မုန်တိုင်းအန္တရာယ်ကာကွယ်ရန် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများ ကြိုတင်လုပ်ဆောင်ထားသင့်သည်များ

10/05/2023 13:03 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အားအလွန်ကောင်းဆိုင်ကလုန်းမုန်တိုင်း (ဖြစ်ပါက Mocha ဟု အမည်ရမည့်) တစ်လုံးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှ ယခုရက်ပိုင်းအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟူသော မိုးလေဝသသတိပေးချက်များ ရှိနေပါသည်။

ယင်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးကြီးခြင်း၊ ရေကြီး ရေလျှံခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရမည့် အခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။

 

ကမ်းဝေးငါးဖမ်းလုပ်ငန်းများ

ယခုကာလသည် ငါးမဖမ်းရရာသီကာလဖြစ်၍ ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုနည်းစေရန် လုံခြုံမှုရရှိနိုင်သည့် ဆိပ်ကမ်းတွင် ရပ်နားထားစေရေး၊ ခိုင်မာသည့် သံကြိုးများဖြင့် ကျောက်ချထားစေရေးတို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။

ကမ်းနီးငါးဖမ်းလုပ်ငန်းများ

မုန်တိုင်းသတိပေးကာလအတွင်း ကမ်းနီးငါးဖမ်းရေယာဉ်များ ကမ်းသို့ပြန်လည်ဝင်ရောက်ရန် သက်ဆိုင်ရာဌာနများမှ အကြောင်းကြားထားပြီးဖြစ်သည်။ သို့ဖြစ်၍ ကမ်းသို့ပြန်လည်ဝင်ရောက်လာသည့် ကမ်းနီးလှေများအား လုံခြုံမှုရရှိနိုင်သည့် ဆိပ်ကမ်းတွင် ရပ်နားစေရေး၊ ခိုင်မာသည့် သံကြိုးများဖြင့် ကျောက်ချထားစေရေးတို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။

ငါးမွေးတောင်သူများအနေဖြင့် မုန်တိုင်းမဖြစ်မီ ကြိုတင်ဆောင်ရွက်ထားရမည့်အချက်များ

(က) ငါးမွေးတောင်သူများအနေဖြင့် မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား စဉ်ဆက်မပြတ်နားထောင်ရန်၊

(ခ) လိုအပ်ပါက ကြိုတင်ရှောင်တိမ်းရန်၊

(ဂ) အရေးပေါ် ရွှေ့ပြောင်းနိုင်ရေး စီစဉ်ထားရှိပြီး လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အသင့်ဆောင်ထားရန်၊

(ဃ) ဆေးဝါး/အရေးပေါ်အစားအစာများ ကြိုတင်စီစဉ်ထားရန်၊

(င) တစ်ကိုယ်ရည်သုံးပစ္စည်းများ အသင့်ထုပ်ပိုးထားရန်၊

(စ) လက်ကိုင်ဖုန်းများ အားသွင်းထားရန်၊

(င) မိသားစုများကွဲကွာပါက ပြန်လည်ဆုံတွေ့ နိုင်သည့် ဆုံရပ်သတ်မှတ်ထားရန်၊

(စ) အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ ဖုန်းနံပါတ်များအား ကြိုတင်မှတ်သားထားရန် လိုအပ်ပါသည်။

မုန်တိုင်းဖြစ်ပွားစဉ် ငါးမွေးတောင်သူများ လိုက်နာရမည့်အချက်များ

(က) မုန်တိုင်းဖြစ်ပေါ်နေစဉ် ခိုင်ခံ့သောအဆောက်အဦအောက်တွင် နေထိုင်ရန်၊

(ခ) လေပြင်းတိုက်ခတ်ချိန်နှင့် မိုးရာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ၊တယ်လီဖုန်းကြိုးတိုင်များမှ ကြိုးများကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့်အတူ လွင့်ပါနိုင်သည့် သွပ်နှင့် အခြားအရာဝတ္ထုတို့အား သတိပြုရန်၊

(ဂ) မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အဆောက်အဦအပြင်သို့ မထွက်ရန်၊ ဖုန်းများအသုံးမပြုရန်၊လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊

(ဃ) မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရန်၊

(င) အန္တရာယ်ရှိသည့် တောင်ကျချောင်းများအနီး မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါနေရာအနီးတွင် နေထိုင်သူများ အထူးဂရုပြုရန်၊ ဖြစ်နိုင်ပါက ခေတ္တရှောင်ရှားနေထိုင်ရန်၊

(စ) လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် ဖြစ်နိုင်သမျှ ဝေးဝေးနေရန်၊

(ဆ) မြွေနှင့် အဆိပ်ရှိသောတိရစ္ဆာန်များ၏အန္တရာယ်ကို သတိပြုရန်တို့ဖြစ်သည်။

ငါးမွေးတောင်သူများအနေဖြင့် မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူ ရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ

၁။ ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊ အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့် ကာရံထားရန်။

၂။ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့်ကာရံ၍ သဲအိတ်များဖို့ထားရန်၊ လိုအပ်ပါက ငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအားဦးစားပေးရွှေ့ပြောင်းထားရန်၊ သိုလှောင်ထားသောငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာများသို့ ရွှေ့ပြောင်းထားရန်။

၃။ ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေးဆောင်ရွက်ထားရန်၊ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအားအစဉ် ဂရုတစိုက်စစ်ဆေးနေရန်။

၄။ ထူးခြားသည့်အခြေအနေများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားရန်။

၅။ သတင်းဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ်မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်သည့် သတင်းများကိုအမြဲဂရုတစိုက်နားထောင်ရန်နှင့် မိုးလေဝသနှင့်ပတ်သက်သည့်သတင်း၊ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက်အလက် ဖလှယ်ကြရန်။

၆။ ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီတောင်းခံကြရန် တို့ဖြစ်ပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်