စပါး‌မကိုက်တော့လို့ ကုန်စိမ်းသီးနှံ အစားထိုးလာတဲ့ ဘင်္ဂလားဒေ့ရှ်တောင်သူများ

10/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဘင်္ဂလားဒေ့ရှ်တောင်သူ Shafiqul Islam Babu ဟာ နိုင်ငံအနောက်မြောက်ပိုင်းရှိ သူ့လယ်မြေတွေအပေါ် စပါးစိုက်ပျိုးလာတာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ရာသီဥတုကြောင့် မိုးရွာသွန်းမှု မမှန်တော့သလို အလွန်အကျွံ ထုတ်ယူသုံးစွဲခံရတဲ့ မြေအောက်ရေတွေလည်း ခန်းခြောက်လာချိန် သက္ကရာဇ် ၂၀၀၀ ကျော် အရောက်မှာတော့ စပါးစိုက်ပျိုးရတာ အဆင်မပြေတော့ပါဘူး။

စပါးအထွက်နှုန်း ကျလာတာနဲ့အမျှ သူ့ရဲ့ဝင်ငွေလည်း လိုက်ပါကျဆင်းလာပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အသက် ၄၅ နှစ်အရွယ်တောင်သူကြီးက ဂေါ်ဖီထုပ် အစားထိုး စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂေါ်ဖီက ရေသုံးစွဲမှု စပါးထက်လျော့နည်းပြီး ဝယ်ယူလို တဲ့ ဖောက်သည်လည်း များတာကြောင့် သူ့အတွက် ပုံမှန်ဝင်ငွေ ရရှိစေပါတယ်။

"စပါးက မိဘလက်ငုတ်လက်ရင်း သီးနှံဆိုတော့ စပါးကလွဲရင် ဘာမှ မစိုက်တတ်ခဲ့ပါဘူး။ ဒါကြောင့် စပါး စိုက်မဖြစ်တော့တဲ့အချိန် စုဆောင်းထားတာလေးတွေနဲ့ မိသားစုကို ကျွေးမွေးရပါတယ်" လို့ Mr. Babu က ၄၉ ဧကအကျယ်ရှိတဲ့ ဂေါ်ဖီခင်းထဲမှာ ပေါင်းနဲ့ အရွက်မှိုက်တွေ ရှင်းလင်းရင်း ‌ပြောပါတယ်။

"နောက်ပိုင်းရောက်မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးက မျှော်လင့်ချက်လမ်းစကို ပြသပေးခဲ့ပါတယ်"

ဒီနှစ်တော့ မြို့တော် ဒါကာမှာ ဟင်းသီးဟင်းရွက်ဝယ်လိုအား မြင့်မားနေတာကြောင့် Mr. Babu ရဲ့ ဂေါ်ဖီထုပ်တစ်ခင်းလုံး မသိမ်းရသေးခင်ကတည်းက ရောင်းထွက်နှင့်ပြီလို့ ပြောပါတယ်။ သူ စပါး စိုက်ပျိုးစဉ်တုန်းက သီးနှံပေါ်ချိန်မှာ တာကာငွေ ၈၀၀၀၀ လောက်သာ ရရှိခဲ့ရာကနေ ယခုတော့ ၂၁၅၀၀၀ တာကာ (၂၀၀၀ ဒေါ်လာ) အထိ ရရှိခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှု မြန်ဆန်လာတာနဲ့အမျှ 'ရာရှာဟီ' ခရိုင်ထဲက တောင်သူများစွာ စပါးကနေ ဟင်းသီးဟင်းရွက်ကို ပြောင်းလဲစိုက်ပျိုးပြီး အသက်မွေးလာကြရပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဒေသရဲ့ အဓိကသီးနှံ ဖြစ်ခဲ့တဲ့စပါးဟာ ယခုတော့ "စိုက်ရှုံးသီးနှံ" ဖြစ်လာပါတယ်။ ဒါကြောင့် တောင်သူတွေဟာ ရေလိုအပ်ချက်နည်းကာ အထွက်ပိုများပြီး ဝင်ငွေ ပိုရစေတဲ့ ဂေါ်ဖီထုပ်နဲ့ ဘူးတို့လို ဟင်းသီးဟင်းရွက်တွေကို ဦးစားပေးစိုက်ပျိုးလာကြတယ်လို့ ခရိုင်စိုက်ပျိုးရေးတို့ချဲ့ပညာပေးဌာန အကြီးအကဲ Shamsul Wadud က ပြောပါတယ်။

