တောင်သူမယ်တွေရဲ့ ဘဝပုံရိပ်တွေကို မျှဝေရင်း အမျိုးသမီးကဏ္ဍကို မြှင့်တင်ပေးနေသူ

21/06/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

Super Bowl အမေရိကန်ဘောလုံးပြိုင်ပွဲထဲက ကြော်ငြာတစ်ခုကို ကြည့်မိရင်း ဖျတ်ခနဲ ပေါ်လာခဲ့တဲ့ စိတ်ကူးဟာ အမျိုးသမီးတစ်ယောက်ကို အချိန်ပြည့်ဝန်ထမ်းအဖြစ်က နုတ်ထွက်စေပြီး ဘဝတစ်သက်တာ မြှုပ်နှံရမဲ့ ပရောဂျက် တစ်ခုကို အစပြုဖြစ်စေခဲ့ပါတယ်။ သူမက FarmHer တည်ထောင်သူ မာဂျီ အလာနစ်ဇ်ပါ။ ၂၀၁၃ ခုနှစ်ထဲမှာ ၁၁ နှစ်ကျော်ကြာ ရာထူးအဆင့်အမျိုးမျိုးနဲ့ ကျင်လည်လာခဲ့တဲ့ စိုက်ပျိုးရေးအာမခံ အချိန်ပြည့်ဝန်ထမ်းအလုပ်ကို စွန့်ခွာပြီး ဆန်းသစ်တဲ့ စိတ်ကူးတစ်ခုနောက်ကို သူမ လိုက်ပါခဲ့တယ်။ ရှေ့မှာ ဘာဖြစ်လာမလဲ မသေချာသေးပေမဲ့ သူမရဲ့ စိတ်တွေက လုပ်ငန်းသစ်ဆီကို ရောက်နှင့်နေပါပြီ။

စိတ်ကူးလေး ပေါ်လာတဲ့အခိုက်

၂၀၁၃ ဖေဖော်ဝါရီလ ၃ ရက်နေ့။ အမေရိကန်တစ်ပြည်လုံး Super Bowl ဘောလုံးပွဲစဉ်ကြီးကို တိုက်ရိုက် ကြည့်ရှုနေကြချိန်။ Ram Truck ကားကုမ္ပဏီရဲ့ “So God Made a Farmer” (ဒါကြောင့် ဘုရားက လယ်သမားကို ဖန်ဆင်းခဲ့တာ) ဆိုတဲ့ ကြော်ငြာလည်း ကြားဖြတ်ဝင်လာရော အားလုံး တအံ့တသြနဲ့ ကြက်သေသေသွားခဲ့ကြတယ်။ ကြက်သီးမွေးညင်း ထလောက်စရာ ဒီကြော်ငြာထဲမှာ စိုက်ပျိုးရေးနယ်ပယ်က ဓာတ်ပုံ အဟောင်းတွေ၊ အသစ်တွေကို တစ်ကွက်ပြီးတစ်ကွက် ပြသသွားတယ်။ နောက်ခံအသံမှာတော့ အမေရိကန်ရေဒီယိုအသံလွှင့်ဆရာကြီး ပေါလ်ဟာဗေး ၁၉၇၈ ခုနှစ် "အနာဂတ်ရဲ့ အမေရိကန်လယ်သမားများ" ညီလာခံပွဲမှာ ဟောပြောခဲ့တဲ့ နာမည်ကျော်မိန့်ခွန်း “So God Made a Farmer” ကို ထည့်ပေးထားပါတယ်။

"လူတိုင်းက ဒီကြော်ငြာကို မှင်တက်မိပြီး တအံ့တသြ ငေးကြည့်နေခဲ့ကြတာ မှတ်မိသေးတယ်" လို့ မာဂျီက ပြန်ပြောပြတယ်။ ဖော်ကျူးပြသထားတဲ့ ပုံရိပ်တွေနဲ့ ထည့်သွင်းထားတဲ့ နောက်ခံမိန့်ခွန်းဟာ သြဇာတိက္ကမ ကြီးမားလွန်းလှပါတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားတဲ့ အမေရိကန်လူမျိုးတွေကို ထင်ဟပ်ပြတဲ့ ဒီကြော်ငြာမှာ တစ်ခုခု လိုနေသလို မာဂျီစိတ်ထဲ ခံစားမိလိုက်တယ်။ ကြော်ငြာထဲမှာ အမျိုးသမီးတွေ မပါဝင်နေတာဖြစ်ပါတယ်။

