ဆယ်နှစ်တာ တည်ငြိမ်လာတဲ့ ကမ္ဘာ့ဆန်ဈေး အိန္ဒိယပယောဂကြောင့် ပြန်တက်တော့မည်

26/10/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အိန္ဒိယနိုင်ငံ တလောက လုပ်ဆောင်လိုက်တဲ့ ဆန်ပို့ကုန်ပိတ်ပင်မှုတွေဟာ ဆယ်စုနှစ်တစ်ခုကျော် တည်ငြိမ် လာခဲ့တဲ့ ကမ္ဘာ့ဆန်ဈေးတွေကို ပြန်လည်မြင့်တက်လာစေမယ်လို့ ကုန်သည်တွေက ပြောဆိုလိုက်ပါတယ်။

နယူးဒေလီအစိုးရရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်ဟာ အခြားဆန်ထုတ်နိုင်ငံတွေမှာ ထွက်နှုန်းကျဆင်းနေချိန်နဲ့ ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်လာချိန်တို့နဲ့လည်း တိုက်ဆိုင်နေတာပါ။

အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုး မမှန်တာကြောင့် စပါးစိုက်ဧရိယာ ထိခိုက်ကျဆင်းခဲ့အပြီး စက်တင်ဘာလထဲမှာ အစိုးရက ဆန်တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့တာပါ။ ပါကစ္စတန်နိုင်ငံမှာလည်း ဆိုရွားလွန်းတဲ့ ရေကြီးရေလျှံမှုကြောင့် စပါးထွက်နှုန်းတွေ ထိခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်တို့လို ဆန်အများဆုံးတင်သွင်းတဲ့နိုင်ငံတွေမှာတော့ ဆန်စားသုံးမှု မြင့်တက်လျက်ရှိပါတယ်။

ဒါကြောင့်လည်း ၂၀၂၂/၂၃ ရာသီအတွင်း ကမ္ဘာ့ဆန်လိုအပ်ချက်ဟာ ကမ္ဘာ့ဆန်ထုတ်လုပ်မှုထက် ပိုများလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြတာပါ။

ဒါဟာ ဆန်ကို အခြေခံ စားသုံးနေပြီး အချို့ဆိုရင် နိုင်ငံဆန်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်အထိကို တင်သွင်းနေကြရတဲ့ အာရှနဲ့ အာဖရိကနိုင်ငံတွေအတွက် သတင်းဆိုးတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေကျဖြစ်တဲ့ အိန္ဒိယက ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ကာ အခြားဆန်အမျိုးအစားအချို့အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်လိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဆန်ဈေးတွေ ၁၀ ရာခိုင်နှုန်းကျော် ခုန်တက်ခဲ့ပါတယ်။ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) အရင်လက ထုတ်ပြန်တဲ့ ကမ္ဘာ့ဆန်ဈေးနှုန်းညွှန်းကိန်းဟာ လအလိုက် ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ၁၈ လတာအမြင့်ဆုံးအထိ ဆိုက်ရောက်လာပါတယ်။

"နိုင်ငံတကာဆန်ဈေးကွက်မှာ ဈေးတွေတက်နေခဲ့ပြီး နောက်ထပ်လည်း ထပ်မံမြင့်တက်သွားပါဦးမယ်" လို့ အိန္ဒိယဆန်လုပ်ငန်း Olam India ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Nitin Gupta က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက အစိုးရအသီးသီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်ငန်းနဲ့ ကုန်စည်စီးဆင်းမှုကွင်းဆက် ပြတ်တောက်ခဲ့ပြီးနောက်ပိုင်း ကြီးမြင့်လာတဲ့ စားသောက်ကုန်ဈေးတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ ဒါ့အပြင် ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုလိုက်တဲ့အတွက် စားသောက်ကုန် တန်ချိန်သန်းပေါင်းများစွာဟာ ကမ္ဘာ့ဈေးကွက်ထဲကို မဝင်နိုင်ဖြစ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာ ကုန်ဈေးနှုန်းတွေကို စံချိန်တင် မြင့်တက်စေခဲ့ပြန်ပါတယ်။

ဒီလိုအခြေအနေ ရှိနေတာတောင် အိန္ဒိယပို့ကုန်ပိတ်ပင်မှု မလုပ်သေးခင် လတွေတုန်းက အာရှဆန်လုပ်ငန်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဆန်လက်ကျန်များနေလို့ ဆန်ဈေး ဆက်လက်တည်ငြိမ်နေဦးမယ်လို့ ပြောဆိုလာခဲ့ကြပါတယ်။

