ကမ္ဘာ့ဈေးကွက် နှစ်ကြိုသုံးသပ်ချက် - နှံစား၊ ဆီထွက် ရောင်းအားကျပ်ပြီး ဈေးနှုန်း ဆက်တက်နေဦးမည်

16/12/2022 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မိုးခေါင်တာ၊ မိုးကြီးတာ၊ ယူကရိန်းစစ်ပွဲနဲ့ စွမ်းအင်စရိတ်စကကြီးမြင့်တာတွေကြောင့် လာမဲ့နှစ်မှာလည်း ကမ္ဘာ့လယ်ယာကုန်စည်ထုတ်လုပ်မှုတွေ ဆက်လက်နိမ့်ကျပြီး သီးနှံရောင်းအားကျပ်တည်းဖွယ် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ သီးနှံဈေးကောင်းမွန်မှုက တောင်သူလယ်သမားတွေ သီးနှံ တိုးချဲ့စိုက်ပျိုးလာအောင် အားပေးလျက်ရှိပါတယ်။

ဆန်နဲ့ဂျုံလို အခြေခံသီးနှံထုတ်လုပ်မှုဟာ အနည်းဆုံး ၂၀၂၃ ပထမနှစ်ဝက်ကုန်တဲ့အထိ လျော့ပါးခဲ့တဲ့ ကုန်စည်တွေကို ပြည်လည်ဖြည့်တင်းပေးနိုင်ဖွယ် မရှိပါဘူး။ လက်တင်အမေရိကနဲ့ အရှေ့တောင်အာရှဒေသမှာတော့ ဆီထွက်သီးနှံတွေဟာ ဆိုးရွားတဲ့ရာသီဥတုဒဏ် ခံရဖို့ ရှိပါတယ်။

"ကမ္ဘာဟာ သီးနှံစံချိန်တင် ထုတ်လုပ်နိုင်မှ ဝယ်လိုအားကို ကုံလုံပြည့်ဝအောင် ဖြည့်ဆည်းနိုင်ပါမယ်။ ၂၀၂၃ ခုနှစ်ထဲမှာ သီးနှံအထွက် ဒီနှစ်ထက် ပိုကောင်းအောင်လုပ်ဖို့ သေချာပေါက် လိုအပ်ပါမယ်" လို့ ဆစ်ဒနီနိုင်ငံ IKON Commodities လယ်ယာကုန်စည်ဝန်ဆောင်မှုလုပ်ငန်းရဲ့ ဒါရိုက်တာ Ole Houe က ပြောပါတယ်။

"လက်ရှိအနေအထားအရ ဒါက ဖြစ်နိုင်ခြေ အင်မတန် နည်းပါတယ်။ နှံစားနဲ့ ဆီထွက်သီးနှံ ကမ္ဘာ့ထုတ်လုပ်မှုအလားအလာအရပေါ့" လို့ သူက ပြောပါတယ်။

ဂျုံ၊ ပြောင်းနဲ့ စားအုန်းဆီ ကြိုပွိုင့်ဈေးတွေဟာ စံချိန်တင် ဒါမှမဟုတ် နှစ်များစွာအတွင်း အမြင့်ဆုံးနှုန်းတွေကနေ ပြန်လည်ကျဆင်းလာပါပြီ။ ဒါပေမဲ့ လက်လီဈေးကွက်တွေမှာ ဈေး ကြီးမြင့်နေဆဲဖြစ်သလို  ရောင်းကုန်နည်းပါးတာကြောင့် ၂၀၂၃ ရောက်ရင် ဈေးတွေ မြင့်တက်လာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

'ဘာကြောင့် အရေးကြီးသလဲ'

ဒီနှစ်ထဲမှာ စားသောက်ကုန်ဈေးတွေ စံချိန်တင်အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ငတ်မွတ်မှု၊ အာဟာရမပြည့်ဝမှုကို ကြုံတွေ့နေရနှင့်ပြီးဖြစ်တဲ့ ဆင်းရဲတဲ့ အာဖရိက၊ အာရှနိုင်ငံတွေမှာ အထူးတလည် ခံစားခဲ့ကြရပါတယ်။

