ကမ္ဘာ့ဓာတ်မြေသြဇာဈေး စံချိန်သစ်နှုန်းတွေနဲ့ အမြင့်ဆုံးရောက်နေ

23/03/2022 14:05 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့ဓာတ်မြေသြဇာရောင်းအားတွေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခဲ့ရပြီးနောက် ဓာတ်မြေသြဇာဈေးနှုန်းတွေဟာ စံချိန်သစ်နှုန်းတွေအထိ မြင့်တက်နေပါတယ်။ အဓိကအကြောင်းရင်းတွေထဲမှာ ရုရှားနဲ့ ဘီလာရုစ်ဆီက ရောင်းအားတွေ ကျလာတာ၊ ကုန်စည်ရောင်းချမှုကွင်းဆက် ပြတ်တောက်တာ၊ တရုတ်ရဲ့ ပို့ကုန်ပိတ်ပင်မှုနဲ့ ကနေဒါ မီးရထားဝန်ထမ်းသပိတ်တို့ ပါဝင်ပါတယ်။

"ဒါဟာ တစ်ခါမှ မကြုံစဖူး အဖြစ်အပျက်အစဉ်အတန်းကြီးပါပဲ။ အခြေအနေဟာ ပိုကောင်းလာဖို့ထက် ပိုဆိုးလာဖို့သာ ရှိပါတယ်" လို့ အမေရိကန်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်း StoneX ရဲ့ ဓာတ်မြေသြဇာဌာနခွဲဒါရိုက်တာ ဂျို့ရှ်လင်ဗီလီက ပြောပါတယ်။ "လူတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲ အမြန်ပြီးသွားလိမ့်မယ်၊ ဓာတ်မြေသြဇာဈေးကွက်ထဲကို ရုရှား ပြန်ရောက်လာလိမ့်မယ် ထင်ထားကြပါတယ်။ တကယ်တမ်း အဲလိုဖြစ်မနေပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။

အမိုးနီးယား၊ နိုက်ထရိုဂျင်၊ ပိုတက်ရှ်၊ ဖော့စဖိတ်၊ ဆာလဖိတ်နဲ့ နိုက်ထရိတ် စတဲ့ ဓာတ်မြေသြဇာကုန်ကြမ်းဈေးနှုန်းတွေဟာ ယခုနှစ်စကနေ ကြည့်ရင် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယခုတော့ စားသောက်ကုန်နဲ့ စွမ်းအင်ဈေးနှုန်း အဆမတန် မြင့်တက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အကျပ်အတည်းတုန်းက ရောက်ခဲ့တဲ့နှုန်းထက်တောင် ပိုများနေပြီလို့ ယူကေအခြေစိုက် ကုန်စည်ဈေးကွက်အတိုင်ပင်ခံလုပ်ငန်း CRU က ထုတ်ပြန်ပါတယ်။

ဈေးနှုန်းခြေရာခံရတာ အလွယ်ကူဆုံးဖြစ်တဲ့ နယူးအော်လန်းမြို့ဈေးကွက်မှာ ယူရီးယားမြေသြဇာရဲ့ လက်ရှိဈေးနှုန်းဟာ ၃၄ နှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်တန်ကို ၈၈၀ ဒေါ်လာ ဈေးပေါက်နေပါတယ်။ ၂၀၂၀ တုန်းက တစ်တန်ကို ၁၈၂ ဒေါ်လာသာ ရှိခဲ့တာပါ။ ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ဓာတ်မြေသြဇာဈေးနှုန်းတွေ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

ဓာတ်မြေသြဇာ ဈေးအတက်ကို တုံ့ပြန်ပြီး သီးနှံဈေးတွေပါ လိုက်တက်လာတာ တွေ့နေရတယ်လို့ လင်ဗီလီက ပြောပါတယ်။ "ဒီလိုမျိုး အရင်က တစ်ခါမှ မကြုံဖူးပါဘူး။ မြေသြဇာဈေးကွက်ထဲမှာ ရှိနေသူအားလုံး မရောက်ဖူးတဲ့နယ်ပယ်ထဲကို ရောက်နေတာပါ" လို့ ၎င်းက ပြောပါတယ်။

သီးနှံတင်သွင်းတဲ့နိုင်ငံတွေဟာ ပင်လယ်နက်ဒေသက တင်ပို့တဲ့ ကုန်စည်အပေါ် များစွာ မှီခိုနေရတာကြောင့် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက သီးနှံဈေးတွေ မတည်မငြိမ် ဖြစ်နေပါတယ်။

ဓာတ်မြေသြဇာလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ရုရှားလုပ်ငန်းရှင်တွေ အတော်များများ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်ခံထားရပေမဲ့ ရုရှားဓာတ်မြေသြဇာကုမ္ပဏီတွေကတော့ ပိတ်ဆို့အရေးယူမှုဒဏ် မခံကြရသေးပါဘူး။ ရုရှား ကုန်သွယ်‌ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနကတော့ မြေသြဇာကုမ္ပဏီတွေ ပြည်ပတင်ပို့မှု ယာယီရပ်ဆိုင်းထားဖို့ မတ်လ ၄ ရက်က ညွှန်ကြားထားပါတယ်။