ဆန်ဟာ ဂျုံနဲ့ မတူဘဲ ယူကရိန်း-ရုရှားစစ်ပွဲရဲ့ ရိုက်ခတ်မှု နည်းပါးခဲ့တာဟာ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံလုံးက ဆန်အကြီးအကျယ် ထုတ်လုပ်သူတွေ မဟုတ်ကြလို့ပါ။ နောက်ပြီး ကိုဗစ်-၁၉ ကြောင့် စားသောက်ကုန်တွေ ပြတ်တောက်ခဲ့ချိန်တုန်းကလည်း ဆန်ဟာ တခြားကုန်တွေနဲ့စာရင် ရောင်းအား ပိုမိုတည်ငြိမ်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ထိုင်း၊ ဗီယက်နမ်တို့လို ဆန်တင်ပို့မှုထိပ်တန်းနိုင်ငံတွေဆီမှာ အိန္ဒိယပို့ကုန်ပိတ်လိုက်တာနဲ့ နေရာအနှံ့ ဆန်စပါးအထွက်ကျဆင်းတာကနေ ဖြစ်ပေါ်လာမဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဆန် လုံလုံလောက်လောက် ရှိမနေကြပါဘူး။ ကမ္ဘာ့ဆန်လက်ကျန်စာရင်းဟာ လာမဲ့ ၂၀၂၃ ခုနှစ်မှာ ငါးနှစ်ထက်မနည်းအတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားနိုင်တယ်လို့ ဆန်ကုန်သည်ကြီး သုံးယောက်က သုံးသပ်ပါတယ်။

"အိန္ဒိယဟာ ကမ္ဘာ့ဆန်အရောင်းအဝယ် ၄၀ ရာခိုင်နှုန်းလောက်ကို လက်ဝါးကြီးအုပ်ထားတာဆိုတော့ အခြားနိုင်ငံတွေအနေနဲ့ အိန္ဒိယပို့ကုန်ကျလာချိန်နဲ့ ဝယ်လက်နိုင်ငံတွေဆီက ဝယ်လိုအား တက်လာချိန်မှာ အစားထိုးဖြည့်ဆည်းပေးနိုင်ဖို့ မလွယ်ကူပါဘူး" လို့ Gupta က ပြောပါတယ်။

'ထွက်နှုန်းခန့်မှန်းချက်များ နိမ့်ကျလာ'

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ကတော့ ၂၀၂၂/၂၃ ရာသီ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ လေးနှစ်အတွင်း အနိမ့်ကျဆုံးအဖြစ် တန်ချိန် ၅၀၈ သန်းသာ ရှိနိုင်မယ်လို့ လျှော့ချခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့ တစ်လအကြာက ယခုနှစ် ဆန်အထွက် တန်ချိန် ၅၁၂ သန်းရှိမယ်လို့ USDA က ခန့်မှန်းခဲ့တာပါ။

ဒါပေမဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်လို နိုင်ငံတွေမှာ ပြင်းထန်တဲ့ မိုးလေဝသအခြေအနေတွေကြောင့် သီးနှံအထွက် ထိခိုက်တဲ့အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ တန်ချိန် သန်း ၅၀၀ ဝန်းကျင်ထိတောင် ကျဆင်းလာနိုင်တယ်လို့ ထိပ်တန်းဆန်လုပ်ငန်းကြီးအချို့က ခန့်မှန်းထားပါတယ်။

အိန္ဒိယမှာ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် စပါးအစိုက် နောက်ကျခဲ့ပြီး တောင်သူအချို့ဆိုရင် လုံးလုံး မစိုက်ဘဲတောင် နေခဲ့ကြပါတယ်။ ဒီနောက်ပိုင်း စပါးခင်းတွေ ရင့်မှည့်ချိန်မှာ သည်းထန်တဲ့မိုးကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့ရပြီး စားသောက်ကုန်ဈေး ကြီးမြင့်လာမဲ့အရေး စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီ အိန္ဒိယမိုးစပါး ဆန်အထွက်ဟာ ခြောက်ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁၀၅ အထိ လျော့နည်းနိုင်တယ်လို့ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကတော့ ထွက်နှုန်းဟာ တန်ချိန် ၁၀၀ အထိ နိမ့်ကျလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဆန်စားသုံးမှုအများဆုံး တရုတ်နိုင်ငံမှာ အပူချိန်မြင့်မားတာနဲ့ စပါးစိုက်ဒေသအချို့ မိုးခေါင်တာတွေကြောင့် ယခုနှစ် ဆန်ထုတ်လုပ်မှု နှစ်အလိုက် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၂၀၆ သန်းသာ ရှိနိုင်မယ်လို့ အတိုင်ပင်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ Shanghai JC Intelligence Co Ltd က ထုတ်ပြန်ထားပါတယ်။

ဒါဟာ မနှစ်ကနဲ့ယှဉ်ရင် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ မနှစ်တုန်းကတော့ အိန္ဒိယဟာ ပြိုင်ဘက်တွေထက် ၃၀ ရာခိုင်နှုန်း ချိုသာတဲ့‌ဈေးနဲ့ ဆန်တန်ချိန် ၂၁ ဒသမ ၂ သန်းအထိ စံချိန်တင် တင်ပို့ရောင်းချခဲ့ပါတယ်။ ဒါကြောင့် သီးနှံရောင်းအား အလျင်မမီမှုတွေကြောင့် အခြားစားသောက်ကုန်ဈေးတွေ တက်နေချိန်မှာတောင် ကမ္ဘာ့ဆန်ဈေးတွေ မတက်အောင် ထိန်းထားနိုင်ခဲ့တာပါ။

