ကျွဲ၊ နွား အရေပြား အကျိတ်နာရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများအကြောင်း၊ ကူးစက်ပျံ့နှံ့ပုံအကြောင်း စသည်တို့ကို အပိုင်း(၁) တွင် ဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
အောက်ပါလင့်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/Cattle_Lumpy_Skin_Disease_1
အခု အပိုင်း(၂) မှာတော့ ရောဂါမဖြစ်ခင် ကာကွယ်နည်းနဲ့ နောက်ဆက်တွဲကုသနည်းများကို ဖော်ပြပေးသွား မည်ဖြစ်ပါသည်။
ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါကို အခြားရောဂါများနှင့်လည်း မှားယွင်းနိုင်ပါသည်။
မှားယွင်းဆုံးဖြတ်နိုင်သော ရောဂါများမှာ-
- ကျွဲ၊ နွား ရေယုန်ရောဂါ၊
- ကျွဲ၊ နွားပါးစပ်အတွင်းရှိ အမြှေးပါးရောင်ရောဂါ၊
- အင်းဆက်ပိုးမွှားကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားရောဂါ၊
- ကျွဲ၊ နွား အရေပြားဆဲလ်ရောင်ရောဂါ၊
- ကျွဲ၊ နွား နေလောင်ရောဂါ၊
- နွားကျောက်ရောဂါနှင့် သဏ္ဌာန်တူရောဂါ၊
- နွားကျောက်ရောဂါ၊
- နွားပလိပ်ရောဂါ၊
- ကျွဲ၊နွား အဆုတ်ရောင်ရောဂါ၊
- သန်မျိုးစိတ်တစ်မျိုးကြောင့်ဖြစ်သော မျက်လုံးကွယ်ရောဂါ
စသည်တို့ ဖြစ်ပါသည်။
ကုသခြင်း
- ထိရောက်သောကုသဆေး မရှိပါ။
- နောက်ဆက်တွဲရောဂါများ ဝင်မလာစေရန်တော့ ပဋိဇီဝဆေးများဖြင့် ကုသ၍ ရပါသည်။
ကာကွယ်ဆေးထိုးနှံခြင်း
- အားဖျော့ထားသော Homologous နှင့် Heterologus ပိုးအရှင် ကာကွယ်ဆေးထိုးနှံ၍ ကာကွယ်နိုင်ပါသည်။
- နွားကလေးအသက်(၃-၄)လမှ စတင်၍ ထိုးနှံနိုင်ပါသည်။
- ၁ နှစ်၁ ကြိမ် ပုံမှန်ထိုးနှံပေးရပါမည်။
- အသားထုတ်လုပ်မည့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးနှံပြီး ၂၁ ရက်အကြာမှသာ အသားထုတ်လုပ်ရပါမည်။
- ကာကွယ်ဆေးထိုးပြီးပါက နို့ထုတ်လုပ်မှု ခဏတာ လျော့ကျသွားတတ်ပါသည်။
ရောဂါကာကွယ်ရန် လိုက်နာရမည့်အချက်များ
မိမိတို့မွေးမြူထားသော ကျွဲ၊ နွားများအား ရောဂါကူးစက်ခြင်းမှကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်။
- (က) နာမကျန်း ကျွဲ၊ နွားများကို လွှတ်ကျောင်းခြင်း၊ အခြား ကျွဲ၊ နွားများနှင့် ရောနှောခြင်း မပြုရန်။
- (ခ) ကျွဲ၊ နွား မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုရန်နှင့် ပိုးသတ်သန့်စင်ခြင်း ဆောင်ရွက်ရန်။
- (ဂ) ရောဂါပိုးသယ်ဆောင်တတ်သည့် အင်းဆက်ပိုးမွှားများဖြစ်သည့် မှက်၊ ခြင်၊ ယင်နှင့် မွှားများကို ထိန်းချုပ်ရန် ။
- (ဃ) ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း မပြုရန်။
- (င) သေဆုံးပြီးသော ကျွဲ၊ နွားများကို စနစ်တကျ ရှင်းလင်းဖယ်ရှားရန်။
- (စ) ကျွဲ၊ နွားများကို ရွှေ့ပြောင်းသယ်ဆောင်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် ရယူရန်။
- (ဆ) နွားအသစ်ဝယ်ယူမွေးမြူမည်ဆိုပါက ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ နွားများကို ဝယ်ယူမွေးမြူရန်။
- (ဇ) ဝယ်ယူသည့် နွားအသစ်များကို မိမိခြံရှိနွားများနှင့် မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်။
- (စျ) မိမိနွားခြံတွင် အရေပြားအကျိတ်နာရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့သို့ ချက်ချင်းသတင်းပို့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်တို့ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။