မျောက်ငိုသီးဆားရေစိမ်

26/01/2023 17:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

မျောက်ငိုသီးကို ယခုအခါ တညင်းသီးအစားထိုးသီးနှံအဖြစ် စားသုံးလာကြပါတယ်။ တညင်းသီးနဲ့အနံ့အရသာဆင်တဲ့ မျောက်ငိုသီးက တညင်းသီးလိုတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးကိုအထောက်အကူပြုတာမို့ တညင်းသီးကို မစားရမနေနိုင်သူတွေအတွက် အစားထိုးစားသုံးစရာတစ်မျိုး ဖြစ်စေမှာပါ။

မြန်မာနိုင်ငံမှာတော့ မျောက်ငိုသီးကို ကလေး၊ မော်လိုက်၊ တမူးဘက်မှာ  အစိုက်များကြပြီး ဒေသခံတွေရဲ့ ပြည်တွင်းစားသုံးတာအပြင် အိန္ဒိယဘက်ကိုပါ ပြည်ပတင်ပို့မှုလုပ်ကြပါတယ်။ အသီးအတိုင်း ဟင်းချက်စားတာအပြင် ဆားရေစိမ်ပြီး ရောင်းချတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် ဆားရေစိမ်နည်းကို တင်ပြပေးလိုက်ပါတယ်။

ဆားရေစိမ်ဖို့ဆို ပထမဦးစွာ မျောက်ငိုသီးတွေကို အထဲကအစေ့တွေသာ ခွာယူရပါမယ်။ အစိမ်းရောင်အစေ့လေးကိုပဲ လိုချင်တယ်ဆိုရင်တော့ အစေ့အပြင်ဘက် အခွံပါးကိုပါ ခွာပေးရမှာဖြစ်ပြီး တညင်းသီးလို အရောင်လိုချင်တယ်ဆိုရင်တော့ အဲ့ဒီအခွံပါးကို ခွာပေးဖို့ မလိုပါဘူး။

အဲ့ဒီမျောက်ငိုသီးတွေကို ရေဆေးပြီး ရေတစ်ရက်နီးပါး စိမ်ထားရပါမယ်။ မိုးရေရှိရင်တော့ မိုးရေစိမ်ပေးပါ။ အဲ့ဒီလိုရေစိမ်ခြင်းက အသီးတွေကို ကြွပ်လာစေပါတယ်။ ပြီးရင် ရေတွေကို သွန်ပစ်ကာဆားနယ်ပြီး ဖုံးအုပ်ထားပေးပါ။ ဆားကိုအသီးပမာဏနဲ့ချိန်ဆကာ နယ်ပေးရပါမယ်။ ဆားပေါ့တယ်ဆိုရင် ဆားရေစိမ်ပြီး ပြန်ထည့်နိုင်ပါတယ်။

ဆားနယ်ပြီးတစ်ညထားပြီးနောက် ဆားရေစိမ်မယ့်ဘူးထဲ ပြောင်းထည့်ကာ ရေကျက်အေး(ဆူပြီးအအေးခံထားသည့်ရေ)ကို ထည့်ကာ အဖုံးလုံအောင် လေလုံး၀မ၀င်အောင်ပိတ်ထားပေးပါ။ လေမဲ့အချဉ်ဖောက်ခြင်း (Anaerobic fermentation)ဖြစ်လို့ လေမ၀င်ဖို့ အရေးကြီးပါတယ်။ ဒါမှသာအကျိုးပြုဘက်တီးရီးယားတွေထွက်လာပြီး အချဉ်ပေါက်၊ ကျန်းမာရေးအတွက် ကောင်းမွန်သော ဆားရေစိမ်ကို ရမှာဖြစ်ပါတယ်။

တစ်ပတ်‌လောက်ထားပြီးပြီဆိုရင်တော့ အဖုံးဖွင့်ကာ ဇွန်းသန့်သန့်နဲ့ခပ်ပြီး ဆားအပေါ့အငန်နဲ့ အသီးကြွပ်မကြွပ်ကိုမြည်းပြီး ဆားပေါ့ရင် ထပ်ထည့်ကာမွှေပေးပြီး အဖုံးပြန်အုပ်ထားပါ။ အချဉ်အရသာတော်သင့်တဲ့အနေအထားရပြီဆိုရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုစားနိုင်ပြီဖြစ်ပါတယ်။

မျောက်ငိုသီးဟာဆီးချိုရောဂါကိုသက်သာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ အရိုးပွခြင်းတို့ကိုသက်သာစေခြင်း စတဲ့အကျိုးများကို ရစေပါတယ်။ အမိုင်နိုအက်ဆစ်ပါတာကြောင့် များများစားမယ်ဆို ခံတွင်းနံ့ဆိုးတတ်တာကို သတိပြုဖို့လိုပေမဲ့ တညင်းသီးလိုမျိုး ကျောက်ကပ်ထိခိုက်ခြင်းတော့ မရှိပါဘူး။

ဒီတော့ လုပ်ရလွယ်ကူပြီး ကျန်းမာရေးဓာတ်စာလည်းဖြစ်တဲ့ မျောက်ငိုသီးကို ဆားရေစိမ်စားသုံးပြီး ခံတွင်းမြိန်ကြပါစေရှင့်..။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်