ရာရှာဟီခရိုင်ထဲက လယ်သမားတွေဟာ အရင်က စပါးကို တစ်ရာသီနှစ်သီး ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ကြရပေမယ့် ယခုတော့ အများစုဟာ တစ်ရာသီအတွင်း ဟင်းသီးဟင်းရွက် သုံးလေးကြိမ် စိုက်ပျိုးနေကြကြောင်း Mr. Wadud က ရှင်းပြပါတယ်။

"တောင်သူတွေ ဈေးကောင်းလည်း ရကြတယ်။ နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုလည်း အဆများစွာ မြင့်တက်လာတယ်" လို့ ၎င်းက ပြောပါတယ်။

၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ ရာရှာဟီခရိုင်ရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဧရိယာ လေးဆ တိုးလာပြီး နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုအများဆုံးခရိုင်အဖြစ် ဧက ၁၉၄၀၀၀ ရှိလာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒါပေမဲ့ စပါးသီးနှံကို မျက်နှာလွှဲလာတဲ့အထဲမှာ ရာရှာဟီခရိုင်တစ်ခုတည်း မကပါဘူး။

ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီး Muhammad Abdur Razzaque က အစိုးရဟာ မြေလွတ်မြေရိုင်းနဲ့ သဲဆန်မြေအားလုံးကို အသုံးပြုပြီး ဟင်းသီးဟင်းရွက် တိုးချဲ့စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့ ပြောထားပါတယ်။

သဲဆန်မြေတွေဟာ ရေနဲ့ မြေဆီ လိုအပ်မှုနည်းတာကြောင့် စပါးထက် ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့အတွက် ပိုမိုသင့်တော်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

မြေအောက်ရေ ခန်းခြောက်လာခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအချို့မှာ မုတ်သုံမိုး စံချိန်တင်ရွာသွန်းတာနဲ့ ရေကြီးရေလျှံတာ ကြုံတွေ့နေရပေမယ့်လည်း ရာရှာဟီခရိုင် ပါဝင်တဲ့ အနောက်မြောက်ပိုင်းဒေသမှာတော့ မိုးခေါင်မှုဖြစ်စဉ် ကြုံတွေ့ရပိုပိုများလာပါတယ်။

ဒီဒေသရဲ့ တစ်နှစ်တာ မိုးရေချိန်ဟာ ၄၃ လက်မသာ ရှိပြီး တစ်နိုင်ငံလုံးပျမ်းမျှ မိုးရေချိန်ထက် ထက်ဝက်ကျော် လျော့နည်းကြောင်း ရာရှာဟီတက္ကသိုလ်က ဘူမိဗေဒပါမောက္ခ Chowdhury Sarwar Jahan က ပြောပါတယ်။

နောက်ပြီး ရာသီဖောက်ပြန်မှု ပိုမိုတိုးလာတာနဲ့အမျှ ဒီဒေသရဲ့ ပျမ်းမျှမိုးရေချိန်ဟာလည်း ကျသထက် ကျလာတယ်လို့ ၎င်းက ပြောပါတယ်။

ဒီလို မိုးရွာသွန်းမှု နည်းပါးလွန်းတာကြောင့် ဒေသထဲက တောင်သူတွေဟာ ရေတွင်းတွေကို အားပြုပြီး စိုက်ခင်းတွေကို ရေသွင်းရပါတယ်။ ဒီလိုလုပ်တာဟာ မြေအောက်ရေ အလျင်အမြန် လျော့နည်းလာစေတယ်လို့ Sarwar Jahan က ပြောပါတယ်။

