မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)

13/02/2023 11:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနယ်ပယ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့အတူ စီးပွားရေးလုပ်နေတဲ့ ဂျပန်လူငယ်တစ်ဦးဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မှာ ရှိနေပါတယ်။  သူကတော့ ဂျပန်စိုက်ပျိုးရေးစင်တာ Borderless Myanmar ရဲ့  CEO ဖြစ်တဲ့ တိုမိုပါ။ ၂၀၁၇ ဒီဇင်ဘာကစလို့ ရှမ်းပြည်နယ်မှာ စတင်ခဲ့တဲ့ သူ့ရဲ့ လုပ်ငန်းဟာ အခက်အခဲတွေ ကြားကနေ အခုဆိုရင် ကုမ္ပဏီ ၃ ခုနဲ့အတူ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေ ရနေပါပြီ။

ဂျပန်မှာမွေး ဂျပန်မှာပဲကြီးခဲ့တဲ့ ဒီဂျပန်သားလေးဟာ ဘယ်လို ရည်ရွယ်ချက်တွေ၊ ဘယ်လို စေ့ဆော်မှု တွေကြောင့် မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုစီးပွားရေး (Social business) ကို လာလုပ်နေတာလဲ၊ မြန်မာ တောင်သူတွေဘဝကို ဘယ်လိုမျိုး မြှင့်တင်ပေးချင်တဲ့ ဆန္ဒရှိတာလဲ၊ ဘယ်လောက်အတိုင်းအတာထိ မျှော်လင့်ချက်တွေထားထားသလဲဆိုတာတွေနဲ့ပတ်သက်လို့ မစ္စတာတိုမိုနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ ကို Green Way က ဆက်တိုက်ဖော်ပြပေးခဲ့တာမှာ အခုဆိုရင်တော့ နောက်ဆုံးအပိုင်းကို ရောက်လာပြီ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ သူဟာ ဘယ်လိုမျိုးဖြစ်တည်လာတာလဲ၊ ဒီစီးပွားရေးအတွက် ဘယ်လောက်ထိ မျှော်လင့်ထားတာလဲဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မေး။ လေ့လာခဲ့တဲ့ ပညာရေးကိုလည်း ပြောပြပေးပါ။ အခုလုပ်နေတဲ့အလုပ်တွေနဲ့ သင်ယူခဲ့တဲ့ ပညာရေးတွေ ဘယ်လိုဆက်စပ်ဖြစ်တည်လာတာလဲ။

ဖြေ။   ။ ကျွန်တော်က ဂျပန်မှာ တက္ကသိုလ်တက်ခဲ့တာ လေးနှစ်၊ ပြီးလို့ရှိရင် အမေရိကန်မှာ တက္ကသိုလ် တက်ခဲ့တာတစ်နှစ်ပေါ့နော်။ စုစုပါင်းငါးနှစ် ကျွန်တော်တက္ကသိုလ်တက်ခဲ့တာပေါ့။ တက္ကသိုလ်မှာတော့ ဒီ Social Business နဲ့ သိပ်တော့မဆိုင်ဘူး။ Business နဲ့ သိပ်တော့မသက်ဆိုင်ဘူးပေါ့နော်။ ကျွန်တော် အဓိကသင်ခဲ့တာက International Relation ပေါ့နော်။ International Relation ကတော့ Politic နဲ့ပတ်သက်တာ ပိုပြီးတော့များတာပေါ့နော်။ ဒီနိုင်ငံရေးနဲ့ပတ်သက်တာရော ဘာညာပေါ့နော်၊ အဲ့ဒါကြောင့် ဒီတက္ကသိုလ်မှာသင်တဲ့ဟာက အများကြီးဆိုင်လားဆိုတော့ မဆိုင်ဘူးလို့ ထင်တာပဲ။