"Washington Post သတင်းစာထဲမှာ ဒီကြော်ငြာအပေါ် သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရတယ်။ ကြော်ငြာက ကောင်းလွန်းတဲ့အကြောင်း။ ဒါပေမဲ့ အမျိုးသမီးတွေ ဘယ်မှာပါသလဲ။ ဆောင်းပါးလည်း ဖတ်ပြီးရော စိတ်ထဲမှာ မချင့်မရဲ ဖြစ်မိတယ်။ ကျွန်မတို့ ဒါကို ဘယ်လို ပြောင်းလဲပစ်ကြရမလဲ"

အဲဒီအချိန်မှာပဲ သူမ ခေါင်းထဲမှာ စိတ်ကူးတစ်ခု လက်ခနဲ ပေါ်ထွက်လာတယ်။

"ဓာတ်ပုံရိုက်ကူးရေးပရောဂျက်တစ်ခုကို ငါကိုယ်တိုင် စလုပ်လိုက်မယ်ဆိုရင်ရော"

ဒီလိုနဲ့ FarmHer ဆိုတဲ့ လုပ်ငန်းလေး ပေါ်ထွန်းလာခဲ့တယ်။ တကယ်တော့ FarmHer ဟာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ခဲ့ခြင်းမရှိပါ။ အမျိုးသမီးတွေနဲ့ လယ်ယာလုပ်ငန်းခွင်အကြောင်း ပုံရိပ်လေးတွေကို ဓာတ်ပုံပညာနဲ့ ဖော်ကျူးသွားဖို့ စိတ်ကူးတဲ့ ပရောဂျက်တစ်ခုသာပါပဲ။

စိတ်ကူးမှသည် လှုပ်ရှားမှုဆီသို့ ...

၂၀၁၃ ခုနှစ် နွေဦးရာသီမှာ မာဂျီက ဓာတ်ပုံပရောဂျက်အတွက် စိုက်ခြံတစ်ခြံကို ပထမဆုံး သွားရောက်ခဲ့တယ်။ ဇူလိုင်လလောက်ရောက်တော့ အမျိုးသမီး ခုနစ်ဦးအကြောင်းကို ဓာတ်ပုံရိုက်ပြီး မျှဝေခဲ့ပြီးပြီ။ သူ့တင်ဆက်မှုတွေကို ကြည့်ရှုရသူတွေဆီက အပြုသဘောတုံံပြန်မှု အမြောက်အမြားလည်း ရရှိခဲ့တယ်။ တစ်ရက်တည်းနဲ့ အီးမေးလ်ပေါင်း ၁၀၀ လောက်အထိ လက်ခံရရှိခဲ့တဲ့အကြောင်း မာဂျီ ပြန်ပြောပြပါတယ်။

"အဲဒီလိုအနေအထားကနေ ဘာဆက်လုပ်သွားရမယ်ဆိုတာ ကျွန်မ အတိအကျ မသိခဲ့ဘူး။ ဖြစ်လာတဲ့ တိုးတက်မှုတိုင်းဟာ လိမ့်ရင်းလိမ့်ရင်း ကြီးလာတဲ့ နှင်းဘောလုံးတစ်လုံးလိုပဲလို့ ကျွန်မ ဆိုချင်တယ်။ စစချင်းကတည်းက ကျွန်မဆီမှာ ပြီးပြည့်စုံတဲ့ အမြော်အမြင်တစ်ခု ရှိနေခဲ့တာမဟုတ်ဘူး။ ခရီးတစ်ခုလို လျှောက်လာရင်းနဲ့ပဲ FarmHer ကို တည်တံ့ခိုင်မြဲစေမယ့် အထောက်အတိုင်တွေ ဘယ်လိုတပ်ဆင်မလဲ၊ စဉ်ဆက်မပြတ် ဖန်တီးနိုင်ဖို့၊ ကြည့်ရှုသူများဖို့နဲ့ ဖန်တီးတင်ဆက်မှုအရည်အသွေးကောင်းဖို့ ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားလာခဲ့ရတယ်" လို့ သူမ ပြောတယ်။

