ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် တိရစ္ဆာန်အစာကုန်ကြမ်း ရှားပါးလာမှုပြဿနာ

11/07/2023 15:00 PM တွင် Ning Naing Ling Ning Naing Ling မှ ရေးသား

ယခုနောက်ပိုင်းမြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရှိစိုက်ပျိုးတောင်သူအများစုဟာ ရာသီဥတု ဖောက်ပြန်ပြောင်း လဲမှုဒဏ်ကြောင့် စိုက်ပျိုးထွက်ကုန်များ အထွက်နှုန်းကျဆင်းခြင်း၊ အာဟာရတန်ဖိုးကျဆင်းခြင်း၊ မှိုဆိပ်တွေ့ရှိမှု များလာခြင်းတို့နဲ့ ရင်ဆိုင်လာနေရပါတယ်။

အခြားတစ်ဖက်မှာလည်း အစားအစာဖူလုံဖို့အတွက် အရေးကြီးတဲ့ မွေးမြူရေးလုပ်ငန်းဟာ စိုက်ပျိုးရေးမှထွက်ရှိတဲ့ ဂျုံ၊ ပြောင်း၊ ပီလောပီနံနှင့် အခြားစိုက်ပျိုးထွက်ကုန်များကို အစာကုန်ကြမ်းအနေနှင့် မှီခိုနေရပါတယ်။ 

တိရစ္ဆာန်အစာ ထုတ်လုပ်သူတွေအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိရစ္ဆာန်အစာအရည်အသွေး၊ တိရစ္ဆာန်အစာဘေးကင်းရေးနှင့် သိုလှောင်သိမ်းဆည်းမှု စတဲ့အချက်တွေဟာစိန်ခေါ်မှုဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အခြားစိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်လာနေရပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းဟာ စိုက်ပျိုးတောင်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေရုံသာမက မွေးမြူရေးလုပ်ငန်းရဲ့ အဓိကအားထားရာ တိရစ္ဆာန်အစာကုန်ကြမ်း လုံလောက်မှုအတွက်ပါ စိန်ခေါ်မှုဖြစ်လာနေတာပါ။ ယခုလိုစိန်ခေါ်မှုတွေကြောင့် မွေးမြူသူတွေအနေနဲ့ အခြားတိရစ္ဆာန်အစာကုန်ကြမ်း အရင်းအမြစ်တွေအပေါ် မှီခိုဖို့ လိုအပ်လာပါတယ်။

ယေဘုယျအားဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်တွေအနေနှင့်  အောက်ပါအချက်(၂) ချက် ကို အဓိက ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။

(၁) အစာကုန်ကြမ်းများဖြစ်တဲ့ ဂျုံ၊ပြောင်းများတွင် မှိုဆိပ်တွေ့ရှိမှုများလာခြင်း

 ပထမအချက်အနေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ အစာကုန်ကြမ်းတွေမှာ မှိုပေါက်ရောက်မှုကို အဓိက အားပေးနေပါတယ်။ ဥပမာအားဖြင့်  ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အပူချိန်နှင့် စိုထိုင်းဆ အတက်အကျဟာ အစာကုန်ကြမ်းမှာ မှိုဆိပ်ပေါက်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးပါတယ်။

ဒါ့အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ ပြောင်းမှာ အခြားမှိုဆိပ်အမျိုးအစားကွဲများ တွေ့ရှိမှုကိုလည်း တွန်းအားပေးနေပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိမှုများအရ စိုက်ပျိုးထွက်ကုန်မှာ မှိုဆိပ်ပါဝင်မှုဟာ အစာကုန်ကြမ်းမှာ ပါဝင်တဲ့အာဟာရတန်ဖိုးကို ၁၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်အစာမှာ မှိုဆိပ်ပါဝင်ခဲ့ရင် မွေးမြူရေးတိရစ္ဆာန်တွေမှာ အဓိကအားဖြင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အပြင် အစာစားနှုန်းကျဆင်းခြင်း ထုတ်လုပ်နိုင်စွမ်းကျဆင်းခြင်းနှင့် မျိုးအောင်ခြင်း၊ မအောင်ခြင်းတို့ ဖြစ်စေပါတယ်။ တိရစ္ဆာန်အစာမှာ မှိုဆိပ်ပါဝင်မှုဟာ တိရစ္ဆာန်အစာထုတ်လုပ်သူတွေနှင့် မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါသေးတယ်။