ဒါပေမဲ့ ကျွန်တော် International Relation သင်တဲ့အချိန်မှာကျတော့ အဓိက Human right ပေါ့။ ဒီဘယ်နိုင်ငံမှာ ဘယ်လိုမျိုး အခက်အခဲရှိနေလဲ ဘာညာပေါ့နော်၊ အဲ့ဒါကို နည်းနည်းတောက်လျှောက်လေ့လာခဲ့တဲ့အခါမှာ စီးပွားရေးနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ဘူး၊ ဒါပေမဲ့ စိတ်ထဲမှာ Human right အခက်အခဲရှိနေတဲ့သူတွေ အများကြီးရှိတယ်၊  Poverty Situation ရှိတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ စိတ်ထဲမှာ တက္ကသိုလ်တက်ခဲ့တာကြောင့် Human right အခက်အခဲ၊ နေဖို့အခက်အခဲ၊ စားဖို့အခက်အခဲရှိတဲ့သူတွေကို ကူညီပေးချင်တဲ့စိတ်က ပေါ်လာတာပေါ့။ အဲ့ဒါတော့ ကျွန်တော့်ရဲ့ Mindset တစ်ခုဖြစ်သွားတဲ့ဟာပေါ့။ ဒီအလုပ်နဲ့ပတ်သက်လို့ပေါ့။

Entrepreneur ဖြစ်ဖို့အတွက်ကျ ဘယ်လိုလေ့လာခဲ့တာလဲ ဆိုတော့က ဘယ်လိုပြောရမလဲ ဥပမာပေါ့နော်၊ ဂျပန်နိုင်ငံမှာဆိုရင်တော်တော်များများ အသက် ၁၆ နှစ်လောက်ဆိုရင် အလုပ်စလုပ်ရတော့တာ၊ ကျောင်းတက်ရင်းနဲ့ Part Time လုပ်ရတာ။ ဥပမာ ကျွန်တော်တို့ဆိုရင် အသက် ၁၆ နှစ်ပြည့်တာနဲ့ စားသောက်ဆိုင်မှာ ပန်းကန်ဆေးလိုက်၊ စားပွဲထိုးလိုက် လုပ်ခဲ့တယ်။ နေ့တိုင်းနေ့တိုင်းပေါ့၊ တစ်ခါ တလေကျတော့လည်း ဟိုတယ်မှာ ညအိပ်ပြီးတော့ House Keeping လုပ်ခဲ့တာပေါ့။ လုံးဝအသက် ၁၆ နှစ်ကစပြီးတော့ ကျောင်းတက်ရင်းနဲ့ပေါ့နော်၊ အဲ့ဒါတော့ ဂျပန်မှာရှိတဲ့သူတွေ အတော်တော်များများတူတူပါပဲ။ ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့။ လုံးဝ အောက်ခြေအလုပ်ကို တောက်လျှောက်လုပ်ခဲ့တာပေါ့။ အဲ့ပေါ်မှာကျတော့ ကိုယ့်ဟာကိုယ် ခံနိုင်ရည်ရှိတာပေါ့နော်။ ဒီ နည်းနည်းလောက်အခက်အခဲရှိရင်လည်း ကျွန်တော်တော့လုပ်နိုင်တယ်ပေါ့။ အလုပ်သမားအလုပ်လည်း လုပ်ဖူးတယ်ဆိုတော့။