စက်တင်ဘာလ ပို့ကုန်ပိတ်ပင်မှုအပြီး အိန္ဒိယဆန်တင်ပို့ပမာဏဟာ ယခုနှစ်မှာ လေးပုံတစ်ပုံဝန်းကျင် ကျဆင်းလာဖို့ရှိပါတယ်။

'အထွက်ကျဆင်းမှုများနှင့် အာရှ'

ဆန်ထုတ်လုပ်မှုထိပ်သီးနိုင်ငံ အားလုံးနီးပါးဟာ ထွက်နှုန်း ကျဆင်းမဲ့အရေး စိတ်ပူနေကြရပြီး ကမ္ဘာ့ဆန်လိုအပ်ချက်က ဆန်ရောင်းလိုအားထက် ပိုများမယ်လို့ အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ B.V. Krishna Rao က ပြောပါတယ်။

အိန္ဒိယက ပို့ကုန်ပိတ်ပင်လိုက်တဲ့အတွက် ပြိုင်ဘက်တွေ ဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာတို့ရဲ့ ဆန်ရောင်းအားကို မြင့်တက်သွားစေကြောင်း၊ ဒါပေမဲ့ သူတို့မှာလည်း ပြည်ပတင်ပို့ဖို့ရာအတွက် ပိုလျှံဆန် အကန့် အသတ်နဲ့သာ ရှိကြောင်း Rao က ပြောပါတယ်။

ဗီယက်နမ်ရဲ့ စပါးအထွက်နှုန်းကတော့ ယခင်နှစ်အတိုင်း အတက်အကျ မရှိဘဲ တန်ချိန် ၄၃ သန်း ရှိနိုင်မယ်လို့ အစိုးရ ထုတ်ပြန်ခန့်မှန်းချက်တွေအရ သိရပါတယ်။

အိမ်နီးချင်း ထိုင်းကတော့ ယခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ဖို့ ရည်ရွယ်ထားတာကြောင့် အရင်နှစ်ရဲ့ မျှော်မှန်းချက် တန်ချိန် ခုနစ်သန်းထက် ခုနစ်ရာခိုင်နှုန်း ပိုများလာမယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ပြောပါတယ်။

ဗီယက်နမ်၊ ထိုင်း နှစ်နိုင်ငံပေါင်းရင်တောင် အိန္ဒိယ မတင်ပို့တော့လို့ ဖြစ်ပေါ်လာတဲ့ ဟာကွက်ကို ဖြည့်ဆည်းစရာအဖြစ် တန်ချိန်နှစ်သန်းထက် မများတဲ့ ပမာဏကိုသာ အပိုဆောင်း ရောင်းချပေးနိုင်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာတော့ စံချိန်တင်ရေကြီးရေလျှံမှုကြောင့် စပါးသီးနှံတွေ ပျက်စီးခဲ့တဲ့အတွက် အိန္ဒိယပို့ကုန်ပိတ်ပင်မှုကို အခွင့်ကောင်းယူနိုင်မှာ မဟုတ်ပါဘူး။ ယခုနှစ် ပါကစ္စတန်ဆန်ထုတ်လုပ်မှုဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၇ ဒသမ ၄ သန်းသာ ရှိနိုင်မယ်လို့ USDA ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယနည်းတူ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်တို့လို ဆန်ထုတ်လုပ်တဲ့ အခြားအာရှနိုင်ငံတွေမှာလည်း မိုးခေါင်၊ ရေကြီး၊ တိုင်ဖွန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်းတို့လို မိုးလေဝသအခြေအနေတွေကြောင့် သီးနှံတွေ ထိခိုက်ခဲ့ရပါတယ်။

"အာရှတိုက်အတွင်းက ထူးခြားတဲ့ ဖြစ်ရပ်ပေါင်းစုံဟာ ကမ္ဘာ့ဒေသများစွာမှာရှိနေတဲ့ စားသုံးသူတွေအပေါ် ဆိုးဆိုးရွားရွား ရိုက်ခတ်ပါမယ်။ ဆင်းရဲသားတွေအနေနဲ့ ဈေးပိုကြီးတဲ့ အကောင်းစားဆန်တွေကို ဝယ်ချင်ဝယ်၊ မဝယ်ရင်တော့ ဆန်မရှိဘဲ စခန်းသွားရမယ်။ သူ့တို့အတွက် ရွေးချယ်စရာ မလွယ်ကူလှဘူး" လို့ အိန္ဒိယအကြီးဆုံးဆန်တင်ပို့လုပ်ငန်းရဲ့ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal လို့ ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Analysis: India rice export curbs to end a decade of price stability

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်