(၂) အစာကုန်ကြမ်းတွင်ပါဝင်သော အာဟာရတန်ဖိုးကျဆင်းခြင်း၊ အထွက်နှုန်းကျဆင်းခြင်း

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ တိရစ္ဆာန်အစာကုန်ကြမ်းအတွက် အဓိကအသုံးပြုနေတဲ့ ပြောင်း၊ ဂျုံအထွက်နှုန်းအပေါ် အဓိကခြိမ်းခြောက်နေပါတယ်။ သုတေသနစာတမ်းများအရ ပျမ်းမျှအပူချိန် (၄)ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်ခြင်းက အစာကုန်ကြမ်းအထွက်နှုန်းကို ၁၀-၂၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးတောင်သူတွေဟာ မိုးများခြင်း(သို့မဟုတ်) မိုးခေါင်ခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများ ပုံမှန်စိုက်ပျိုးခြင်း မလုပ်ဆောင်နိုင်တာကြောင့် နှစ်စဉ်သီးနှံအထွက်နှုန်း ကျဆင်းခြင်းနှင့် ရင်ဆိုင်နေရပါတယ်။ 

ဒါကြောင့် စိုက်ပျိုးတောင်သူတွေအနေနှင့်လည်း အနာဂတ်တွင် ရာသီဥတုအပြောင်းလဲမှုဒဏ်နှင့် ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးစေ့မျိုး အမှန်တကယ်လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာ တိရစ္ဆာန်အစာထုတ်လုပ်သူတွေအနေနှင့်လည်း အစာကုန်ကြမ်းဖြစ်တဲ့ ပြောင်းအစား ဆန်၊ ဆန်ကွဲတို့ကို စတင်အသုံးပြုလာကြပါတယ်။  

ဒါကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ တိရစ္ဆာန်အစာ ရေရှည်ထုတ်လုပ်နိုင်ရေးအတွက် စိန်ခေါ်မှုဖြစ်တဲ့အပြင် လူသားတစ်ရပ်လုံးရဲ့ အစားအစာဖူလုံရေးနှင့် ဘေးကင်းရေးအတွက် အဓိကစိန်ခေါ်မှု ဖြစ်လာပါတယ်။

ဒါပေမဲ့ အခြားတစ်ဘက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းမှာ နည်းပညာတွေရဲ့ အကူအညီကြောင့် ပိုမိုတိကျတဲ့ စိုက်ပျိုးထုတ်လုပ်မှု (precise farming) ဘက်ကို ဦးတည်လာနေတာကတော့ ဖြေသိမ့်စရာဖြစ်ပါတယ်။ ဥပမာအားဖြင့် နည်းပညာအကူအညီကြောင့် ရာသီဥတုအပြောင်းအလဲကို ကြိုတင်ခန့်မှန်းနိုင်ပြီး သီးနှံရွေးချယ်စိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှားနှင့် ရောဂါတွေအတွက်လည်း ကြိုတင်တွက်ဆမှုတွေ လုပ်နိုင်ခြင်းတို့ကို လုပ်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။

တကယ်တော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို ရင်ဆိုင်နေရတာက မွေးမြူရေးကဏ္ဍတစ်ခုတည်းအတွက် တော့ မဟုတ်ပါဘူး။ ကဏ္ဍပေါင်းစုံမှာ ရင်ဆိုင်နေရတာပါ။ ဒီပြဿနာရဲ့ နောက်ဆက်တွဲတွေကို မွေးမြူရေးသမား တွေချည်းသီးသန့်တော့ အဖြေရှာလို့ မရနိုင်ပါဘူး။ တာဝန်ရှိသူတွေဘက်ကလည်း ပိုမိုကောင်းမွန်သော နည်းလမ်းတွေကို ရှာဖွေသင့်နေပြီဖြစ်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်