အဲ့ဒါစပြီးတော့ကျွန်တော် တက္ကသိုလ်တက်တယ်။ တက္ကသိုလ်ပြီးတဲ့အချိန်မှာ ကျွန်တော်ကတော့ အဓိက ဂျပန်မှာ တက္ကသိုလ်ပြီးတဲ့အချိန်မှာ ကျွန်တော် ကုမ္ပဏီတစ်ခု ယူလိုက်တာပေါ့။ အဲ့ကုမ္ပဏီက ဘာလဲဆိုတော့ ဘယ်လိုပုံစံနဲ့ ကုမ္ပဏီကို ရွေးလိုက်လဲဆိုတော့ အဲ့တုန်းက ကျွန်တော်က မြန်မာနိုင်ငံအတွက် Social Business တစ်ခုလုပ်ချင်တယ်။ မြန်မာနိုင်ငံကို အကျိုးပြုချင်တယ်။ မြန်မာနိုင်ငံအတွက် တစ်ခုခုကူညီပေးချင်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က အဲ့တုန်းကဆိုရင် Social Business နဲ့ပတ်သက်တဲ့ Social Enterprise နဲ့ပတ်သက်တဲ့ နည်းပညာမရှိဘူး။ ဘယ်လိုလုပ်ရမလဲမသိဘူး။ နောက်ပြီးတော့ ပိုက်ဆံမရှိဘူး၊ အရင်းအနှီးမရှိဘူးပေါ့။ ပြီးတော့ ကျွန်တော်က ဘာအချိတ်အဆက်မှမရှိဘူးပေါ့နော်။ ပိုက်ဆံလည်းမရှိဘူး၊ အတွေ့အကြုံလည်းမရှိဘူး။ အချိတ်အဆက်လည်းမရှိဘူးဆိုရင် ကျွန်တော်မြန်မာနိုင်ငံသွားပြီးတော့ ဘယ်လိုလုပ်မှာလဲပေါ့။ အဲ့ဒါ ကျွန်တော်အသက် ၂၂ နှစ်တုန်းကပေါ့နော်။ တက္ကသိုလ်ပြီးတုန်းက စဉ်းစားခဲ့တာပေါ့။

အဲ့ဒါနဲ့ ကျွန်တော် ဘယ်လိုစဉ်းစားမိလဲဆိုတော့ ဟုတ်ပြီ။ ဂျပန်မှာ Borderless Japan ဆိုတဲ့ ကုမ္ပဏီရှိတယ်။ ဒီ Borderless Japan ဆိုတဲ့ ကုမ္ပဏီက ဂျပန်မှာ ဘယ်သူမှမသိသေးဘူး။ သေးသေးလေးပဲရှိတယ်။ ဒါပေမဲ့ အသံကြားတာကတော့ တအားပင်ပန်းတယ်၊ အလုပ်တအားလုပ်ရတယ်။ အလုပ်တအားလုပ်ရပေမဲ့ လစာ တအားရတာလည်းမဟုတ်ဘူး။ ဒါမဲ့ တစ်ခုပဲရှိတယ်။ အတွေ့အကြုံအများကြီးရတယ်။ ဒီကုမ္ပဏီကို ဝင်လို့ရှိရင် အတွေ့အကြုံအများကြီးရတယ်။ အများဆုံးရတယ်။ တခြားကုမ္ပဏီထက်စာရင် အဲ့လိုမျိုး ကျွန်တော့်သူငယ်ချင်းကိုပြောပြတာပေါ့။ ဟုတ်ပြီ၊ အဲ့ဒါဆိုရင် ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ Entrepreneur ဖြစ်ချင်တဲ့အတွက် အခုလက်ရှိ ပိုက်ဆံရဖို့ သိပ်အရေးမကြီးဘူး။ ပင်ပန်းတာ မပင်ပန်းတာ သိပ်အရေးမကြီးဘူး။ အပင်ပန်းဆုံးကုမ္ပဏီ၊ အတွေ့အကြုံအများဆုံးရတဲ့ကုမ္ပဏီကို ဝင်လိုက်မယ်ပေါ့။ အဲ့ဒါနဲ့ ကျွန်တော် Borderless Japan  ဆိုတဲ့ ကုမ္ပဏီကို ဝင်လိုက်တယ်။