၂၀၁၄ ရောက်တော့ FarmHer ဟာ ဓာတ်ပုံဖန်တီးတင်ဆက်မှု သက်သက်ကနေ ဖန်တီးမှုတွေကို အစွံထုတ်ရောင်းချလာနိုင်တယ်။ ဟောခွင့်ပြောခွင့်တွေပါ ရရှိလာခဲ့တယ်။ မာဂျီရဲ့ အလုပ်ချိန်ဇယားမှာ ဟောပြောပွဲရက်တွေ ထပ်ထပ်လာတာကြောင့်  ၂၀၁၅ မှာ အလုပ်သင်ဝန်ထမ်းတစ်ယောက် စပြီးခန့်လိုက်တယ်။ ဝန်ထမ်းသစ်က စိတ်ကူးစိတ်သန်းသစ်တွေကို သယ်ဆောင်လာသလို FarmHer ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ GROW ပြပွဲကိုလည်း စီစဉ်ပေးခဲ့တယ်။ GROW ပြပွဲကတော့ စိုက်ပျိုးရေး လုပ်နေသူ ဒါမှမဟုတ် စိုက်ပျိုးရေးကို စိတ်ဝင်စားသူ အမျိုးသမီးငယ်တွေကို စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲက လုပ်သက်ရင့် အမျိုးသမီးကြီးတွေနဲ့ ပေးတွေ့တာပါ။ သူတို့ဆီက ဘဝအတွေ့အကြုံတွေကို နားထောင်ပြီး စိတ်ခွန်အား ယူမယ်၊ ရနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်း အမျိုးမျိုးကို လေ့လာမယ်။ ဒီနည်းနဲ့ အမျိုးသမီးငယ်တွေကို စိတ်ဓာတ်ခွန်အားပေး၊ ပညာပေး၊ စွမ်းအားမြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။

နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာတော့ မာဂျီရဲ့ အလုပ်အကိုင်နဲ့ FarmHer လုပ်ငန်းတို့ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ရုပ်သံ၊ ရေဒီယို၊ စာနယ်ဇင်း၊ လူမှုကွန်ရက်တို့ အစုံပါတဲ့ FarmHer ရဲ့ မီဒီယာပလတ်ဖောင်းတွေကတစ်ဆင့် သူမ ရိုက်ကူးမျှဝေတဲ့ အညတရပုံရိပ်လွှာတွေဟာ အမျိုးသမီးရေးလှုပ်ရှားမှုတစ်ခုအသွင်ထိ ပြောင်းလဲလာခဲ့တယ်။ စိုက်ပျိုးရေးနယ်ပယ်တစ်ဝန်းက အမျိုးသမီးများစွာ FarmHer နဲ့အတူ ပူးပေါင်းပါဝင်လာပြီး သူတို့ရဲ့ ဘဝပုံရိပ်လွှာတွေကို မျှဝေလာကြပါတယ်။

၂၀၁၅ နှစ်ကုန်ရောက်တော့ FarmHer က နောက်ထပ် သိသာထင်ရှားတဲ့ အောင်မြင်မှုမိုင်တိုင်တစ်ခုကို ရောက်ရှိလာပါတယ်။ လယ်ယာစီးပွား၊ မြင်းမွေးမြူရေးနဲ့ ကျေးလက်လူမှုဘဝအကြောင်း ၂၄ နာရီ တင်ဆက် ထုတ်လွှင့်တဲ့ နိုင်ငံရဲ့ ပထမဦးဆုံး ကျေးလက်ရုပ်သံလိုင်း RFD-TV က FarmHer ရဲ့ အစီအစဉ်တွေကို သူတို့ရုပ်သံမှာ ထုတ်လွှင့်ဖို့ မာဂျီဆီ ကမ်းလှမ်းလာကြတာပါ။

"အမျိုးသမီးဘဝရုပ်စုံကို တစ်နိုင်ငံလုံး အတိုင်းအတာ ထုတ်လွှင့်ခွင့်ရမယ်။ ဒီလိုမျိုး ဘယ်သူမှ လုပ်နေတာလည်းမရှိဘူး။ ဒီအခွင့်အရေးက လက်လွှတ်ဖို့မဖြစ်နိုင်လောက်အောင်ကို ကြီးမားလွန်းပါတယ်" လို့ မာဂျီ ပြောပြတယ်။ "ကျွန်မတို့ ၂၀၁၆ မှာ ရုပ်သံတွေ စတင်ရိုက်ကူးတယ်။ ပထမဆုံးရုပ်သံတွဲကို ၂၀၁၆ ဆောင်းဦးရာသီလောက်မှာ စတင်ထုတ်လွှင့်ဖြစ်တယ်။ ဒါက ကံကြမ္မာအလှည့်အပြောင်းတစ်ခု ပါပဲ။ ကျွန်မတို့ လုပ်ငန်းဘရန်းကို အများကြီး ပြောင်းလဲသွားစေတယ်။ ဆန်းသစ်စုံလင်တဲ့ ဇာတ်ကြောင်းတွေကို အိမ်ထောင်စု သန်း ၅၀ ကျော်ဆီထိ ရောက်အောင် တင်ဆက်ခွင့်ရစေခဲ့တယ်"

