အမျိုးသမီးထု ပူးပေါင်းပါဝင်အားနဲ့ အိန္ဒိယစီးပွားရေးကို ကျော်တက်လာနေတဲ့ ဘင်္ဂလားဒေ့ရှ်

08/07/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဘဏ္ဍာရေးအစီအမံကောင်းတွေ ဖော်ဆောင်တာ၊ ပို့ကုန်ကဏ္ဍရဲ့ စက်မှုလုပ်ငန်းအဆင့်မြှင့်နိုင်တာနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ စွမ်းအားမြှင့်တင်ပေးတာလို မူဝါဒကောင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ တစ်ဦးချင်း GDP တန်ဖိုးနဲ့ အခြားညွှန်းကိန်းတွေအရ အိန္ဒိယနိုင်ငံကို ကျော်တက်လာနိုင်ပါတယ်။

ဘဏ္ဏာရေးနဲ့ ကြွေးမြီစီမံခန့်ခွဲမှုကောင်းခြင်း၊ လူမှုဖူလုံရေးအစီအစဉ်တွေ တိုးချဲ့လာခြင်းနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်းတို့ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၀၉ ခုနှစ်က စတင်ပြီး နိုင်ငံစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

နိုင်ငံစီးပွားရေးဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ လုံးလုံး တစ်သမတ်တည်း တိုးတက်လာပြီး GDP တိုးတက်နှုန်းက တောင်အာရှဒေသရဲ့ ပျမ်းမျှထက် သာလွန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း တောင်အာရှ ဒေသတစ်ခုလုံး ခြံငုံချက်အရ GDP ၆ ဒသမ ၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စိုက်ပျိုးရေးကဏ္ဍဟာ ယခင်က ဘင်္ဂလားဒေ့ရှ် GDP ရဲ့ သုံးပုံတစ်ပုံအထိ အထောက်အပံ့ပြုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ နဲ့ ၂၀၁၈ ကြားမှာ စိုက်ပျိုးရေးရဲ့ အထောက်အပံ့ပြုမှုက ၁၅ ရာခိုင်နှုန်းအောက် ကျလာပြီး စက်မှုလက်မှုလုပ်ငန်းဟာ အရင် ငါးပုံတစ်ပုံသာ ရှိခဲ့ရာကနေ သုံးပုံတစ်ပုံကျော်အထိ အထောက်အပံ့ ပိုပြုလာပါတယ်။

ကုန်ထုတ်လုပ်ငန်းရဲ့ GDP ပံ့ပိုးမှုဟာ ၁၉၈၀ ကထက် နှစ်ဆ မြင့်တက်လာခဲ့ပြီး ပြည်ပပို့ကုန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကထက် အဆနှစ်ဆယ် ပိုတိုးကာ ကန်ဒေါ်လာ ဘီလျံ ၄၀ အထိ ရောက်ရှိလာပါတယ်။

ဝင်ငွေနည်းအလုပ်သမားတွေဆီက မိသားစုထံ လွှဲပို့ငွေတွေဟာ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်လာ ၁၆ ဒသမ ၄ ဘီလျံ ရှိခဲ့ပြီး ဒါကလည်း နိုင်ငံစီးပွားရေးကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ လွှဲပို့ငွေ၊ ပို့ကုန်ဝင်ငွေ၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုတွေကြောင့် တစ်ဦးချင်း GDP အရ အိန္ဒိယအပေါ် ဦးဆောင်မှုကို ၂၀၂၆ အထိ ဆက်ထိန်းသွားနိုင်ဖွယ် ရှိပါတယ်။

၂၀၂၀ ခုနှစ်မှာ အိန္ဒိယရဲ့ တစ်ဦးချင်း GDP ဟာ ၂၀၉၈ ဒေါ်လာကနေ ၁၉၂၉ ဒေါ်လာထိ ကျဆင်းခဲ့ပြီး စုစုပေါင်း ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတန်ဖိုး (economic output) ဟာ ဒေါ်လာ ၂ ဒသမ ၈၇ ထရီလီယံကနေ ၂ ဒသမ ၆၆ ထရီလီယံကို လျော့ကျလာပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း GDP တိုးတက်မှု ခြောက်ရာခိုင်နှုန်း ရရှိလာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က အဲဒီ ၂၀၂၀ ပြည့်နှစ်ထဲမှာပဲ တစ်ဦးချင်း GDP တန်ဖိုး ၁၉၆၁ ဒေါ်လာနဲ့ အိန္ဒိယကို ကျော်တက်နိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ GDP တိုးတက်မှုဟာ ၂၀၀၄ က စပြီး အရှိန်မြန်လာခဲ့တာပါ။ ဒါပေမဲ့ အိန္ဒိယရဲ့ တိုးတက်နှုန်း စကျလာတဲ့ ၂၀၁၇ နောက်ပိုင်းရောက်မှသာ ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်း နိုင်ငံကြီးကို ကျော်ဖြတ်လာနိုင်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ဦးချင်း GDP ဟာ ၂၀၀၈ ကြွေးမြီအကျပ်အတည်း မတိုင်ခင်တုန်းက အိန္ဒိယရဲ့ ထက်ဝက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ရောက်တော့ GDP ဟာ ၇၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  အိန္ဒိယစီးပွားရေး ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

