'မြေဆီပြတ်လပ်မှုတွေ ကြုံလာရဦးမယ်' လို့ ကမ္ဘာ့အကြီးဆုံးဓာတ်မြေသြဇာကုမ္ပဏီ သတိပေး

07/12/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့အကြီးဆုံးဓာတ်မြေသြဇာကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူက ရုရှား၊ ဘီလာရုဇ်တို့ရဲ့ မြေဆီရောင်းကုန်တွေဟာ သူ မျှော်လင့်ထားတာထက်တောင် ပိုပြီး အကန့်အသတ်ဖြစ်နေတဲ့အတွက် လာမဲ့ကာလတွေအတွင်း ကမ္ဘာတလွှား ဓာတ်မြေသြဇာပြတ်လပ်မှုတွေ ကြုံတွေ့လာရဦးမယ်လို့ သတိပေးလိုက်ပါတယ်။

"ရုရှားနဲ့ ဘီလာရုဇ်တို့ဟာ ဓာတ်မြေသြဇာ ပမာဏအများအပြား ထုတ်လုပ်တဲ့နိုင်ငံတွေပါ" လို့ Nutrien Ltd. ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် Ken Seitz က အရင်အပတ် ကြာသပတေးနေ့က ပြုလုပ်တဲ့ Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။

"အခု သူတို့ဒေသမှာ ကုန်တင်ပို့မှုအခက်အခဲတွေ ဖြစ်ပေါ်နေတယ်။ ဒီကနေ မြေဆီဈေးကွက်တွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ကျိန်းသေ ကျရောက်စေမှာပါ" လို့ သူ ပြောပါတယ်။

အရေကြီးမြေဆီတစ်မျိုးဖြစ်တဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာ ထုတ်လုပ်မှုအများဆုံးနှစ်နိုင်ငံဟာ ကုန်သွယ်ရေးဒဏ်ခတ်ပိတ်ဆို့ခံရမှုနဲ့ စစ်ပွဲတို့ကြောင့် အရင်ကလောက် ပိုတက်ရှ် မတင်ပို့နိုင်တော့ပါဘူး။ ဘီလာရုဇ်ရဲ့ တင်ပို့မှုဟာ ၂၀၂၁ နဲ့ယှဉ်ရင် သုံးပုံတစ်ပုံကနေ သုံးပုံနှစ်ပုံလောက် လျော့ကျနိုင်တယ်လို့ အစောပိုင်းက ခန့်မှန်းခဲ့ကြပြီး Seitz ကတော့ အရင်နှစ်ထက် တစ်ဝက်လောက် လျော့နည်းမယ်လို့ ဆိုပါတယ်။ ရုရှားရဲ့ တင်ပို့မှုကတော့ နှစ်အလိုက် ၂၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းမယ်လို့ အမှုဆောင်ချုပ်က ခန့်မှန်းပါတယ်။

ကမ္ဘာတလွှား ဓာတ်မြေသြဇာပြတ်တောက်မှုဟာ စိုက်ပျိုးရေး လုပ်ကိုင်နေသူမဟုတ်တဲ့ ဘီလျံများစွာသော သူတွေနဲ့ အလှမ်းကွာတဲ့ပြဿနာလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ မြေဆီအာဟာရဓာတ်တွေဟာ ပိုမိုများပြားလာတဲ့ ကမ္ဘာ့လူဦးရေကို ကျွေး‌မွေးနိုင်ရေး သီးနှံပင်တွေ စိုက်ပျိုးရာမှာ အလွန် တရာ အရေးပါပါတယ်။ ဓာတ်မြေသြဇာပြတ်လပ်မှုကနေ စိုက်စရိတ်ကြီးမြင့်တာနဲ့ သီးနှံအထွက်ကျတာတွေ ဖြစ်စေနိုင်ပြီး နောက်ဆုံးမှာ စားသောက်ကုန်ဈေးတွေ လိုက်ပါမြင့်တက်ကာ စားသုံးသူတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

လာမဲ့ငါးနှစ်အတွင်း ဈေးကွက်ထဲကို ဝင်ရောက်လာမဲ့ ပိုတက်ရှ်မြေဆီအနက် ၆၀ ရာခိုင်နှုန်းခန့်ဟာ ရုရှားနဲ့ ဘီလာရုဇ်ဆီက လာမယ်လို့ တွက်ဆထားခဲ့ရာကနေ အခုတော့ အဲဒီထဲက ဘယ်လောက်သာ ဈေးကွက်ကို ရောက်လာမလဲ မသေချာတော့ဘူးလို့ သူက ပြောပါတယ်။