အဲ့ဒီအချိန်မှာကျတော့ ကျွန်တော်က ဂျပန်မှာ စီးပွားရေးလုပ်ခဲ့တာပေါ့။ တစ်နှစ်ခွဲအတွင်းမှာ ကျွန်တော် ကုမ္ပဏီ ၃ ခု စီးပွားရေးစခဲ့တာပေါ့နော်။ အဲ့ဒီစလိုက်တဲ့အချိန်မှာ စီးပွားရေးလုပ်တဲ့အချိန်မှာ ကျွန် တော်လည်း ပြဿနာအမျိုးစုံပေါ့၊ လူနဲ့ပတ်သက်တာရော၊ ပိုက်ဆံနဲ့ ပတ်သက်တာရော၊ Strategy ရော၊ Marketing, Operation ရော အကုန်လုံးပေါ့နော်၊ ဒီတစ်နှစ်ခွဲအတွင်းမှာ ကျွန်တော်ကတော့ တော်တော်များများ Entrepreneur တစ်ယောက်ဖြစ်ဖို့အတွက် အတွေ့အကြုံရသွားတယ်။ အဲ့အချိန်မှာ ကျွန်တော်က ဂျပန်မှာလေ့လာခဲ့တဲ့ပညာကို ဒီဘက်မှာ ပြန်သုံးတာပေါ့နော်။

ဒါပေမဲ့ တစ်ခုပြောချင်တာ ဘာလဲဆိုတော့ အဲ့လိုမျိုးပုံစံနဲ့ အလုပ်လုပ်တဲ့သူများတယ်။ ဒါပေမဲ့ ကျွန်တော်က တခြားလူနဲ့ ဘာကွာလဲ ဆိုတော့ တစ်ခြားသူက ၈ နာရီခွဲအလုပ်လုပ်မယ်ဆိုရင် ကျွန်တော်က ၁၂ နာရီခွဲ အလုပ်လုပ်မှာ။ တခြားသူက ဆယ်နာရီအလုပ်လုပ်မယ်ဆိုရင် ကျွန်တော်က ၁၄ နာရီ အလုပ်လုပ်မယ်ပေါ့နော်။ အဲ့ပုံစံနဲ့ တအားကြီးပင်ပန်းတယ်။ လစာလည်းသိပ်မရပေမဲ့ ဒီမှာရတဲ့အတွေ့အကြုံက နံပါတ်တစ်ပေါ့။ ကိုယ့်တိုးတက်မှုအတွက် နံပါတ်တစ်ပေါ့နော်။ စိတ်ထဲမှာထားပြီးလုပ်ခဲ့တဲ့အပေါ်မှာ ဟို Borderless Japan ကနေပြီးတော့ ပညာအကုန်ရခဲ့တယ်။ သူတို့ဆီကနေလည်း ယုံကြည်မှုလည်းရခဲ့တဲ့အတွက် အခုကျွန်တော်က သူတို့ဆီကနေ ပိုက်ဆံလည်းချေးလို့ရတာပေါ့နော်။ အခုပုံစံနဲ့ ကျွန်တော်က အခုနေ ရာကို ရောက်လာတာပေါ့။ 

 မေး။ ဆိုတော့ ချမှတ်ထားတဲ့ Business Model နဲ့လုပ်ငန်းဖွံ့ဖြိုးလာတဲ့အပိုင်းကိုဘယ်လိုသုံးသပ်ရရှိလဲ။

