ယင်ကောင်နက် (BSF) မွေးမြူရေး (၄)

26/12/2022 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

BSF သားဖောက်စခန်း စတင်တည်ထောင်ခြင်း

စွန့်ပစ်အညစ်အကြေးများကို ကောင်းမွန်စွာစီမံခန့်ခွဲပြီး BSF သားလောင်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် BSF သားဖောက်စခန်းကို တည်ထောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

BSF မွေးမြူရေးပညာရှင်များဖြစ်ကြသည့် Bram Dortmans, Stefan Diener, Bart Verstappen နှင့် Christian Zurbrügg တို့ ပြုစုရေးသားသော “BSF ယင်ကောင်သားလောင်းများဖြင့် ဇီဝအညစ် အကြေးများ ပြုပြင်ထုတ်လုပ်အသုံးချခြင်း - လက်တွေ့ဆောင်ရွက်ပုံအဆင့်ဆင့် (Black Soldier Fly Biowaste Processing: Step-by-Step Guide)” စာအုပ်သည် BSF သားလောင်းများကို စီးပွားဖြစ်ထုတ်လုပ်လိုသူများအတွက် အထူးသင့်လျော်သည့် လုပ်ငန်းလမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်စာအုပ်က BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားပါသည်။ 

BSF သားဖောက်စခန်းတွင် ပါဝင်သည့် အစိတ်အပိုင်းများ

  • (၁) BSF မွေးမြူရေးယူနစ် (BSF rearing unit)
  • (၂) စွန့်ပစ်ပစ္စည်းအညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (Waste receiving and pre-processing unit)
  • (၃) BSF အညစ်အကြေးပြုပြင်ထုတ်လုပ်မှုယူနစ် (BSF waste treatment unit)
  • (၄) သားလောင်းဖမ်းယူမှုယူနစ် (Product harvesting unit)
  • (၅) ထပ်ဆင့်ပြုပြင်ထုတ်လုပ်မှုယူနစ် (Post-treatment unit) (ဤယူနစ်တွင် သားလောင်းများကို သန့်စင်ခြင်းနှင့် အနည်အနှစ်များအား ပြုပြင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ပါသည်။)

BSF သားဖောက်စခန်းတစ်ခုတွင် ပါဝင်သင့်သည့် အစိတ်အပိုင်းများ

(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)

BSF သားလောင်းများ မွေးမြူထုတ်လုပ်ရာတွင် BSF ယင်ကောင်များ၏ ဘဝစက်ဝန်း (Life cycle) ကို ထိန်းချုပ်ကာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် BSF များ၏ ဘဝစက်ဝန်းနှင့်အညီ ထုတ်လုပ်မှုကွင်းဆက် (production cycle) ကို ထိန်းညှိထားရန် လိုအပ်ပါသည်။ အကယ်၍ BSF များအတွက် အစာ(substrate) ဖြစ်သော အညစ်အကြေးနှင့်စွန့်ပစ်ပစ္စည်းများ ရရှိနိုင်မှု မတည်ငြိမ်ပါက ထုတ်လုပ်မှုကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရန် ခက်ခဲမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတည်ထောင်မည့် BSF သားဖောက်စခန်း၏ လုပ်ငန်းပမာဏနှင့် မပြတ်တမ်း ရရှိနိုင်မည့် အစာ ပမာဏကို ကြိုတင်ချိန်ညှိထားရန် လိုအပ်မည်ဖြစ်ပါသည်။ 

ထို့ပြင် ထွက်ရှိလာသည့် ကုန်ချောဖြစ်သော BSF သားလောင်းများကို မည်သို့ထပ်ဆင့်ထုတ်လုပ်ကာ သိုလှောင်သိမ်းဆည်းမည်၊ မည်သည့်တိရစ္ဆာန်များအတွက် အစာအဖြစ်အသုံးပြုမည်၊ တစ်ရက်လျှင် မည်မျှလိုအပ်မည်ဆိုသည့် အချက်ကိုလည်း ကြိုတင်ထည့်သွင်းစဉ်းစားထားသင့်ပါသည်။

သားဖောက်စခန်း၏ အကျယ်အဝန်းနှင့် ဖွဲ့စည်းပုံ

BSF သားလောင်းများအတွက် အစာအဖြစ် အသုံးပြုမည့် စွန့်ပစ်ပစ္စည်းများ၏ ပမာဏနှင့် မိမိထုတ်လုပ်လိုသည့် BSF သားလောင်းပမာဏကို သိရှိပြီးပါက ၎င်းတို့အပေါ်မူတည်၍ သားဖောက်စခန်းအအတွက် လိုအပ်မည့် မြေနေရာ အကျယ်အဝန်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် BSF သားလောင်းထုတ်လုပ်သည့်နေရာ (nursery) အတွက် မြေအကျယ်အဝန်း ၁ ယူနစ်နှင့် နေ့စဉ်ထပ်မံဝင်ရောက်လာမည့် စွန့်ပစ်ပစ္စည်း အညစ်အကြေး အသစ်များအတွက် မြေအကျယ်အဝန်း ၂ ယူနစ်အဖြစ် အခြေခံသတ်မှတ်၍ မိမိ၏ BSF စခန်း အရွယ်အစားကို တွက်ချက်ယူရမည်။ 

BSF သားဖောက်စခန်းတစ်ခုတွင် ပါဝင်သင့်သည့် အစိတ်အပိုင်းများကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည်။ 

 တစ်ရက်လျှင် အညစ်အကြေး ၂ တန်အား BSF သားလောင်းအဖြစ် ပြုပြင်ထုတ်လုပ်ပေးနိုင်မည့်   BSF သားဖောက်စခန်း အတွက် ပုံစံအကြမ်း

(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)

စီးပွားရေးအရ တွက်ချေကိုက်မှု

  • BSF စခန်းတစ်ခု၏ စီးပွားရေးအရ တွက်ခြေကိုက်မှုသည် မိမိတို့ဒေသ အခြေအနေများစွာပေါ်တွင် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 
  • BSF စခန်း ၏ လုပ်ငန်းအရွယ်အစား၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းလည်ပတ်စရိတ်
  • ရာသီဥတု (အပူချိန်၊ စိုထိုင်းဆ)
  • အညစ်အကြေး ပြုပြင်ထုတ်လုပ်မှုမှ ပြန်လည်ရရှိနိုင်မည့် ဝင်ငွေ
  • သားလောင်းကို ထပ်ဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များမှ ရနိုင်သည့် ဝင်ငွေ (ဥပမာ သားလောင်း (whole larvae)၊ သားလောင်းပရိုတင်း (protein meal)၊ သားလောင်းမှထုတ်ယူသည့် အဆီ (larval oil))
  • အနည်အနှစ်များအား မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇီဝဓာတ်ငွေ့စက်ရုံသို့ ရောင်းချခြင်းမှ ရရှိနိုင်မည့် ဝင်ငွေ

BSF သားဖောက်စခန်းကို တည်ထောင်ရာတွင် BSF များ၏ သဘာဝ ဘဝစက်ဝန်းနှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်ရန် ဦးတည်ထားရမည်ဖြစ်သကဲ့သို့ သားဖောက်စခန်းအတွက် ရရှိနိုင်သည့် အစာအရင်းအမြစ်၊ ကုန်ချောကို ပြန်လည်ရောင်းချနိုင်မည့် ဈေးကွက်တို့ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ယင်းအပေါ် မူတည်၍ သားဖောက်စခန်းအတွက် မည်မျှရင်းနှီးမြှုပ်နှံမည်ဆိုသည့်အချက်ကို ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်