ဒါပေမဲ့လည်း ဒီလို ပိတ်ပင်လိုက်တာဟာ ဟန်ပြသက်သက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့ ဓာတ်မြေသြဇာ တင်ပို့မှုအများစုဟာ ယူကရိန်းပဋိပက္ခကြောင့် လုပ်ငန်းမလည်ပတ်နိုင်တဲ့ ဆိပ်ကမ်းတွေကနေ သွားရတာမို့ပါ။

လစ်ယူယေးနီးယား ဆိပ်ကမ်းတွေကနေ ပိုတက်ရှ်ဓာတ်မြေသြဇာ တင်ပို့နေတဲ့ ဘီလာရုစ်ဟာ ရုရှားတပ်တွေကို နိုင်ငံတွင်းကနေ ဖြတ်ကျော်ပြီး ယူကရိန်းကို ကျူးကျော်ခွင့် ပြုခဲ့တဲ့အတွက် ပို့ကုန်ပိတ်ဆို့အရေးယူမှုဒဏ် ခံနေရပါတယ်။ ရုရှားနဲ့ ဘီလာရုစ်ဟာ ပိုတက်ရှ် ထုတ်လုပ်မှု ဒုတိယနဲ့ တတိယအများဆုံးနိုင်ငံအဖြစ် ကနေဒါနောက်မှာ ရပ်တည်လျက်ရှိပါတယ်။

"ဘောလ်တစ်ဒေသနဲ့ ပင်လယ်နက်ဒေသ ဆိပ်ကမ်းတွေကနေ ကုန်တွေ ဘယ်လို သယ်ယူရမလဲဆိုတဲ့ အင်မတန်ကြီးမားတဲ့ ထောက်ပံ့ပို့ဆောင်ရေးပြဿနာ ရှိနေပါတယ်။ လူတွေက ရုရှားကုမ္ပဏီတွေနဲ့ ထိတွေ့ဆက်ဆံလိုခြင်းမရှိတာကြောင့်လည်း ဝယ်လက်ရှာရ ခက်ခဲနေပါတယ်" လို့ Argus ကုန်စည်လုပ်ငန်းရဲ့ သုတေသီ မိုက်နက်ရှ်က ပြောပါတယ်။

"ယုတ္တိရှိစွာ ကောက်ချက်ချရရင် ဝယ်လိုအား ပျက်သုဉ်းသွားတာပါပဲ။ ဒီပဋိပက္ခ ဆက်ဖြစ်နေသရွေ့ အပြောင်းအလဲ ရှိမယ်လို့ မမြင်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံကလည်း ပြည်တွင်းစားသောက်ကုန်ဈေး မြင့်တက်မှုကို ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်းက နိုက်ထရိုဂျင်နဲ့ ဖော့စဖိတ်ဓာတ်မြေသြဇာတွေ ပြင်ပတင်ပို့မှုအပေါ် ပိတ်ပင်ခဲ့ပါတယ်။ ပိတ်ပင်မှုဟာ ယခုနှစ် ဇွန်လအထိ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း ဓာတ်မြေသြဇာရောင်းအားကို အကန့်အသတ် ဖြစ်ပေါ်စေဦးမှာပါ။

တရုတ်ရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာ့ဓာတ်မြေသြဇာရောင်းအားပြတ်တောက်မှုကို ပိုဆိုးရွားစေကာ နိုင်ငံတကာဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုကို အားပေးပါလိမ့်မယ်။ တရုတ်က ဇွန်လမှာ ပိတ်ပင်မှု ပြန်ရုပ်သိမ်းမယ့်အလားအလာဟာလည်း အလှမ်းဝေးကွာနေတယ်လို့ နက်ရှ်က ပြောပါတယ်။

တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်တို့ဆီက ပို့ကုန်တွေ မလာတာကြောင့် ဓာတ်မြေသြဇာဈေးတွေ ပိုမိုမြင့်တက်နေတဲ့ တစ်ချိန်တည်းမှာပဲ ကနေဒါနိုင်ငံမှာလည်း မီရထားဝန်ထမ်းသပိတ် ဖြစ်နေတာက ဓာတ်မြေသြဇာပြတ်လပ်မှုကို ပိုဆိုးရွားစေဖို့ ရှိပါတယ်။

ကနေဒါရဲ့ အကြီးဆုံး ဓာတ်မြေသြဇာကုမ္ပဏီ Nutrien Ltd က ကုန်တင်ရထားရပ်နားမှုကို ရပ်အနည်းငယ်ကြာ တောင့်ခံနိုင်ပေမယ့် ပိုပြီး ကြာလာရင်တော့ ပိုတက်ရှ်ထုတ်လုပ်မှုကို လျှော့ချဖို့ စဉ်းစားရတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ကုမ္ပဏီဟာ ဥရောပအရှေ့ပိုင်းရဲ့ ရောင်းအားမသေချာမှုကို တုံ့ပြန်တဲ့အနေနဲ့ ယခုနှစ်အတွင်း ပိုတက်ရှ်ဓာတ်မြေသြဇာ တန်ချိန် တစ်သန်း တိုးထုတ်ကာ တန်ချိန် ၁၅ သန်းအထိ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဝေယံဟိန်း (B.Ag)

Fertiliser prices hit new highs as multiple problems affect global supplies

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်