေးကြီး မေးခွန်းတစ်ခုပါ။ 

အဖြေက ဒီမှာ 

ဒါပေမဲ့ ပညာရှင်တွေရဲ့ အသေးစိတ်လေ့လာမှုတွေကနေ နောက်ဆုံးမှာ အဖြေတစ်ခု ထုတ်နိုင်ခဲ့ကြပါ တယ်။ 

Cefazolin ပဋိဇီဝဆေးကို အသားတိုးကြက်မွေးမြူသူတွေက သုံးစွဲနေကြတာ မဟုတ်ပါဘူး။

မားရက်ခ်ရောဂါ (Marek’s Disease) ကို ကြိုတင်ကာကွယ်ဖို့အတွက် ကြက်ဥကနေ ကြက်သားပေါက်လေးတွေအဖြစ် အကောင်မပေါက်မီမှာကတည်းက ကြက်ဥထဲကို မားရက်ခ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြရပါတယ်။ အဲဒီလို ကြက်ဥထဲကို ကာကွယ်ဆေးထိုးနှံလိုက်ချိန်မှာ ကာကွယ်ဆေးအပြင် ပြင်ပက မလိုလားအပ်တဲ့ ဗက်တီးရီးယားတွေ ကြက်ဥထဲကို ဝင်ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် အဲဒီလို ဗက်တီးရီးယားတွေကို ကြို တင်ကာကွယ်သုတ်သင်နိုင်ဖို့အတွက် ပဋိဇီဝဆေးဝါးတွေ သုံးစွဲကြရပါတယ်။

အဲဒီရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံက အသားတိုးကြက်သားပေါက် ထုတ်လုပ်သူတွေဟာ မားရက်ခ်ရောဂါကာကွယ်‌ဆေး ကြက်ဥထဲကို ထိုးနှံချိန်မှာ Ceftiofur (ဆက်ဖ်တီယိုဖာ) ဆိုတဲ့ ပဋိဇီဝဆေးဝါးကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ကိုကျွေးမွေးတဲ့အစာထဲမှာ ထည့်သွင်းသုံးစွဲတာ မဟုတ်သလို တိရစ္ဆာန်ကို တိုက်ရိုက်ပေးတဲ့ဆေးဝါးလည်း မဟုတ်တာကြောင့် အဲဒီဆေးဝါး အသုံးပြုကြောင်း တင်ပြထားတာ မရှိပါဘူး။ တနည်းအားဖြင့် အသိမပေးဘဲအသုံးပြုမှု (off-labelled) အဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။ 

Cefazolin နဲ့ Ceftiofur ဟာ Cephalosporin (ဆက်ဖလိုစပိုရင်) ဆိုတဲ့ တူညီတဲ့ ပဋိဇီဝဆေးဝါးအုပ်စု တစ်ခုတည်းက ဆေးဝါးတွေ ဖြစ်ပါတယ်။ Cefazolin ဟာ Cephalosporin အုပ်စုရဲ့ ပထမမျိုးဆက် (first generation) ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ Ceftiofur ကတော့ အဲဒီ Cephalosporin အုပ်စုရဲ့ တတိယမျိုးဆက် (third generation) ပဋိဇီဝဆေးဝါး ဖြစ်ပါတယ်။ ဒါကြောင့် Cefazolin ကို E.coli ဗက်တီးရီးယားတွေက ခံနိုင်ရည် ရှိလာနေတာ ဖြစ်ပါတယ်။

အဲဒီအဖြေကို သိရှိရပြီးတဲ့နောက် ဂျပန်နိုင်ငံက ကြက်ပေါက်မွေးမြူသူတွေဟာ Cefazolin အသုံးပြုမှုကို အစိုးရက ပိတ်ပင်တားမြစ်ခြင်းမရှိဘဲ မိမိတို့ဆန္ဒအလျောက် ရပ်ဆိုင်းလိုက်ကြပါတယ်။ Cefazolin အစား လူမှာအသုံးပြုမှုနည်းပါးပြီး အရေးသိပ်မကြီးတဲ့ အခြားပဋိဇီဝဆေးဝါးတစ်မျိုးကို ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ အဲဒီအခါ Cefazolin အပေါ် E.coli ဗက်တီးရီးယားတွေရဲ့ ဆေးယဉ်ပါးမှုဟာလည်း သိသိသာသာလျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။ 

သင်ခန်းစာထုတ်ယူစရာများ

Dr. Masaru Usui ရဲ့ တင်ပြဆွေးနွေးခဲ့တဲ့ စာတမ်းကနေ စာရေးသူအနေနနဲ့ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ပတ်သက်ပြီး သင်ခန်းစာအချို့ ထုတ်ယူမိပါတယ်။ 

  • (၁) ပဋိဇီဝဆေးဝါးတွေကို တာဝန်သိသိနဲ့ စနစ်တကျသုံးစွဲကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူသား‌တွေ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးနဲ့ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုမှာ အထူးသတိပြုသုံးစွဲကြဖို့ လိုအပ်ပါတယ်။ 
  • (၂) တခါတရံမှာ ထင်မှတ်မထားနိုင်တဲ့ ပဋိဇီဝဆေးယဉ်ပါးမှုတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ ဂျပန်နိုင်ငံက အသားတိုးကြက်တွေမှာ Cefazolin ကို အသုံးမပြုဘူးဆိုပြီး off-labelled အသုံးပြုတာကြောင့် အဲဒီပဋိဇီဝဆေးကို ဗက်တီးရီးယားတွေက ယဉ်ပါးလာကြတာကို သာဓကပြုနိုင်ပါတယ်။
  • (၃) ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ မပြတ်စောင့်ကြည့်လေ့လာနေရတဲ့ ကိစ္စဖြစ်ပါတယ်။ JVARM က အဲဒီလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်တာကြောင့်သာ လူသားတွေအတွက် အရေးကြီးတဲ့ Cefazolin ဆေးဝါးတွေကို ဗက်တီးရီးယားတွေက ယဉ်ပါးလာနေကြောင်း သတိပြုမိခဲ့တာ ဖြစ်ပါ တယ်။ 
  • (၄) ပဋိဇီဝဆေးဝါးတစ်ခုကို ဗက်တီးရီးယားတွေက ယဉ်ပါးနေကြောင်းနဲ့ ဘာကြောင့်ယဉ်ပါးရကြောင်း သိရှိပြီးတဲ့နောက် တာဝန်ရှိတဲ့သူတွေက ချက်ချင်းဆိုသလို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကို မိမိတို့ ဆန္ဒအလျောက် တက်တက်ကြွကြွ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။  
  • (၅) JVARM လို ပဋိဇီဝဆေးယဉ်ပါးမှုကို စောင့်ကြည့်လေ့လာသုံးသပ်တဲ့ စနစ်တစ်ခု မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်လာဖို့ လိုအပ်ပြီး အဲဒီစနစ်ကို မွေးမြူရေးနှင့်ကုသရေး အာဏာပိုင်တွေ၊ ပုဂ္ဂလိကမွေးမြူရေး အသင်းအဖွဲ့တွေနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းလို ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တည်ထောင်မယ်ဆိုရင် ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ 

အခုတင်ပြခဲ့တဲ့ အချက်အလက်တွေဟာ မွေးမြူရေးကဏ္ဍနဲ့ မွေးမြူသူများအတွက် စိတ်ဝင်စားဖွယ်ဖြစ် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိနိုင်မယ်လို့ ယူဆတဲ့ အချက်အလက်များကိုလည်း ဆက်လက်ဆွေးနွေးသွားပါဦးမယ်။ 

သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်