ဖြေ။   ။ နံပါတ်တစ်အနေနဲ့ ကျွန်တော်တို့ အောင်မြင်မှုကိုဘာနဲ့ပြတာလဲဆိုတော့ နံပါတ်တစ်က Social Impact. ကျွန်တော်တို့ရဲ့အောင်မြင်မှုဆိုတာ Profit မဟုတ်ဘူး။ Social Impact ပေါ့နော်။ ဒီ Society အတွက် ကုမ္ပဏီအတွက် ဒီမြန်မာနိုင်ငံအတွက် ဘယ်လောက်အကျိုးပြုခဲ့တာလဲဆိုတဲ့ Social Impact ပေါ့။ အဲ့ဒါက ဥပမာ Borderless Link ပေါ့။ Borderless Link ဆိုရင် အခုလက်ရှိ Contract Farming ပေါ့၊ လုပ်နေတဲ့တောင်သူက အယောက်ငါးထောင်လောက်ရှိတယ်။ ကျွန်တော်တို့ One Stop Service သုံးတဲ့ တောင်သူဆိုရင်တော့ အယောက်တစ်သောင်းခွဲလောက် ရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ Social Impact တစ်ခု။ အဲ့ဒါက စစချင်း Contract Farmer လည်း ၂၀၀ လောက်ရှိတယ်။ ပြီးခဲ့တဲ့ငါးနှစ်ပေါ့။ ပြီးတော့ Agri Center လည်း တစ်ဆိုင်ပဲရှိတဲ့အတွက် သုံးတဲ့သူကလည်း ထောင့်ငါးရာပဲ ရှိတာပေါ့။ ဒီငါးနှစ်အတွင်းမှာ ဆိုင်ကိုသုံးတဲ့တောင်သူဦးရေ တစ်သောင်းခွဲကျော်လာပြီ။ ဒီ Contract Farming လုပ်တဲ့ တောင်သူလည်းငါးထောင်ကျော်လာပြီဆိုတော့ အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ အောင်မြင်မှုပေါ့နော်၊ ဒီ အယောက်ငါးထောင်၊ အယောက်တစ်သောင်းခွဲ တောင်သူကိုအကျိုးပြုခဲ့တာဆိုတော့ အောင်မြင်မှု တစ်ခုပေါ့။

ပြီးလို့ရှိရင်တော့ Social Impact တစ်ခုတည်းကြည့်ရင်တော့မရဘူးပေါ့။ Social Impact ရှိရင်းနဲ့ Profit လည်း ကောင်းကောင်းရှိမှရမှာ။ ဘာလဲဆိုတော့ Profit ကောင်းကောင်းမရှိလို့ရှိရင် ကျွန်တော်တို့က ဆက်ပြီးတော့ မလျှောက်နိုင်ဘူးဖြစ်သွားမှာပေါ့နော်။ ရေရှည်မသွားနိုင်ဘူး ဖြစ်မှာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့က ခု Profit အနေနဲ့ပေါ့၊ ဒီ CSR အနေနဲ့ဆိုရင် ဒီ ၂၀၂၀ နှစ်ဆိုရင် စစချင်းဆိုရင် ကျွန်တော်တို့က လုံးဝအရှုံးနဲ့ပြတာပေါ့။ ပထမတစ်နှစ်ပေါ့နော်၊ ဒီငါးနှစ်ကြာပြီး ၂၀၂၂ ဆိုရင် ကျွန်တော် တို့က Borderless Myanmar အနေနဲ့ အကြမ်းဖျင်းပေါ့နော်၊ အကြမ်းဖျင်းဆိုရင် USD ၈ သန်း လောက်ပေါ့။ မြန်မာငွေနဲ့ဆိုရင် နည်းနည်းပြောရတာခက်တယ်။ USD ၈ သန်းလောက်ကို CSR အနေနဲ့ သွားမှာပေါ့။ အဲ့ပေါ်မှာ ကျွန်တော်တို့က Profit က ကောင်းကောင်းရှိနေတာပေါ့။ အဲ့ဒါကြောင့်မို့  Social Impact တော့ ရှိတယ်။

နောက်ပြီးတော့ Business  အနေနဲ့ Statistics လည်း ကောင်းကောင်းရှိတယ်။  Profit လည်းကောင်းကောင်းရှိနေတဲ့အတွက် တစ်ခုအောင်မြင်နေတယ်လို့ ပြောလို့တော့ရမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းပြောတာဆိုတာဘာလဲဆိုတော့ Borderless Link တစ်နိုင်ငံလုံးသွားမယ်။ Borderless Myanmar Fertilizer ပေါ့နော်၊ ဒီလုပ်ငန်းတွေလည်း တစ်နိုင်ငံလုံးသွားမယ်။ ဒီ Borderless Farm လုပ်နေတဲ့ Contract Farm လည်း နောက်ထပ်အများကြီး ချဲ့လို့ ရသေးတာပေါ့။ အဲ့ဒါကျ ကျွန်တော်တို့ ပန်းတိုင်ပေါ့နော်၊ ကျွန်တော်တို့ Image ပေါ့။ ကျွန်တော် သွားချင်တဲ့ဟာ၊ ကျွန်တော်လုပ်ချင်တဲ့ဟာနဲ့စာရင်တော့ အခုက ဘာမှမဟုတ်သေးဘူး။ ဒီထက်မက ကျွန်တော်တို့က ပိုပြီးတော့လုပ်လို့ရတာပေါ့။ အဲ့ဒါက ဒီကုမ္ပဏီ ၃ ခုနဲ့ ပတ်သက်တာပေါ့။