အနောက်မြောက်ဒေသရဲ့ မြေအောက်ရေဟာ နှစ်စဉ် ၂၀ လက်မစီလောက် လျော့ကျနေကြောင်း ဘင်္လားဒေ့ရှ်ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရာရှာဟီက တောင်သူလယ်သမားတချို့ဟာ သက္ကရာဇ် ၂၀၀၀ ပြည့်လွန် နောက်ပိုင်းနှစ်တွေကစပြီး စပါးစိုက်ပျိုးနေကျ မြေတွေအပေါ်မှာ စပါးကို မစိုက်တော့ဘဲ ဂေါ်ဖီထုပ်နဲ့ ဘူးသခွားတို့ကို စမ်းသပ်စိုက်ပျိုးလာခဲ့ကြတယ်လို့ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ Dewan Ali က ပြောပါတယ်။

“ဟင်းသီးဟင်းရွက် စိုက်အပြီး လအနည်းငယ်ကြာတဲ့အခါ ရေလည်း လျှော့သုံး၊ မြေဆီလည်း လျှော့သုံးတာတောင် အထွက်ကောင်း ထွက်ရှိတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရပါတယ်” လို့ Mr. Ali က ပြောပါတယ်။

“ဒီသတင်းကောင်းဟာ တစ်နယ်လုံး ပျံ့နှံ့သွားခဲ့ပြီး နှစ်နှစ်လောက်အတွင်းမှာ တောင်သူအများစုက ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စတင်စိုက်ပျိုးလာကြပါတော့တယ်” လို့ ၎င်းက ပြောပါတယ်။

ခရမ်းချဉ်၊ ရုံးပတီနဲ့ မုန်လာဥတို့လို အချို့ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့အခါ ထွက်နှုန်း တစ်ကီလို ရရှိအောင် ရေ ၃၃၆ လီတာလောက်သာ သုံးပြီး စိုက်ပျိုးနိုင်ကြောင်း၊ ဒါဟာ စပါးတစ်ကီလို ထွက်ရှိဖို့ သုံးရတဲ့ ရေပမာဏထက် ဆယ်ဆနီးပါး လျော့နည်းကြောင်း ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနဌာန (BRRI) က ခန့်မှန်းထားပါတယ်။

ဟင်းသီးဟင်းရွက်တိုးမြှင့်စိုက်ပျိုးရေးဟာ ခရိုင်စိုက်ပျိုးရေးတိုးချဲ့ပညာရေးဌာနရဲ့ ဦးစားပေးလုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါတယ်။ ဌာနဟာ တောင်သူတွေကို မြေဆီသုံးစွဲပုံ၊ ဖျက်ပိုးနှိမ်နင်းပုံနဲ့ပတ်သက်လို့ ပညာပေးတဲ့အပြင် ဟင်းသီးဟင်းရွက်မျိုးစေ့တွေ အခမဲ့ပေးဝေကာ သီးနှံပြောင်းလဲစိုက်ပျိုးကြဖို့ အားပေးလျက်ရှိကြောင်း Mr. Wadud က ပြောပါတယ်။

ရာရှာဟီခရိုင်အစိုးရအနေနဲ့ စပါးစိုက်ပျိုးဖို့ မလွယ်ကူတဲ့ ဒေသက တောင်သူတွေကို အဓိကဦးစားပေး တိုက်တွန်းနေတာဖြစ်ကြောင်း၊ ဒါမှသာ ဟင်းသီးဟင်းရွက် ပြောင်းလဲစိုက်ပျိုးမှုကနေ နိုင်ငံရဲ့ စပါးထုတ်လုပ်မှုအပေါ် ထိခိုက်စေမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

“လိုအပ်တဲ့ ဆန်စပါးပမာဏကို နိုင်ငံရဲ့ အခြားဒေသတွေမှာ ထုတ်လုပ်နေပါတယ်” လို့ Mr. Wadud က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: As climate grows hotter, Bangladeshi farmers reconsider rice - The Christian Science Monitor

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်