စားသောက်ကုန်တင်သွင်းမှု စရိတ်ဟာ ၂၀၂၂ အတွင်း ဒေါ်လာ နှစ်ထရီလီယံနီးနီးအထိ စံချိန်တင်ဖို့ ရှိနေတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ စားသုံးနှုန်းကို မဖြစ်မနေ လျှော့ချခဲ့ကြရပါတယ်။

အမေရိကန်ရှီကာဂိုကုန်စည်ဒိုင်က ဂျုံကြိုပွိုင့်ဈေးနှုန်းတွေဟာ မတ်လအတွင်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်း တစ်ဘူရှယ်ကို ၁၃ ဒသမ ၆၄ ဒေါ်လာအထိ ခုန်တက်သွားခဲ့ပါတယ်။ ရာသီဥတုဒဏ်နဲ့ ကပ်ရောဂါကာလအလွန် ကန့်သတ်ချက်တွေကြောင့် ဂျုံဈေးကွက် အခြေမလှဖြစ်နေချိန်မှာ ရုရှားနိုင်ငံက ဂျုံအဓိကတင်ပို့တဲ့ ယူကရိန်းကို ကျူးကျော်လိုက်တဲ့အတွက် ဂျုံရောင်းအား ထပ်မံထိခိုက်ကာ ဈေး‌ထောင်တက်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီမတ်လထဲမှာပဲ ပြောင်းနဲ့  ပဲပုပ်ဈေးတွေဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ပြီး မလေးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်း ဈေးနှုန်းကလည်း စံချိန်တင်အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ ဂျုံဈေးတွေဟာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့နှုန်းတွေဆီ ပြန်ကျလာပြီး စားအုန်းဆီတွေလည်း ၄၀ ရာခိုင်နှုန်းဝန်းကျင် တန်ဖိုးကျသွားပါတယ်။ ကမ္ဘာစီးပွားရေးပျက်ကပ်စိုးရိမ်မှုတွေ၊ တရုတ်နိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက်တွေနဲ့ ယူကရိန်းသီးနှံတွေ ပြန်တင်ဖို့ခွင့်ပြုရေးသဘောတူညီမှုတွေ ဖြစ်ပေါ်နေချိန်မှာ ယခုလို ဈေးတွေ ပြန်ကျလာတာပါ။

'၂၀၂၃ မှာ ဘယ်လိုလာမလဲ'

ကမ္ဘာ့ဂျုံတင်ပို့မှု ဒုတိယအများဆုံး သြစတြေးလျမှာ မကြာသေးခင်က သီတင်းပတ်တွေအတွင်း ရေကြီးရေလျှံ ဖြစ်ပွားကာ ရိတ်သိမ်းဖို့အဆင်သင့်ဖြစ်နေတဲ့ ဂျုံသီးနှံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အာဂျင်တီးနားနိုင်ငံမှာတော့ အလွန်ဆိုးရွားတဲ့ မိုးခေါင်မှုကြောင့် ဂျုံသီးနှံအထွက်နှုန်း ၄၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတလွှားဂျုံဝယ်ယူရရှိနိုင်မှု ကျဆင်းလာပါလိမ့်မယ်။

အမေရိကန်လွင်ပြင်ဒေသကြီးမှာ မိုးနည်းမှုကြောင့် ဆောင်းသီးနှံအနေအထားတွေ ၂၀၁၂ နောက်ပိုင်း အနိမ့်ကျဆုံးဖြစ်နေပြီး ဒါက ၂၀၂၃ ဒုတိယနှစ်ဝက်ရဲ့ ဂျုံရောင်းအားကို ထိခိုက်စေပါလိမ့်မယ်။

ဆန်ဘက်ကို ကြည့်ရင်တော့ ကမ္ဘာ့တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံက ယခုနှစ်အစောပိုင်းမှာ စည်းကြပ်ခဲ့တဲ့ ပို့ကုန်ခွန်တွေ ဆက်လက်ထားရှိနေသေးသရွေ့ ဈေးနှုန်းတွေ ကြီးမြင့်မြဲ ကြီးမြင့်နေဦးမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