ပြီးတော့ Borderless Myanmar နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ခုနပြောသလိုပေါ့၊ ကုမ္ပဏီတစ်ထောင်၊ Social Business One Thousand ဖွင့်မယ်လို့ ပြောနေတဲ့အချိန်မှာ အခုက ၃ ကုမ္ပဏီပဲရှိသေးတယ်။ ဒီ ၃ ကုမ္ပဏီက သူများကြည့်ရင်... ဟာ မဆိုးဘူး အောင်မြင်တယ်ပေါ့။ ဒီရောင်းရတဲ့ ဒေါ်လာမီလီယံလည်း ရှိတယ်ဆိုတော့ မဆိုးဘူးပေါ့။ ဒါမဲ့ ကျွန်တော့်အနေနဲ့ကတော့ သေးသေးလေးပဲ ရှိသေးတယ်။ ဒါကို ကျွန်တော်တို့က ဆယ်ဆ၊ အဆတစ်ရာပေါ့နော်၊ အဲ့လိုမျိုးဖြစ်ပြီးတော့ ကုမ္ပဏီတစ်ထောင်၊ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ဒီတောင်သူဖြစ်ဖြစ်၊ အခက်အခဲရှိတဲ့သူအကုန်လုံးပေါ့နော်၊ ကျွန်တော်တို့က အကျိုးပြုနိုင်အောင်လုပ်မှ တကယ်အောင်မြင်တယ်လို့ ပြောလို့ရမယ်ထင်တာပဲ။ 

မေး။ Borderless ရဲ့ နောက်ဆုံးအမြင့်မားဆုံးရည်ရွယ်ချက်တွေကို ပြောပြပေးပါ။ တခြားပြောပြချင်တာရှိရင်လည်း ပြောပြလို့ရပါတယ်။ 

ဖြေ။   ။ အဓိက Borderless Myanmar ရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ ဒီမြန်မာနိုင်ငံပေါ့နော်၊ တစ်နိုင်ငံလုံး အဆင်ပြေသွားအောင်၊ တစ်နိုင်ငံလုံးမှာ အခက်အခဲရှိတဲ့သူတွေကို ကူညီပေးနိုင်အောင် ဆင်းရဲတဲ့သူက အောင်မြင်သွားအောင် အဲ့ဒါ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ပေါ့။ အဲ့အချိန်မှာ Borderless Link, Borderless Myanmar Fertilizer ဒီ Borderless Farm ပေါ့နော်၊ ဒီကုမ္ပဏီ ၃ ခုက စိုက်ပျိုးရေးနဲ့ပတ်သက်တာတွေလုပ်နေတာပေါ့။ ဒါမဲ့ စိုက်ပျိုးရေးနဲ့ပတ်သက်တယ်ဆိုပေမယ့် နယ်က ကွာလို့ရှိရင်  လုပ်ပုံလုပ်နည်းလည်းကွာမှာ။ စိုက်တဲ့သီးနှံကွာရင်လည်း ဒီပြင်ဆင်မှုလည်းကွာမှာပေါ့။ အဲ့တော့ ကျွန်တော်က စိုက်ပျိုးရေးရော၊ စိုက်ပျိုးရေးမဟုတ်တဲ့ဟာကိုလည်း ကုမ္ပဏီဖွဲ့ချင်တယ်။

ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ Borderless Myanmar အနေနဲ့ ကုမ္ပဏီတစ်ထောင်ပေါ့၊ ဖွဲ့နိုင်မယ် ဆိုတဲ့  ကျွန်တော့်ရည်ရွယ်ချက်၊ ဒါပေမယ့် ကုမ္ပဏီတစ်ထောင်ဖွဲ့ဖို့အတွက်က Social Entrepreneur တစ်ထောင်လိုမှာ။ နော် ကုမ္ပဏီတစ်ခုကို  ဥက္ကဌတစ်ယောက်ရှိမှ ရမှာပေါ့။ အဲ့ဒါကို ကျွန်တော်က လိုက်ရှာနေတုန်းပဲ။ ဒီ Borderless Link နဲ့ Borderless Myanmar Fertilizer တကုမ္ပဏီလုံးမှာ ဝန်ထမ်းအများဆုံးကတော့ အသက် ၂၅ နှစ်အောက် ဒီခုနှစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်းလို့ ပြောလို့ရပါတယ်။ သူတို့ကတော့ တကယ်တိုးတက်တယ်။ သူတို့က တကယ်ဒီနိုင်ငံကို အကျိုးပြုချင်တဲ့စိတ် ရှိတာပေါ့။ ဒါမဲ့ ကျွန်တော်ကတော့ မလောက်သေးဘူး။ ဒီထက်မကပိုပြီးတော့ရှာချင်တယ်။

အဲ့ဒါက ကျွန်တော်ကုမ္ပဏီမှာ မွေးထားတဲ့သူတွေရှိတယ်။ ကြိုးစားတဲ့သူတွေရှိတယ်။ အဲ့အပြင်မှာ ပေါ့နော်။ Borderless Myanmar အပြင်မှာလည်း တကယ်လုပ်ချင်တဲ့သူရှိလို့ ရှိရင်လည်း ပူးပေါင်းပြီးတော့လုပ်ချင်တာပေါ့။ ကျွန်တော်က ပြီးခဲ့တဲ့ငါးနှစ် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ပြီးတော့ Social Business လုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ပါဝါပေါ့၊ ဒီမြန်မာနိုင်ငံရဲ့လူငယ်ပါဝါ တကယ်လုပ်နိုင်တဲ့ဟာကို ကျွန်တော်ကြည့်ခဲ့တာပေါ့နော်၊ တကယ့်ကိုအတွေ့အကြုံရှိခဲ့တာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ မြန်မာနိုင်ငံက လူငယ်တွေကို တကယ်ကိုယုံတယ်။ မြန်မာနိုင်ငံကလူကိုတကယ်ယုံတယ်ပေါ့။ အဲ့ဒါကြောင့် တစ်ယောက်တည်းဆိုရင်တော့ မဖြေရှင်းနိုင်ဘူးပေါ့။ အခုဖြစ်နေတဲ့ ပြဿနာအားလုံးကို မဖြေရှင်းနိုင်ဘူးပေါ့။ အဲ့ဒါကြောင့် ကျွန်တော်က မြန်မာနိုင်ငံကလူငယ်နဲ့ ပိုပြီးတော့ ပေါင်းဖြစ်တယ်ပေါ့။ ဘယ်လိုပုံစံနဲ့ မြန်မာနိုင်ငံကို ကောင်းအောင်လုပ်နိုင်မလဲပေါ့။ အဲ့ဒါကို ပေါင်းပြီးတော့ စဉ်းစားချင်သေးတယ်ပေါ့။ အဲ့ဒါကြောင့် တကယ်လုပ်ချင်တဲ့ သူရှိရင်တော့ ကျွန်တော်ကတော့ အမြဲတမ်းဖိတ်ခေါ်ပါတယ်လို့။ 

( Borderless Myanmar ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ညောင်ရွှေဆိုင်ဖုန်းနံပါတ် - 09402819515 ကို ဆက်သွယ်မေးမြန်းကြည့်နိုင်ပါတယ်)

Photos Crd - Borderless Link

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်