FarmHer ရဲ့ ကန့်လန့်ကာနောက်ကွယ်

ရေဒီယို၊ ရုပ်သံ၊ လူမှုမီဒီယာ စတဲ့ တင်ဆက်မှုအစုံစုံနဲ့ FarmHer ဟာ စိတ်စေရာပရောဂျက်တစ်ခုအဖြစ်ကနေ ဆယ်စုနှစ် မပြည့်သေးခင်ကာလအတွင်း လှုပ်ရှားမှုအသွင်အထိ ရောက်အောင် ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ မာဂျီပြောတဲ့ “content ထုတ်စက်ကြီး” တစ်ခုလို ဖြစ်လာဖို့ စိတ်တူကိုယ်တူ ရုန်းကန်ကြိုးစားတတ်တဲ့ လူတစ်စု လိုအပ်ပါတယ်။

"နောက်ကွယ်ကနေ ဖန်တီးနေကြတာ အခု ခြောက်ယောက် ရှိတာပေါ့။ FarmHer အတွက် ကူလုပ်ပေးနေတဲ့ RFD-TV ရုပ်သံက သုံးယောက်ကိုတော့ ထည့်တွက်မထားပါဘူး" လို့ မာဂျီက ပြောပြပါတယ်။

သူတို့တစ်ဦးချင်းစီဟာ စိုက်ပျိုးရေးရပ်ဝန်းထဲက အမျိုးသမီးတွေရဲ့အကြောင်းကို ရိုက်ကူးဖို့၊ သူတို့ဇာတ်ကြောင်းတွေကို ပြောပြပေးဖို့ အလွန်မှ အရေးပါကြပါတယ်။ ဒီပုံရိပ်လွှာတွေဟာ စိုက်ပျိုးရေးနယ်ပယ်မှာ အမျိုးသမီးအပေါ် ရှုမြင်လက်ခံထားကြပုံကို ပြောင်းလဲစေဖို့ စေ့ဆော်ပေးနေပါတယ်။ ကန့်လန့်ကာနောက်ကွယ်က ဖန်တီးသူတွေထဲမှာ ပါဝင်တဲ့တစ်ယောက်ကတော့ မာဂျီရဲ့ အမျိုးသား တိုနီ ဖြစ်ပါတယ်။

"ကျွန်မအမျိုးသားရဲ့ မူလအလုပ်က မားကတ်တင်းနဲ့ အိုင်တီပိုင်းပေါ့။ သူလိုလူက ရှားပါတယ်။ အလုပ်နဲ့ ပတ်သက်ရင် ခေါင်းခါတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သူ့ရဲ့ နည်းပညာပိုင်းကျွမ်းကျင်မှုက လုပ်ငန်းကို ပိုပြီး ချဲ့ထွင်နိုင်စေတယ်။ နောက်ခံစကားပြောပိုင်းတွေ သူပဲ စီစဉ်တာ။ ပေါ့ဒ်ကတ်စ်အသံပိုင်းနဲ့ ရေဒီယိုရှိုးတွေကိုလည်း သူပဲ ထုတ်လုပ်တာ" လို့ မာဂျီ ပြောပြတယ်။

တိုနီဟာ ကလေးတွေနဲ့ အလုပ်ကြား အချိန်မျှပေးနိုင်အောင် ကတ်သီးကတ်သတ် စီစဉ်တတ်သူလည်းဖြစ်ကြောင်း မာဂျီက ပြောပါတယ်။ မိဘနှစ်ယောက်လုံးက အလုပ်လုပ်နေတော့ ကလေးငယ်တွေ ဖြစ်တဲ့ ဧဝနဲ့ အေဂျေ တို့ အပါအဝင် မိသားစုအတွက် အလုပ်နဲ့ ဘဝ မျှခြေ ဖြစ်ဖို့ရာ တိုနီလုပ်နေတာတွေက အလွန် အရေးကြီးလှပါတယ်။ 

"တော်တော်တော့ ကသီပါတယ်။ ကျွန်မ အလုပ်ကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဖူးတယ်။ ကလေးတစ်ဖက်နဲ့ အချိန်ပြည့် အလုပ်လည်း လုပ်ခဲ့ဖူးတယ်။ အိမ်မှာနေပြီး ကိုယ်ပိုင်လုပ်ငန်းလည်း ထူထောင်ဖူးတယ်။ ဘယ်တစ်ခုက ပိုကောင်းတယ်ဆိုတာ‌တော့ မရှိပါဘူး။ ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ရတာပေါ့။ နောင် အသက် ၈၀ လောက် ရောက်လို့ ပြန်ကြည့်ရင် ကိုယ်အသုံးချခဲ့တဲ့အချိန်တွေဟာ တန်ဖိုးရှိနေခဲ့ရဲ့လားဆိုတာပေါ့"