"အိန္ဒိယကလွဲလို့ အခြားဆန်တင်ပို့မှုထိပ်သီးနိုင်ငံတွေမှာ ဆန်ရောင်းအား အတော်လေး နည်းပါးနေပါတယ်။ အိန္ဒိယမှာက ပို့ကုန်ခွန်တွေ စည်းကြပ်ထားတော့ ရောင်းချရမှု လျော့နည်းနေပါတယ်" လို့ စင်္ကာပူအခြေစိုက် ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။

"ဆန်တင်သွင်းမှု/တင်ပို့မှု အများဆုံး နိုင်ငံတစ်ခုခုမှာ  မမျှော်လင့်ဘဲ ထွက်နှုန်းထိခိုက်တာမျိုး ကြုံလာရမယ်ဆိုရင် ဆန်ဈေးဟာ အတက်ဘက် ယိမ်းသွားပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။

တောင်အမေရိကတိုက်ရဲ့ ပြောင်းနဲ့ ပဲပုပ်သီးနှံ အလားအလာကို ကြည့်ရင် ၂၀၂၃ နှစ်ဆန်ပိုင်း ပေါ်မဲ့သီးနှံတွေအတွက် ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ပဲပုပ်တင်ပို့မှု ထိပ်သီး ဘရာဇီးနိုင်ငံ ဒေသတချို့မှာ ရာသီဥတုပူပင်းခြောက်သွေ့မှု ကြုံခဲ့ရတာကတော့ စိုးရိမ်စရာအဖြစ် ရှိနေပါတယ်။

ပြောင်း၊ ပဲပုပ်၊ ဂျုံ အပါအဝင် အမေရိကန်ပြည်တွင်းက အဓိကသီးနှံတွေ ရောင်းအားဟာ ၂၀၂၃ ခုနှစ်အထိ ဝယ်လိုအားနဲ့အညီ ဆက်ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဌာန USDA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၃ သီးနှံတွေ မရိတ်သိမ်းရသေးခင်မှာတော့ အမေရိကန်ပြောင်းရောင်းအားဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံး ကျဆင်းနိုင်ပြီး ပဲပုပ်လက်ကျန်က ခုနစ်နှစ်အတွင်း အနိမ့်ဆုံးနဲ့ ဂျုံလက်ကျန်ကတော့ ၁၅ နှစ်အတွင်း အနိမ့်ကျဆုံး ရောက်ရှိမယ်လို့ USDA က ခန့်မှန်းထားပါတယ်။

ကမ္ဘာမှာ အသုံးအများဆုံးစားဆီဖြစ်တဲ့ စားအုန်းဆီဘက်ကို ကြည့်ရင်တော့ အရှေ့တောင်အာရှဒေသအတွင်း အပူပိုင်းမုန်တိုင်းတွေ တိုက်ခတ်မှုနဲ့ ဓာတ်မြေသြဇာ လုံလုံလောက်လောက် မသုံးစွဲနိုင်မှုတို့ကြောင့် ထွက်နှုန်းထိခိုက်တာတွေ ရှိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်  ကောက်ပဲသီးနှံဈေးကောင်းတဲ့အတွက် အိန္ဒိယ၊ တရုတ်၊ ဘရာဇီးတို့လို နိုင်ငံအချို့မှာ တောင်သူလယ်သမားတွေက သီးနှံတိုးချဲ့စိုက်ပျိုးလာကြပါတယ်။

"နိုင်ငံများစွာမှာ သီးနှံစိုက်ပျိုးမှု မြင့်တက်လာပါတယ်။ ဒါပေမဲ့ ဆိုးရွားတဲ့ရာသီဥတုနဲ့ အခြားအကြောင်းတရားတွေကြောင့် အထွက်နှုန်းကတော့ နိမ့်ကျနေဦးမယ်လို့ မျှော်လင့်ပါတယ်။ သီးနှံအထွက်ဟာ နိမ့်ကျသွားတဲ့ ရောင်းအားကို ပြန်လည်ဖြည့်တင်းပေးဖို့ လုံလောက်မှာ မဟုတ်ပါဘူး" လို့ Ole က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Food inflation: Tight grain, oilseed supplies to keep prices elevated - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်