မြေဆီဈေးကြီးမြင့်မှုကြောင့် အာရှနှင့်အာဖရိက သီးနှံအထွက်များ ကျဆင်းလာ

11/11/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ခေါင်ခိုက်အောင် မြင့်တက်နေတဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တောင်သူ လယ်သမားတွေ မြေဆီ ဝယ်မသုံးနိုင် ဖြစ်လာပြီး အာရှနဲ့ အာဖရိကဒေသအချို့မှာ သီးနှံအထွက်တွေ ကျဆင်းလာကာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုဆိုးလာမှာကို စိုးရိမ်နေရပါတယ်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ရုရှားနဲ့ ဘီလာရုစ်တို့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရမှုဟာ အဓိကမြေဆီကွန်ပေါင်းတစ်ခုဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်မြေသြဇာရောင်းအားကို ကျဆင်းစေခဲ့ပါတယ်။

ဓာတ်မြေသြဇာထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ် နိုက်ထရိုဂျင်၊ ဖော့စဖရစ်အက်ဆစ်နဲ့ ပိုတက်စီယမ်တို့ လိုအပ်ပြီး ရုရှားနဲ့ ဘီလာရုစ်တို့က ပိုတက်ဆီယမ်ကလိုရိုက် တစ်ကမ္ဘာလုံးစာတင်ပို့မှုအနက် ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ အကျိုးဆက်အနေနဲ့ ဓာတ်မြေသြဇာကုန်ကြမ်းဈေးတွေဟာ ၂၀၂၂ ခုနှစ်မှာ အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အောက်တိုဘာလထဲမှာ ထုတ်ပြန်ပါတယ်။

ရောင်းလိုအား ကျဆင်းလာတာနဲ့အမျှ ငွေအင်အားတောင့်တင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ဓာတ်မြေသြဇာနဲ့ ကုန်ကြမ်းတွေကို အလျင်စလို ဝယ်ယူခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုက ဓာတ်မြေသြဇာလုပ်ငန်းတွေအတွက် အမတော်ကြေးအဖြစ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်ဖို့ စက်တင်ဘာလထဲမှာ ကြေညာခဲ့ပါတယ်။

ဒီတစ်ကြိမ် ပေးအပ်တဲ့ ငွေကြေးဟာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခါစ မတ်လတုန်းက ကြေညာခဲ့တဲ့ အလားတူအစီအစဉ်ရဲ့ ပေးအပ်ငွေထက် နှစ်ဆ ပိုများနေပါတယ်။ ဘိုင်ဒန်အစိုးရဟာ ပြည်တွင်းဓာတ်မြေသြဇာ ကုန်ထုတ်လုပ်စီးဆင်းမှုကွင်းဆက် (supply chain) တစ်ခု ဖန်တီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ယခုအခါ ဂျပန်နိုင်ငံဟာ ဓာတ်မြေသြဇာကုန်ကြမ်းကို ရုရှားနဲ့ တရုတ်ဆီက မဝယ်ယူတော့ဘဲ များသောအား ဖြင့် မော်ရိုကိုနဲ့ ကနေဒါနိုင်ငံတို့ဆီကနေ ဝယ်ယူတင်သွင်းနေပါတယ်။

ဓာတ်မြေသြဇာရောင်းအား တည်ငြိမ်စေဖို့အတွက် နိုင်ငံတွေအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုဆီ ပြောင်းလဲပြီး ကုန်ကြမ်းကိုလည်း နေရာအမျိုးမျိုးကနေ ဝယ်ယူဖို့ လိုလာတယ်လို့ Japan Research Institute မှ စိုက်ပျိုးရေးပညာရှင် Yasufumi Miwa က ပြောပါတယ်။

ဒါပေမဲ့ ဝင်ငွေနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ တောင်သူလယ်သမားအများစုဟာ ဓာတ်မြေသြဇာ လုံလုံ လောက်လောက် မရနိုင် ဖြစ်နေကြပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကမ္ဘာ့ဓာတ်မြေသြဇာသုံးစွဲမှု ခုနစ်ရာခိုင်နှုန်း လျော့နည်းနိုင်ပြီး အသုံး သိသိသာသာ ကျဆင်းမှုကို အာရှနဲ့ အာဖရိကမှာ‌ တွေ့မြင်ရမယ်လို့ အပြည်ပြည်ဆိုင်ရာဓာတ်မြေသြဇာအဖွဲ့ (IFA) က ခန့်မှန်းထားပါတယ်။

အကျိုးဆက်အနေနဲ့ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဆန် ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဂျုံ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ IFA က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုကို ၂၀၂၃ မှာလည်း မဖြေရှင်းနိုင် ဖြစ်နေဦးမယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ John Aylieff ကလည်း ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် "မြေသြဇာ တတ်နိုင်တဲ့တောင်သူနဲ့ မတတ်နိုင်တဲ့တောင်သူတွေကြား သီးနှံထွက်နှုန်းနဲ့ ဝင်ငွေ ကွာဟမှုတွေ ကြီးမားလာလိမ့်မယ်" လို့ Mitsui & Co. Global Strategic Studies Institute မှ Yukiko Nozaki က ပြောကြားခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ၂၀၂၁-၂၂ ရာသီ ကောက်ပဲသီးနှံထုတ်လုပ်မှုဟာ ၄၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြား ကျဆင်းဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဇူလိုင်လတုန်းက ဖြုတ်ချခံခဲ့ရတဲ့ သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa ဟာ သူအာဏာရှိစဉ်က ဓာတ်မြေသြဇာသုံးစွဲမှုကို ပိတ်ပင်ခဲ့ပါတယ်။

အဲဒီစီမံချက်ဟာ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကူးပြောင်းဖို့အတွက်လို့ ဆိုခဲ့ပေမဲ့ အမှန်တကယ်တော့ ဓာတ်မြေသြဇာ တင်သွင်းစရာ နိုင်ငံခြားငွေကြေး မလုံလောက်ရာကနေ ဖြစ်ပေါ်လာတဲ့အစီအမံ ဖြစ်ပါတယ်။ ဒီပိတ်ပင်မှုကို ပြန်လည်ဖယ်ရှားပေးပြီးဖြစ်ပေမဲ့ သီရိလင်္ကာနိုင်ငံဟာ ဓာတ်မြေသြဇာပြတ်လပ်မှုကို ခါးစည်းခံနေရဆဲပါပဲ။

မြန်မာနိုင်ငံမှာလည်း ဆန်စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းဖွယ် ရှိနေပါတယ်။ မြန်မာရဲ့ ၂၀၂၂ ခုနှစ် ဆန်စပါးထုတ်လုပ်မှုဟာ ငါးနှစ်တာ ပျမ်းမျှထုတ်လုပ်မှုနှုန်းအောက် ၁၀ ရာခိုင်နှုန်း လျော့နည်းမယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အောက်တိုဘာလ ခန့်မှန်းချက်အရ သိရပါတယ်။ ဆန်ဟာ မြန်မာနိုင်ငံရဲ့  အဓိကပို့ကုန်တစ်ခု ဖြစ်ပြီး အထွက်နှုန်း လျော့ကျလာခဲ့ရင် မြန်မာရဲ့ ဆန်ရောင်းလိုအား မလွဲမသွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Harvests fall in Asia and Africa as fertilizer prices soar on Ukraine war - Nikkei Asia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်