FarmHer ရဲ့ အနာဂတ်

၂၀၂၁ ခုနှစ်ကစလို့ FarmHer ဟာ ပုံစံတစ်မျိုးတစ်မည် ကွဲပြားလာဖွယ်ရှိတယ်လို့ မာဂျီက ပြောပါတယ်။ ဒီဂျစ်တယ်ပိုင်းနဲ့ လုပ်ငန်း ပိုပြီးတော့ တိုးတက်လာအောင် ဆက်သွားမယ်။ ဒါပေမဲ့ ရိုက်ကူးပုံဖော်တင်ဆက်ပြမဲ့ သူတွေကတော့ အခုတင်ဆက်နေကျထက် ပို ဘောင်ကျယ်လာနိုင်တယ်လို့ သူမ ပြောပါတယ်။

"လယ်သမားတွေနဲ့ စကားပြောရတာကို ကျွန်မတို့ နှစ်သက်ပါတယ်။ နှစ်ခြိုက်ပါတယ်။ ဒါပေမဲ့ လယ်သမား မဟုတ်သူတွေအကြောင်းကိုလည်း ကျွန်မတို့ တင်ဆက်နိုင်စွမ်းရှိတယ်။ လယ်ထဲကို မဆင်းဖူးပေမဲ့ ဒီနယ်ပယ်ထဲမှာ ဦးစီးဦးဆောင်လုပ်နေကြတဲ့ အမျိုးသမီးတွေအကြောင်းကို တင်ဆက်နိုင်ဖို့ အလေးပေးသွားမှာပါ"

မာဂျီက အမျိုးသမီးငယ်တွေကို စိုက်ပျိုးရေးနယ်ပယ်ထဲ လုပ်ကိုင်လာအောင် စေ့ဆော်ပေးနိုင်ရေး မျှော်လင့်ထားတဲ့အပြင် စိုက်ပျိုးရေးနယ်ပယ်ထဲက မဟုတ်သူတွေကိုလည်း ကမ္ဘာကြီးကို ကျွေးမွေးနေတဲ့ ဒီနယ်ပယ်ထဲမှာ အမျိုးသမီးတွေ ပါဝင်လာရေး ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ အလင်းဖွင့်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီနေ့မှာတော့ FarmHer အနေနဲ့ အမျိုးသမီး ၃၅၀ ကျော်ရဲ့ဘဝတွေအကြောင်းကို ဓာတ်ပုံ၊ TV ၊ ယူကျု၊ ပေါ့ကတ်စ် စတဲ့ မီဒီယာတွေကနေတဆင့် ဖော်ပြနိုင်ခဲ့ပြီးပါပြီ။ ဒီအကြောင်းတွေကို ထိတွေ့ခံစားနေကြသူပရိသတ်က တစ်လကို တစ်သန်းကျော်တောင်ရှိနေပါပြီ။

"လူတွေကို နားလည်လာစေချင်တာတစ်ခုကတော့ သူတို့ အစာစားချိန်ရောက်တိုင်း ဒီအစာ ဖြစ်လာအောင် နောက်ကွယ်က ပံ့ပိုးနေတဲ့ လူတစ်ယောက်ဖြစ်စေ၊ မိသားတစ်စု ဖြစ်စေ၊ လူအဖွဲ့အစည်းတစ်ခု ဖြစ်စေ ရှိနေတယ် ဆိုတာကိုပါ။ ဘယ်သူတွေ ဘယ်လို လုပ်ကိုင်ကြသလဲဆိုတာ မိမိ ထင်ထားတာမျိုး ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ မိမိ စိတ်ထဲ မှတ်ထင်ထားတာနဲ့ အလွဲကြီး လွဲနေတာမျိုးလည်း ရှိတတ်တယ်။ လယ်သမားဆိုတာ ဘယ်လိုမျိုးလဲ၊ အမျိုးသမီးတွေရော လယ်ယာလုပ်ငန်း စွမ်းဆောင်နိုင်ကြရဲ့လားဆိုတဲ့အပေါ် တစ်စုံတစ်ယောက်ရဲ့ သိမှတ်ခံယူမှု ကျွန်မတို့ကြောင့် ပြောင်းလဲသွားတယ်ဆိုရင် ကျွန်မတို့ရဲ့ အောင်မြင်မှုပါပဲ" လို့ မာဂျီက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: FARMHER: HOW ONE WOMAN TURNED A PASSION PROJECT INTO A MOVEMENT

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်