ယနေ့မှာ ဘင်္ဂလားဒေ့ရှ်က ဘဏ္ဏာရေးလိုငွေပြမှု၊ ကုန်သွယ်ရေးမျှခြေဖြစ်မှု၊ အလုပ်အကိုင်ရရှိမှု၊ ကြွေးမြီနဲ့ GDP အချိုး စတဲ့ ညွှန်းကိန်းတွေမှာ အိန္ဒိယထက် သာလွန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်တွေ အထူးသဖြင့် မိန်းကလေးငယ်တွေရဲ့ ပညာရေး မြှင့်တင်ပေးမှုဟာ သားဖွားနှုန်းနဲ့ အရွယ်မတိုင်ခင် လက်ထပ်မှုတွေကို ကျဆင်းလာစေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ပျမ်းမျှသက်တမ်း၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ကလေးအာဟာရပြည့်မီမှု စတဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးညွှန်းကိန်းအမျိုးမျိုးမှာလည်း အိန္ဒိယနိုင်ငံထက် ပိုသာလွန်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

စီးပွားရေးတိုးတက်လာခြင်းရဲ့ အကျိုးကျေးဇူးတွေကို အိန္ဒိယမှာလို မညီမမျှ မဟုတ်ဘဲ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန်ဆီကို ရောက်ရှိစေပါတယ်။ ဒီလို ပြည်သူအများကို လွှမ်းခြုံတဲ့တိုးတက်မှုဟာ လူနေမှုအဆင့်အတန်းကို မြင့်တက်စေပြီး အဲဒီကတစ်ဆင့် ပိုကောင်းတဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိလာစေပါတယ်။

အိန္ဒိယဘက်မှာတော့ လူအရင်းအမြစ်ဖွံ့ဖြိုးမှု ညွှန်ကိန်းတွေမှာ အားရစရာမရှိ ဖြစ်နေပါတယ်။ အထူးသဖြင့် စီးပွားရေးအရ နောက်ကောက်ကျနေတဲ့ ပြည်နယ်တွေမှာပါ။

သာဓကတစ်ခုအနေနဲ့ အိန္ဒိယလုပ်ငန်းခွင်မှာ အမျိုးသမီး ပါဝင်နှုန်းဟာ ယခင်နှစ်က ၁၉ ရာခိုင်နှုန်းသာ ရှိခဲ့ချိန် ဘင်္ဂလားဒေ့ရှ်မှာ ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်ဆိုတာ ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

အိန္ဒိယရဲ့ ဟိန္ဒူအများစု နေထိုင်ရာ အချက်အချာဒေသအတွင်း ဆယ်ကျော်သက်အရွယ်မှာ လက်ထပ်ကြတာနဲ့ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တဲ့ ပြဿနာတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဘီဟာပြည်နယ်မှာ မွေးကင်းစသေဆုံးနှုန်း ၁၀၀၀ မှာ ၄၇ ယောက်ထိ ရှိပြီး ပြည်သူလူထုအများစုရဲ့ သုခချမ်းသာတန်ဖိုးကို ကျဆင်းစေလျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အောင်မြင်မှုဟာ အမျိုးသမီးတွေကို ပညာရေးနဲ့ မြေတောင်မြှောက်ရာကတစ်ဆင့် ကလေးမွေးဖွားနှုန်းကို ထိန်းချုပ်ဖြေရှင်းနိုင်ခဲ့တဲ့အပေါ် အများကြီး တည်မှီနေပါတယ်။