တစ်ချိန်တည်းမှာ ကမ္ဘာ့လူဦးရေတိုးတက်လာတဲ့အမျှ မြေဆီဝယ်လိုအားက ဆက်လက်မြင့်တက်နေပါတယ်။ ကနေဒါနိုင်ငံ၊ ဆက်စကက်ချီဝမ် နယ်အခြေစိုက် Nutrien Ltd. ကုမ္ပဏီက ၂၀၂၅ ခုနှစ်မှာ ပိုတက်ရှ် ထုတ်လုပ်နိုင်စွမ်း တန်ချိန် ၁၈ သန်းရောက်အောင် မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်နဲ့ ယှဉ်ရင် ၄၀ ရာခိုင်နှုန်း မြင့်တက်လာမှာဖြစ်ပြီး ဈေးကွက်အခြေအနေ ပြောင်းလဲလာရင်တော့ ထပ်တိုးထုတ်လုပ်မဲ့အစီအစဉ်ကို ပြန်လည်သုံးသပ်သွားမယ် Seitz က ပြောပါတယ်။

တလောကတော့ တောင်သူလယ်သမားတွေဟာ မြေဆီဈေးအကျကို စောင့်ကာ အဝယ်ရပ်ဆိုင်းထားခဲ့ကြတဲ့အတွက် ဈေးကွက်ထဲမှာ ကုန်ပြန်ပေါလာပြီး နှစ်များစွာအတွင်း အမြင့်ဆုံးရောက်နေခဲ့တဲ့ မြေသြဇာဈေးနှုန်းတွေ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ကမ္ဘာ့ဓာတ်မြေသြဇာဈေးကွက် ကမောက်ကမဖြစ်ကာ နှစ်ဦးပိုင်းတုန်းက ဈေးနှုန်းတွေ ထောင်တက်ခဲ့ရာကနေ ပြန်ကျလာခဲ့တာဖြစ်ပါတယ်။ ဘီလာရုဇ်မှာ ဆိုရင်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေရဲ့ အကျိုးဆက်ကြောင့် ပိုတက်ရှ်ဈေးတွေ မြင့်တက်ခဲ့ရပါတယ်။

ဒါပေမဲ့ ကမ္ဘာတစ်ဝန်းကတောင်သူတွေဟာ ဒီနှစ်အတွင်း ဝယ်စုထားတဲ့ မြေဆီတွေ သုံးလို့ကုန်သွားပြီးရင် ‌မြေဆီပြန်ဝယ်ဖို့ လိုအပ်လာကြပါတော့မယ်။ ဒါကြောင့် ကမ္ဘာတလွှားမြေဆီပြတ်လပ်မှုဟာ နောက်နှစ်ထဲအထိ ဆက်လက်တာရှည်နေဦးမယ်လို့ Seitz က ရှုမြင်ပါတယ်။

"၂၀၂၃ ထဲမှာလည်း အခြေအနေ ပြောင်းလဲလာစရာအကြောင်း မတွေ့မိပါဘူး" လို့ သူ ပြောပါတယ်။ "လက်ရှိ ဖြစ်ပေါ်နေတဲ့ အရောင်းအဝယ်ကို ကြည့်လိုက်ပါ။ ဒီမတိုင်ခင်က မြေဆီဈေးနဲ့ အခုလက်ရှိဈေး ယှဉ်ပြီး တောင်သူတွေဟာ တွေ့သမျှဆိုင်တွေမှာ လိုက်ဝယ်နေကြပါတယ်။ ဆိုင်တွေမှာ ပစ္စည်းပြတ်သလောက် ရှိနေပြီ" လို့ သူက ပြောပါတယ်။

တောင်သူတွေဟာ မြေဆီ ဝယ်လို့မရမှာ စိုးပြီး ကြိုတင်ငွေပေးစနစ်နဲ့ ဝယ်တဲ့နှုန်းက ၂၀၂၀ ကထက် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ပိုများလာဖွယ်ရှိတယ်လို့ Nutrien ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲမှာ မြေဆီ မဝယ်ယူလိုက်ရဘဲ သိုမှီးထားတဲ့မြေဆီတွေလည်း သုံးကုန်သွားတဲ့ တောင်သူတွေဟာ ဈေးကွက်ထဲ ဝင်လာဦးမှာ ဖြစ်တာကြောင့် မြေဆီဈေးတွေ ထပ်တက်စေဦးမယ်လို့ Seitz က တွက်ဆထားပါတယ်။

"၂၀၂၃ ခုနှစ်ဟာလည်း မြေဆီ ဝယ်လိုအားအတွက် စိတ်ပူစရာမလို၊ ရောင်းလိုအားကိုသာ စိတ်ပူရမဲ့နှစ်လို့ ယုံကြည်ပါတယ်။ ဈေးကွက်ထဲမှာ ပိုတက်ရှ်က လုံလုံလောက်လောက် ရှိမှာမဟုတ်ဘူး" လို့ Seitz က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: World’s Top Fertilizer Firm Nutrient Sees Shortfall on Russia and Belarus Woes - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်