အိန္ဒိယမှာတော့ ငွေမဲနဲ့ စာရင်းမဲ့ ကြွယ်ဝချမ်းသာမှုတွေကို သုတ်သင်ဖယ်ရှားပစ်ဖို့ဆိုပြီး ၂၀၁၆ ခုနှစ်က လုပ်ခဲ့တဲ့ ငွေစက္ကူဖျက်သိမ်းကာ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ အစားထိုးလိုက်တာဟာ နိုင်ငံစီးပွားရေးတိုးတက်မှုကို နှစ်များစွာ ထိုးကျစေခဲ့ပါတယ်။ နိုင်ငံတွင်းမှာ လုပ်သားထု ၉၄ ရာခိုင်နှုန်းအထိက ငွေသားအားပြုနေရကာ ဘဏ်စနစ်နဲ့ အလှမ်းဝေး‌နေသေးချိန်မှာ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်ငွေစက္ကူတွေကို ရုတ်ခြည်း ရုပ်သိမ်းလိုက်တာက နိုင်ငံစီးပွားရေးကို အထိနာစေခဲ့တာပါ။ ငွေသားကိုင်တွယ် သုံးစွဲမှုကို ပိတ်ပင်လိုက်တာကြောင့် အခြေခံကျတဲ့ အစားအသောက်နဲ့ လောင်စာဆီ ဝယ်ယူရေးမှာ အနှောင့်အယှက် ဖြစ်စေခဲ့ရုံမက ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းအထိပါ ကျယ်ပြန့် သက်ရောက်ခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ရှိသမျှ ငွေစက္ကူတွေအနက် ၈၆ ရာခိုင်နှုန်းလောက်ကို တဖြည်းဖြည်းချင်း မဟုတ်ဘဲ နေချင်းညချင်း ရုပ်သိမ်းလိုက်တာကြောင့် စီးပွားရေး ထိခိုက်သွားခဲ့ရတာပါ။

 ဘင်္ဂလားဒေ့ရှ်ကတော့ စီးပွားရေး တည်ငြိမ်မှုကြောင့် ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ပြည်တွင်းငွေကြေးတန်ဖိုးနဲ့ တိုင်းတာချက်အရ အဆပေါင်း ၂၇၀ ဝန်းကျင် စီးပွားတိုးတက်လာခဲ့ပါတယ်။ ဘက်ဂျက်လိုငွေကိုလည်း GDP ရဲ့  ငါးရာခိုင်နှုန်း နဲ့ အောက်မှာ ဆက်ထိန်းထားနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ပို့ကုန်ကဏ္ဍကို စက်မှုအဆင့်မြှင့်တင်ကာ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တာကြောင့်  ကမ္ဘာမှာ အဝတ်အထည် တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အမှန်တကယ်လည်း လုပ်သားအသုံးချရမှုများပြီး ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူများစွာကို အလုပ်ပေးထားနိုင်တဲ့ အထည်အလိပ်၊ အဝတ်အစားနဲ့ ဖိနပ်လုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်ပို့ကုန်ကို အများစု အထောက်အပံ့ပြုနေတာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူစာချုပ် (FTA) တွေအရ အခွင့်အရေး ရနေမှု၊ ဆန်သစ်တီထွင်မှုနဲ့ သက်သာတဲ့ လုပ်သားခတွေကြောင့် အိန္ဒိယလုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောင်းရွှေ့အခြေစိုက်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း အပြိုင်အဆိုင် ဆက်ရှိနိုင်အောင် လုပ်လာကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယရဲ့ ဆဋ္ဌမမြောက် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၉-၂၀ ဘဏ္ဏာရေးနှစ်အတွင်းက ဒေါ်လာ ၉ ဒသမ ၅ ဘီလျံ ရှိခဲ့ရာကနေ ၂၀၂၀-၂၁ မှာ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလျံအထိ မြင့်တက်လာပါတယ်။

ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟာ ကုန်သွယ်ရေးကို ထပ်မံမြှင်တင့်ပေးမှာ ဖြစ်ပေမဲ့ သယ်ယူပို့ဆောင်ရေးအချိတ်အဆက်တွေ ပိုကောင်းလာရင်တော့ အစွမ်းကုန်သော အလားအလာကောင်းတွေ တွေ့မြင်ရပါလိမ့်မယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစီအစဉ်တွေထဲမှာ ကုန်စည်၊ ဝန်ဆောင်မှုနဲ့ စွမ်းအင် တိုးမြှင့်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနဲ့ နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့ ပါဝင်ပါတယ်။

နိုင်ငံ ပိုသေးငယ်တဲ့ အိမ်နီးချင်းက ဆက်လက်ပြီး‌ ရှေ့ကဦးဆောင်သွားနေမှာဖြစ်ပြီး မတို့မထိရသေးတဲ့ စီးပွားရေးအခွင့်အလမ်းတွေကိုလည်း ဖော်ထုတ်သွားရဦးမှာ ဖြစ်ပါတယ်။ 

လက်ရှိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တောင်အာရှဒေသရဲ့ စီးပွားရေးကြယ်တစ်ပွင့် အဖြစ်ဆီ ရောက်ရှိဖို့ ဆက်လက်တက်လှမ်းလျက် ရှိနေပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: How Bangladesh has surged past India on road to South Asian economic stardom - South China Morning Post

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်